SJ WorldNews - шаблон joomla Авто

မိခင်နို့လုံလောက်စွာ တိုက်ခြင်းက တစ်ရက်လျှင် ဒေါ်လာတစ်ဘီလီယံခန့် သက်သာစေ

Saturday, 13 July 2019 14:50 font size decrease font size decrease font size increase font size increase font size

မိခင်နို့လုံလောက်စွာ တိုက်ကျွေးခြင်းက ကမ္ဘာ့စီးပွားရေးတွင်   နေ့စဉ်အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် သက်သာစေကြောင်း သုတေသနပညာရှင်များက တွေ့ရှိထားသည်။ ထိုသို့မဟုတ်ပါက ကုန်ထုတ်လုပ်မှု ကျဆင်းပြီး ကျန်းမာရေးကြောင့် ငွေကြေးကုန်ကျမှုကို ပိုဖြစ်စေနိုင်သည်။

မိခင်များသည် ကလေးများကိုမွေးကင်းစမှစ၍  အသက်ခြောက်လအထိ  မိခင်နို့တစ်မျိုးတည်းသာ တိုက်ရန်နှင့်  ခြောက်လနောက်ပိုင်းတွင်  အခြားဖြည့်စွက်စာ များနှင့်ရော၍  အသက်နှစ်နှစ်အထိ  မိခင်နို့ဆက်တိုက်ရန်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြု ထောက်ခံထားသည်။

မိခင်နို့တိုက်ပါက မွေးကင်းစကလေးများကို အများဆုံး သေဆုံးစေသည့် ဝမ်းလျှောခြင်းနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုတို့ကို တားဆီးနိုင်ပြီး  မိခင်များအတွက်မူ  သားအိမ်နှင့်ရင်သားကင်ဆာတို့ကို ကာကွယ်ရာရောက်သည်။ သို့သော်  ကလေးအသက်ခြောက်လအထိ မိခင်နို့တိုက်သည်မှာ တစ်ကမ္ဘာလုံးတွင် ၄ဝ ရာခိုင်နှုန်းသာရှိပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်ကိုသာ လိုက်နာပါက တစ်နှစ်လျှင်ကလေးငယ် ၈၂ဝဝဝဝ သေဆုံးမှုကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

မိခင်နို့တိုက်ခြင်းကို   အဟန့်အတားဖြစ်စေသည့် အရာများမှာ   လိုအပ်သည့် ထောက်ပံ့မှုမရှိမှု၊ လုပ်ငန်းခွင်၌ အားလပ်ချိန်မရှိမှု၊ ဖော်မြူလာနို့မှုန့်များ၏ ကြောက်စရာကောင်းသော ဈေးကွက်ချဲ့ထွင်မှုနှင့် ကလေးကို လူမြင်ကွင်းတွင် နို့တိုက်ခြင်းက ကောင်းမွန်သည့် လုပ်ရပ်မဟုတ်ဟု တံဆိပ်ကပ်ခံရမှုတို့ကြောင့်ဖြစ်သည်။ ကနေဒါနှင့်အာရှဒေသမှ  သုတေသနပညာရှင်များ၏ လေ့လာချက်အရ မိခင်များအနေဖြင့် ကလေးများကို ကာလကြာမြင့်စွာ နို့တိုက်ကျွေးပါက ကလေးများအရွယ်မတိုင်မီသေဆုံးမှုနှင့်    အခြားသော ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် ဒေါ်လာ ၃၄၁ ဘီလီယံ သက်သာစေကြောင်း ၄င်းတို့၏ ဝက်ဆိုက်အသစ်ဖြစ်သည့် Cost of Not Breast-feeding တွင် ဖော်ပြထားသည်။

ထိုဝက်ဆိုက်ကို အမေရိကန်အခြေစိုက် မိခင်နှင့်ကလေး  အာဟာရလုပ်ငန်းအဖွဲ့ဖြစ်သည့် Alive & Thrive အဖွဲ့၏ အချက်အလက်များ အသုံးပြု၍ ခြောက်နှစ်တာလေ့လာပြီးနောက် ပြုလုပ်ထားခြင်းဖြစ်သည်။ မူဝါဒချမှတ်သူများ အနေဖြင့် မိခင်နို့တိုက်ခြင်းကို ကောင်းစွာမကျင့်သုံးသည့် နိုင်ငံများရှိ စီးပွားရေးအရ ဆုံးရှုံးမှုများကို တိုင်းတာရာတွင်   အဆိုပါဝက်ဆိုက်က အထောက်အကူပေးမည်ဟု  နိုင်ငံပေါင်း ၁ဝဝ ကျော်ပါဝင်သည့် ယခုသုတေသနကို ဦးဆောင်သူ ဒိုင်လန်ဝေါတာက ပြောသည်။

မိခင်နို့တိုက်ခြင်းသည် လူ့အခွင့်အရေး တစ်ခုဖြစ်ပြီး အသက်များကို ကယ်ဆယ်နိုင်ကာ စီးပွားရေးအရ ချမ်းသာကြွယ်ဝမှုကိုလည်း  တိုးမြင့်စေသည်ဟု  ကနေဒါနိုင်ငံ အခြေစိုက် စီးပွားရေးဆိုင်ရာ ကျန်းမာရေး ကျွမ်းကျင်သူ  ဒိုင်လန်ဝေါတာက  မိခင်နို့တိုက်ခြင်း၏ အရေးကြီးမှုနှင့် ပတ်သက်၍ ပြောသည်။

သြဂုတ် ၁ ရက်တွင်စတင်ကျရောက်မည့် ကမ္ဘာ့နို့ချိုတိုက်ကျွေးခြင်း ရက်သတ္တပတ် မတိုင်မီ နိုင်ငံအများအပြားအနေဖြင့် မိခင်များက ကလေးများကို နို့ချိုပိုမိုတိုက်ကျွေးနိုင်ရန်အတွက် လိုအပ်သောမူဝါဒများကို ချမှတ်နိုင်မည်ဟု သုတေသနပညာရှင်များက မျှော်လင့်ထားသည်။    ထိုမူဝါဒများတွင် လုပ်ငန်းခွင်များ၌  မိခင်များ နို့တိုက်နိုင်စေရန် စီမံပေးမှု၊   ဖော်မြူလာနို့မှုန့်ဈေးကွက်ကို အာဏာသုံးနှိပ်ကွပ်မှုနှင့် လုံလောက်သော မီးဖွားခွင့်ပေးမှုတို့လည်း ပါဝင်သည်။

  Ref: Today

Read 31 times Last modified on Saturday, 13 July 2019 14:51