SJ WorldNews - шаблон joomla Авто

ကုန်ကျစရိတ်အနည်းဆုံးနှင့် ထိရောက်မှုအရှိဆုံး တိုက်ခိုက်မှုနည်းလမ်းသုံးမည့်ရုရှား

Sunday, 14 July 2019 08:28 font size decrease font size decrease font size increase font size increase font size

စစ်ရေးနည်းပညာ

အသေးစားမောင်းသူမဲ့လေယာဉ်များ တစ်နည်းအားဖြင့် ဒရုန်းများကို အပျော်တမ်းကစားသည့်အဆင့်မှ တဖြည်းဖြည်း အဆင့်မြှင့်တင်ကာ စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ စသည့်နယ်ပယ်စုံတွင် အသုံးပြုနေပြီဖြစ်သည်။ အလားတူ နိုင်ငံတကာရှိ တပ်မတော်များကလည်း အသုံးပြုလျက်ရှိသည်။ အဓိကအသုံးပြုသည့်နေရာများမှာ ကင်းထောက် လုပ်ငန်းတွင်သာ ဖြစ်သည်။ သို့သော် ရုရှားတပ်မတော်ကမူ ဒရုန်းများကိုတိုက်ခိုက်ရေး ဘက်တွင်ပါ အသုံးပြုရန်စီစဉ်လာသည်။ အသုံးပြုမည့်ပုံစံမှာ တန်ဖိုးနည်းဒရုန်းများတွင် အသေးစားဗုံးများကိုတပ်ဆင်ကာ ရန်သူ့ပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါနည်းလမ်းကို ကနဦးအသုံးပြုသူများမှာ အရှေ့အလယ်ပိုင်းဒေသရှိ စစ်သွေးကြွများဖြစ်သည်။ ထိုနည်းဖြင့်တိုက်ခိုက်မှုကို    အရှေ့အလယ်ပိုင်း၌ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် ရုရှားစစ်ဘက်တပ်ဖွဲ့များက ကြုံတွေ့ပြီးဖြစ်သည်။ စစ်သွေးကြွ များသည် ဒရုန်းတစ်ဒါဇင်ကျော်တွင်   ဖောက်ခွဲရေးပစ္စည်းများတင်ကာ စေလွှတ်လိုက်ပြီး  ထိုဒရုန်းများအနက် အချို့ကိုသာ လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေးတို့ဖြင့်  ချေမှုန်းလိုက်နိုင်သည်။ အချို့မှာ ပစ်မှတ်ကိုလာရောက်ထိမှန်သည်။ မေလအတွင်း ပါလက်စတိုင်း စစ်သွေးကြွများက ဂါဇာနယ်စပ်ရှိ အစ္စရေးတို့၏တင့်များအပေါ် ဒရုန်းများမှနေ၍ ဗုံးများဖြုတ်ချမှုလုပ်ဆောင်သည့်ဗီဒီယိုမှာ နိုင်ငံတကာရှိ တပ်မတော်များ၏စိုးရိမ်မှုများကို  မြင့်တက် လာစေသည်။ အထူးသဖြင့် စစ်သွေးကြွများက လေယာဉ်များနှင့်လူများသောနေရာများကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်လာနိုင်ခြင်း ဖြစ်သည်။ အဆိုပါဒရုန်းများက အုပ်စုဖွဲ့ပုံစံဖြင့်ပျံသန်း လာခြင်းဖြစ်သည့်အတွက် ဒရုန်းတစ်စင်းစီကို ခြေရာခံရန်နှင့် ဒရုန်းအားလုံးကိုပစ်ချရန် အချိန်မလုံလောက်ပေ။ အကယ်၍  ဒရုန်းအုပ်စုထဲမှ ဒရုန်းတစ်စင်းကိုသာ လေကြောင်းရန် ကာကွယ်ရေးစနစ်က လွတ်သွားပါက ကြီးမားသည့်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေမည်ဖြစ်သည်။ ရုရှားကမူ ထိုဒရုန်းများတွင် ပစ်မှတ်ကို တိကျစွာထိမှန်နိုင်စွမ်းရှိသော ဗုံးအသေးစားများကို တပ်ဆင်အသုံးပြုမည်ဖြစ်သည်။ ထို့အတွက် လိုအပ်သည့်ဗုံးများကိုလည်း ထုတ်လုပ်ထားပြီးဖြစ်ကြောင်း၊ ဒရုန်းများကိုလည်း ဗုံးသယ်ဆောင်နိုင်သည့် ဒရုန်းများဖြစ်စေရန် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကပြောသည်။ လက်ရှိတွင် ဒရုန်းတစ်စင်းသည် အလေးချိန် ၁ ကီလိုဂရမ်အထိသာရှိသည့် လက်ပစ်ဗုံးအရွယ်ဗုံးတစ်လုံးကိုသာ သယ်ဆောင်နိုင်ဦးမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ကီလိုဂရမ် ၂ဝ အထိသယ်ဆောင်နိုင်စေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပြီး သောဒရုန်းများကို   တပ်မတော်တစ်ရပ်လုံးတွင်  ဖြန့်ကြက်အသုံးပြု သွားမည်ဖြစ်သော်လည်း အထူးတပ်ဖွဲ့များထံဦးစားပေး ထုတ်ပေးသွားမည်ဖြစ်သည်။

Read 26 times Last modified on Sunday, 14 July 2019 08:30