SJ WorldNews - шаблон joomla Авто

နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်မစတင်မီ ထပ်မံထွက်ပေါ်လာသည့် ဒုံးကျည်စမ်းသပ်မှု

Monday, 26 August 2019 09:16 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားနှင့်  အမေရိကန်တို့ကြား ရပ်တန့်နေခဲ့သည့်   နျူကလီးယား ကင်းစင်ရေးဆွေးနွေးပွဲများ    ပြန်လည်မစတင်မီ    မြောက်ကိုရီးယားနိုင်ငံကတာတိုပစ်ဒုံးကျည်နှစ်စင်းကို   သြဂုတ်၂၄ ရက် နံနက်ပိုင်းက စမ်းသပ်ပစ်ခတ်ခဲ့ သည်ကိုတွေ့ရသည်။

ယခုလုပ်ဆောင်ခဲ့သည့်     ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုသည် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကြား ဇွန်လအတွင်း    တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်၌ တွေ့ဆုံ ပြီး နောက်ပိုင်း မြောက်ကိုရီးယားက သတ္တမအကြိမ်အဖြစ် လုပ်ဆောင်သည့် စမ်းသပ်မှုဖြစ်သည်။

မြောက်ကိုရီးယားက နောက်ဆုံးလုပ်ဆောင်ခဲ့သည့်   ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ သတိထားမိကြောင်း အမေရိကန်အစိုးရအဖွဲ့မှ အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သော်လည်း တခြားထူးထူးထွေထွေပြောဆိုခဲ့ခြင်းမရှိပေ။  ထို့ပြင် အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနှင့်     ရင်းနှီးဖော်ရွေသော ဆက်ဆံရေးရှိကြောင်းနှင့်   ခေါင်းဆောင် ကင်သည် မိမိနှင့်ဆက်ဆံရာတွင် ပွင့်လင်းရိုးသားစွာ  ဆက်ဆံတတ်သူဖြစ်ကြောင်း ထရမ့်က   အိမ်ဖြူတော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကိုပြောသည်။

ထရမ့်၏   အဆိုပါပြောဆိုချက်သည်မြောက်ကိုရီးယားက ယခုလုပ်ဆောင်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုပြီးဆုံးပြီးနောက် ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုတစ်ကြိမ်စမ်းသပ်ပစ်ခတ်ခဲ့သည့် ဒုံးကျည်များသည် အမြင့် ၉၇ ကီလိုမီတာမှ ပျံသန်းကာ အကွာအဝေး ၃၈ဝ ကီလိုမီတာအထိ ရောက်ရှိခဲ့သည်။

သို့ရာတွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုအပေါ်  အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဂျပန်နိုင်ငံက  ၄င်းတို့၏စိုးရိမ်မှုကို  ပြသခဲ့သည်။  မြောက်ကိုရီးယားကလုပ်ဆောင်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှု များသည် ကုလသမဂ္ဂဆုံးဖြတ်ချက်များကို     ချိုးဖောက်ခြင်းဖြစ်သောကြောင့် လျစ်လျူရှု၍မရနိုင်ကြောင်း   ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီး တာကေရှီအီဝါယာ ကပြောကြားသည်။

သို့သော် မြောက်ကိုရီးယားက ပစ်ခတ်စမ်းသပ်လိုက်သည့် အဆိုပါဒုံးကျည်များသည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်ပြင်ပသို့ ကျရောက်ခဲ့သောကြောင့် နိုင်ငံအတွက် ခြိမ်းခြောက်မှုမရှိကြောင်း ၄င်းကဆက်လက်ပြောသည်။

မြောက်ကိုရီးယားက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌  ကျင်းပခဲ့သည့်  ဒုတိယအကြိမ်မြောက်     ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးချိန်မှစ၍ ဒုံးကျည်စမ်းသပ်မှုများကို ထပ်တလဲလဲ လုပ်ဆောင်ခဲ့သော်လည်း  ခေါင်းဆောင်ကင်သည် အမေရိကန်ပြည်ထောင်စုနှင့် ခင်မင်ရင်းနှီးသောဆက်ဆံရေးရှိသည်ဟု   ထရမ့်က     ချီးမွမ်းပြောဆိုခဲ့ခြင်းကြောင့် အမေရိကန်အစိုးရသည် မြောက်ကိုရီးယားနှင့် စေ့စပ်ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် စိတ်အားထက်သန်မှုကို ပြသလျက်ရှိသည်ဟု ဆိုနိုင်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

Ref: Press TV, Reuters

Read 19 times Last modified on Monday, 26 August 2019 09:19