SJ WorldNews - шаблон joomla Авто

အငြင်းပွား ကျွန်းများအား ပိုင်ဆိုင်သည်ဟု ပြောဆိုခြင်းကို မရုပ်သိမ်းပါက နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းနိုင်ဟု တောင်ကိုရီးယားက ဂျပန်ကို သတိပေး

Wednesday, 09 August 2017 08:18 font size decrease font size decrease font size increase font size increase font size

ဆိုး သြဂုတ် ၈

ပိုင်နက် အငြင်းပွားနေသည့် ဂျပန်ပင်လယ်အတွင်းရှိ ကျွန်းများအား ပိုင်ဆိုင်သည်ဟု ပြောဆိုထားသည့် ပြောဆိုချက်ကို ရုပ်သိမ်းခြင်း မရှိပါက နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာ ဖွယ်ရှိသည်ဟု တောင်ကိုရီးယားက ဂျပန်ကို သြဂုတ် ၈ ရက်တွင် သတိပေးလိုက်သည်။

နှစ်နိုင်ငံပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဒေါ့ဒိုကျွန်းများသည် ဂျပန်နိုင်ငံပိုင် ဖြစ်သည်ဟူသော ဂျပန်အစိုးရ၏ ထပ်တလဲလဲ ပြောဆိုချက်ကို တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်လိုက်ပြီး အဆိုပါ ပြောဆိုမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးကို လျော့ပါးစေဖွယ် ရှိသည်ဟု သတိပေးခြင်းဖြစ်သည်။ ဂျပန် အစိုးရသည် သြဂုတ် ၈ ရက် အစောပိုင်းတွင် ထုတ်ပြန်လိုက်သည့် ၂ဝ၁၇ ခုနှစ်အတွက် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူ စာတမ်း၌ တာကေရှီးမားဟု ဂျပန်နိုင်ငံက အမည်ပေးထားသည့် အငြင်းပွား ကျွန်းများမှာ ၎င်းတို့၏ ပိုင်နက်အတွင်း ရှိသည်ဟု ဖော်ပြပြီးနောက် တောင်ကိုရီးယား၏ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ပြင် ဒေါ့ဒိုကျွန်းများသည် ၎င်းတို့၏ ပိုင်နက်အတွင်း ရှိသည်ဟူသော ပြောဆိုချက်ကို ချက်ချင်း ရုပ်သိမ်းပေးရန် တောင်ကိုရီးယားက ဂျပန်ကို တောင်းဆိုထားသည်။ ဒေါ့ဒိုကျွန်းများသည် သမိုင်းကြောင်း၊ ပထဝီ အနေအထားနှင့်   နိုင်ငံတကာ ဥပဒေအရ တောင်ကိုရီးယား ပိုင်နက်အတွင်းရှိ ကျွန်းများဖြစ်ပြီး ယင်းကျွန်းများနှင့် စပ်လျဉ်း၍ ပြုလုပ်လာသည့် ရန်စမှုကို တင်းမာစွာ တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယားက ဆိုသည်။

တောင်ကိုရီးယား အစိုးရသည် အဆိုပါ ကျွန်းများ၌ ယခုနှစ်ဇွန်လတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုများ အပေါ် ဂျပန်အစိုးရက ကန့်ကွက်ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် ကိုရီးယား ကျွန်းဆွယ်အား ၂ဝ ရာစုအတွင်း သိမ်းပိုက်ပြီးနောက် ဒေါ့ဒိုကျွန်းများကို ၎င်းတို့ ပိုင်နက်အတွင်းသို့ သွတ်သွင်းလိုက်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက ပြောသည်။ အဆိုပါ ကျွန်းများသည် လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း သိရသည်။

Read 393 times Last modified on Wednesday, 09 August 2017 08:18