SJ WorldNews - шаблон joomla Авто

တင်းမာမှုများ ပြန်လည်မြင့်တက်စေနိုင်သည့် နျူကလီးယား သဘောတူညီချက် ပယ်ဖျက်ရေး အစီအစဉ်

Sunday, 15 October 2017 16:18 font size decrease font size decrease font size increase font size increase font size

အီရန်၏ နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဟာဗျူဟာသစ်တစ်ရပ်ကို ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် အီရန်တို့ကြား ချမှတ်ထားသည့်

နျူကလီးယား သဘောတူညီချက်ကို လျော့ပါးစေမည့် အလားအလာများထွက်ပေါ်လာသည်ကို တွေ့ရသည်။ အီရန်အစိုးရသည် အင်အားကြီး  ခြောက်နိုင်ငံ(P5+1)နှင့် အီရန်တို့ ပူးပေါင်းချမှတ်ထားသော ကျယ်ပြန့်သည့် ပူးပေါင်းလုပ်ဆောင်ရေး အစီအစဉ်(JCPOA)ကို လိုက်နာခြင်းမရှိဟု အမေရိကန်ပြည်ထောင်စုက တရားဝင်ထုတ်ပြန်မည် မဟုတ်ကြောင်း ပြောကြားထားသည်။ ထို့ပြင် အကြမ်းဖက်အဖွဲ့ အစည်းများကို အထောက် အပံ့ပေးနေသည် ဟူသောစွပ်စွဲချက်ဖြင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့အပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနကို ထရမ့်က အမိန့်ပေးညွှန်ကြားခဲ့သည်ကို  တွေ့ရသည်။ စင်စစ်တွင် ထရမ့်သည် အင်အားကြီးနိုင်ငံများနှင့် အီရန်တို့ကြား ချမှတ်ခဲ့သည့် သဘောတူညီချက်ကို ပယ်ဖျက်လိုသည့်ဆန္ဒရှိနေသည်ဟု သုံးသပ်သူများကဆိုသည်။  ထို့ပြင်  အီရန်သည် မြောက်ကိုရီးယားနိုင်ငံနှင့် အဆက်အသွယ်ရှိသည်ဟု အမေရိကန်အစိုးရက ယုံကြည်နေသည်။ သို့ရာတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် အီရန်၏နျူကလီးယား သဘောတူညီချက်အတွင်း ဆက်လက်ပါဝင်ရန်နိုင်ငံအတွင်းမှ  အဆင့်မြင့် အရာရှိကြီးတချို့က ထရမ့်အား ဖျောင်းဖျလျက်ရှိသည်။ အကြောင်းမှာ အမေရိကန်အနေဖြင့် သဘောတူညီချက်မှ ထွက်ခွာသွားမည်ဆိုပါက ဆိုးကျိုးကိုသာ ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းအဆင့်မြင့်အရာရှိကြီးများက ယူဆသောကြောင့် ဖြစ်သည်။ သို့သော် အီရန်သည် ¤င်းတို့၏ နျူကလီးယား အစီအစဉ်နှင့် ဒုံးကျည်နည်းပညာများ တိုးတက်လာစေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည် ဟူသော သတင်းများက ထရမ့်၏သဘောထားကို ပိုမိုတင်းမာလာစေခဲ့သည်။ ထို့ပြင် ဆီးရီးယားပြည်တွင်းစစ်ပွဲအတွင်း ကြီးထွားလာသည့် အီရန်၏စစ်ရေးနှင့် နိုင်ငံရေးအရ လွှမ်းမိုးမှုများသည်ထရမ့်၏ သဘောထားကို ပျော့ပျောင်းလာစေရန် အထောက်အကူပြုနိုင်ခြင်း မရှိပေ။

တစ်ချိန်တည်းမှာပင် နျူကလီးယား သဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စုက လျော့ပါးအောင်လုပ်ဆောင်မည် ဆိုပါက အီရန်အနေဖြင့် အကျိုးစီးပွားအတွက် တုံ့ပြန် သွားမည်ဟုဆိုထားသည်။ အလားတူ ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် အီရန်တို့ချမှတ်ထားပြီး ကုလသမဂ္ဂအဖွဲ့က ထောက်ခံထားသည့် နိုင်ငံတကာ သဘောတူညီချက်တစ်ရပ်ဖြစ်သည့် နျူကလီးယား သဘောတူညီချက်ကို မည်သည့်နိုင်ငံ သမ္မတတစ်ဦး၊ တစ်ယောက် ကမျှပြန်လည်ရုပ်သိမ်းခွင့် မရှိဟု အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ပြောကြားထားသည်။

အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် သဘောတူညီချက်ကို အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက် ၂ဝ၁၅ ခုနှစ်က ချမှတ်ထားခြင်းဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများ၌ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊တရုတ်နှင့် ဂျာမနီတို့ ပါဝင်သည်။ ထို့ပြင် အဆိုပါသဘောတူညီချက်ကို ဥရောပသမဂ္ဂအဖွဲ့ကလည်း အသိ အမှတ်ပြုထားသည်။ အလားတူ အီရန်နျူကလီးယား သဘောတူညီချက်ကို ပယ်ပျက်အောင် လုပ်ဆောင်ခြင်းသည် အပြုသဘောမဆောင်သည့် ရလဒ်များကို ဖန်တီးလာနိုင်ကြောင်း ကျွမ်းကျင်သူများနှင့် သုံးသပ်သူများက ဆိုထားခြင်းကြောင့် ထရမ့်အနေဖြင့် သဘောတူညီချက်ပယ်ပျက်စေရေး အဆိုပါသဘောတူညီမှ ထွက်ခွာရန်  ရှေ့ဆက်တိုး လုပ်ဆောင်မည်ဆိုပါက အီရန်နှင့် အမေရိကန်အစိုးရတို့ကြား တင်းမာမှုများမှာ တစ်ဖန်ပြန်လည် မြင့်တက်လာဖွယ် ရှိသည်။                          

 

Read 355 times Last modified on Sunday, 15 October 2017 16:19