SJ WorldNews - шаблон joomla Авто

မာရာဝီမြို့တွင် စစ်သွေးကြွများက အစိုးရ တပ်ဖွဲ့ဝင်များကို အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိ

Monday, 16 October 2017 09:19 font size decrease font size decrease font size increase font size increase font size

မနီလာ အောက်တိုဘာ ၁၅

ဖိလစ်ပိုင်အစိုးရ တပ်ဖွဲ့က နိုင်ငံတောင်ပိုင်းရှိ IS စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွများ သိမ်းပိုက်ထားသည့် မာရာဝီမြို့ကို ပြန်လည် ရယူနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်နေစဉ် ၎င်းစစ်သွေးကြွ များကလည်း အစိုးရ တပ်ဖွဲ့ဝင်များကို အပြင်းအထန် ပြန်လည်ခုခံ တိုက်ခိုက်လျက်ရှိကြောင်း အစိုးရ တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ရိုမီယိုဘရော်နာက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။

မာရာဝီမြို့ကို စစ်သွေးကြွများလက်မှ မကြာမီ ပြန်လည် ရယူနိုင်တော့မည် ဖြစ်ကြောင်း၊ ထိုသို့ ရယူနိုင်ရန် အစိုးရ တပ်ဖွဲ့ဝင် အားလုံးက အမြန်ဆုံးနှင့် အကောင်းဆုံး ကြိုးပမ်းလျက် ရှိကြောင်း ဘရော်နာက မာရာဝီမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ အစိုးရ တပ်ဖွဲ့ဝင်များသည် မော့စစ်သွေးကြွ အဖွဲ့၏ ခံစစ်စခန်းများကို အဓိက တိုက်ခိုက်လျက်ရှိကြောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် တိုက်ပွဲများ အဆုံးသတ်မည်ဟု ရည်မှန်းထားသော်လည်း စစ်သွေးကြွများဘက်မှ အပြင်းအထန် ခုခံမှုနှင့် ကြုံတွေ့နေရကြောင်း ၎င်းကဆက်ပြောသည်။ စစ်သွေးကြွများသည် ခံစစ်စခန်းများကို အခိုင်အမာ တည်ဆောက်ထားပြီး ပုန်းခိုကျင်းများနှင့် ၎င်းတို့သိမ်းပိုက် ထားသော အဆောက် အအုံများ၏ မြေအောက်ခန်းများ၌ ပုန်းအောင်းလျက် ရှိသည်ဟု ဘရော်နာ၏ ပြောပြချက်အရ သိရသည်။ မော့စစ်သွေးကြွ ၄ဝ နီးပါးသည် မာရာဝီမြို့ အတွင်းရှိ လာနာအို ရေကန်အနီး ၂ ဟက်တာ အကျယ်ရှိသည့် မြေနေရာအတွင်း ပုန်းအောင်းနေသည်ဟု ယူဆရသည်။ ထို့ပြင် စစ်သွေးကြွများသည် အစိုးရ တပ်ဖွဲ့ကို ခုခံတိုက်ခိုက်ရာတွင် ဒေသခံ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ဓားစာခံများကို လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိသည်။ မာရာဝီမြို့ရှိ စစ်သွေးကြွများလက်မှ လွတ်မြောက်လာသော အမျိုးသမီး တစ်ဦး၏ ပြောပြချက်အရ စစ်သွေးကြွများသည် အမျိုးသမီးများနှင့် ကလေးငယ်များကို ၎င်းတို့နှင့်အတူ အတင်းအကျပ် တိုက်ပွဲဝင်စေလျက် ရှိကြောင်း သိရသည်။ အစိုးရ တပ်ဖွဲ့ဝင်များသည် အသံချဲ့စက်နှင့် လေယာဉ်ပေါ်မှ လက်ကမ်းစာစောင်များ ကြဲချကာ စစ်သွေးကြွများ လက်နက်ချ အညံ့ခံရန် တိုက်တွန်းထားသည်ဟု သိရသည်။

Read 298 times Last modified on Monday, 16 October 2017 09:20