SJ WorldNews - шаблон joomla Авто

မော့ဝါဒီသူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖိလစ်ပိုင်သမ္မတဖျက်သိမ်း

Saturday, 25 November 2017 11:46 font size decrease font size decrease font size increase font size increase font size

မနီလာ နိုဝင်ဘာ ၂၄

ဖိလစ်ပိုင်အစိုးရနှင့် မော့ဝါဒီသူပုန်အဖွဲ့တို့အကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည့်ကြားမှ ရန်လိုတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် သမ္မတရိုဒရီဂိုဒူတာတေက သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို အဆုံးသတ် လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။ လူပေါင်း ၄ဝဝဝဝ ကျော်သေဆုံးခဲ့သော ရာစုနှစ်ဝက်နီးပါးကြာမြင့်သည့် ပြည်တွင်းပဋိပက္ခကိုအဆုံးသတ်စေရန် ရည်ရွယ်ချက်မှာ ဒူတာတေ၏ သမ္မတရာထူးစတင်ထမ်း ဆောင်ချိန်မှစ၍ ဆောင်ရွက်ရမည့် ဦးစားပေးကိစ္စဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် သူပုန်အဖွဲ့၏ရိုးသားမှုမတွေ့ရသည့်အပြင် အဓိပ္ပာယ်ရှိသော ကတိကဝတ်များ ကိုပေးနိုင်ခြင်းမျိုးလည်းမရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရိုကွီက အစီရင်ခံစာတစ်စောင်တွင်ပြောသည်။ သမ္မတဒူတာတေသည် ၄င်း၏အစိုးရလက်ထက်တွင် နိုင်ငံအတွက် ငြိမ်းချမ်းရေးအမွေအနှစ်ကို ထားခဲ့ ချင်သူဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အချိန်ကာလကြာမြင့်စွာကြိုးပမ်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ရိုကွီကဆက်လက်ပြောသည်။

နော်ဝေအစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ပြုလုပ်သော အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဆုံးသတ်ကြောင်းကြေညာချက်၌ ဒူတာတေက နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ထိုးသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ကျေးလက်ဒေသများတွင် သူပုန်အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသဖြင့် နယ်သာလန်နိုင်ငံ၌ မေလအတွင်း မော့ဝါဒီသူပုန်များနှင့် တွေ့ဆုံညှိနှိုင်းမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း အစိုးရဘက်မှ တာဝန်ရှိသူများက ဖျက်သိမ်းခဲ့သည်။ မော့ဝါဒီသူပုန်အဖွဲ့အနေဖြင့် ရွေးချယ်စရာမရှိသော်လည်း ကျေးလက်ဒေသများတွင် ပဋိပက္ခများကို ဆက်လက်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) မှ နိုင်ငံရေးအကြံပေး ဂျိုမာရီယာဆီဆွန် ကပြောသည်။  နိုင်ငံ၏လူမှုရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် အရေးပါသည့်ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်သည့်အတွက် အလွန်စိတ်ထိခိုက်ရကြောင်း NDF ကအစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

Read 305 times Last modified on Saturday, 25 November 2017 11:52