SJ WorldNews - шаблон joomla Авто

ဇင်ဘာဘွေသမ္မတအဖြစ် အမ်နန်ဂါဂွါကျမ်းသစ္စာကျိန်ဆို

Saturday, 25 November 2017 12:04 font size decrease font size decrease font size increase font size increase font size

ဟရာရေး နိုဝင်ဘာ ၂၄

ရာထူးမှဖြုတ်ချခံထားရသည့် ဒုတိယသမ္မတဟောင်း အမ်မာဆန်အမ်နန်ဂါဂွါသည် ဇင်ဘာဘွေနိုင်ငံ၏သမ္မတအဖြစ် နိုဝင်ဘာ ၂၄ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။ အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို မြို့တော်ဟရာရေးရှိ အမျိုးသားအား ကစားရုံ၌ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ အတိုက်အခံခေါင်းဆောင်များ၊ သံတမန်များနှင့်အတူ ပြည်သူထောင်ပေါင်းများစွာတက်ရောက်သည်။ အမ်နန်ဂါဂွါသည် ယခုလအစောပိုင်းတွင် ဒုတိယသမ္မတ ရာထူးမှဖယ်ရှားခံရပြီးနောက် ယခုအခါ ဇင်ဘာဘွေနိုင်ငံက လွတ်လပ်ရေးရပြီးချိန်မှစ၍ ဒုတိယမြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ အမ်နန်ဂါဂွါသည် အတိုက်အခံများအပေါ် ရက်စက်တတ်သူ ဖြစ်ပြီး သမ္မတဟောင်းမူဂါဘီ၏ ယုံကြည်စိတ်ချရသူတစ်ဦးအဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။ ၄င်းသည် ၂ဝ၁၄ ခုနှစ်မှစ၍မူဂါဘီ၏ ဒုတိယသမ္မတအဖြစ် ထမ်းဆောင်ခဲ့ပြီးယခုလအစောပိုင်းတွင် မူဂါဘီက ၄င်းကိုသစ္စာဖောက်ဖျက် မှုဖြင့် ရာထူးမှဖယ်ရှားလိုက်ခြင်းဖြစ်သည်။ သို့သော် အမ်နန်ဂါဂွါကို ရာထူးမှဖယ်ရှားခြင်းသည်မူဂါဘီအနေဖြင့် ၄င်း၏သမ္မတရာထူးကို ဇနီးအားပေးရန် အတွက်ဖြစ်သည်ဟု မီဒီယာများတွင်ဖော်ပြထားသည်။ အမ်နန်ဂါဂွါသည် ရွေးကောက်ပွဲထပ်မံကျင်းပမည့် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အသက် ၇၅ နှစ်အရွယ်ရှိ အမ်နန်ဂါဂွါသည် ယခင်ကအစိုးရအဖွဲ့အတွင်းတရားရေးဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ကြောင်း သိရသည်။

Read 297 times Last modified on Saturday, 25 November 2017 12:08