SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးမြင့်ဆွေ ကမ္ဘောဒီးယား နိုင်ငံမှ ပြန်လည် ရောက်ရှိ

Friday, 12 January 2018 09:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်     ဇန်နဝါရီ    ၁၁

 ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ဇန်နဝါရီ ၁ဝ ရက်တွင် ကျင်းပခဲ့သည့်  ဒုတိယအကြိမ်မြောက်  မဲခေါင်- လန်ချန်း  ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှ အထူးလေယာဉ်ဖြင့်  ပြန်လည်ထွက်ခွာကြရာ ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Sun Chanthol နှင့် တာဝန်ရှိသူများက ဖနောင်ပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၃ နာရီတွင် နေပြည်တော်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်မြင့်နွယ်၊   ဗိုလ်ချုပ်သန်းထွဋ်၊  ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Mekong-Lancang Cooperation-MLC) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင် အဖြစ်ပါဝင်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်  နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံ - တရုတ် ထိပ်သီး အစည်းအဝေး၌ မဲခေါင်-လန်ချန်း ဒေသခွဲအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိရေးအတွက် မဲခေါင်-လန်ချန်း နိုင်ငံများအကြား  ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရန် ၂ဝ၁၆ ခုနှစ်မှ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါအစီအစဉ်မှာ ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန်၊ ပြည်သူများ၏ သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် လျှော့ချရန်နှင့် အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို ထောက်ကူပေးရန်၊ ကုလသမဂ္ဂ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ၂ဝ၃ဝ ရည်မှန်းချက်ကို တိုးမြှင့်အကောင်အထည် ဖော်ရန်နှင့် ဖွံ့ဖြိုး ဆဲနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားရန် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအဖြစ် ဒေါ်လာ သန်း ၃ဝဝ ဖြင့် မတည်တည်ထောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု  ဒုတိယအကြိမ်မြောက်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးတွင် ဖနောင်ပင်ကြေညာစာတမ်းကို ထုတ်ပြန်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ငါးနှစ်တာ လုပ်ငန်းအစီအစဉ် (၂ဝ၁၈-၂ဝ၂၂)၊  မြန်မာနိုင်ငံမှ စီမံကိန်း ၁ဝ ခုအပါအဝင် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ပူးပေါင်း အကောင်အထည်ဖော်မည့် စီမံကိန်း ၂၁၄  ခုအတွက် အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

Read 738 times Last modified on Friday, 12 January 2018 09:26