SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးမြင့်ဆွေ လေရှီး၊လဟယ်နှင့် နန်းယွန်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေး

Sunday, 14 January 2018 09:55 font size decrease font size decrease font size increase font size increase font size

နန်းယွန်း ဇန်နဝါရီ  ၁၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့၊ လဟယ်မြို့နှင့် နန်းယွန်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများကို ကြည့်ရှုသည်။

 ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဒုတိယ ဝန်ကြီး  ဗိုလ်ချုပ်အောင်စိုးနှင့်  ဗိုလ်ချုပ် သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သို့ ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်း၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များနှင့် တာဝန်ရှိသူများက ခန္တီးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်မတော် ရဟတ်ယာဉ်များဖြင့် လေရှီးမြို့သို့ ရောက်ရှိကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ နာဂတိုင်းရင်းသား လူမျိုးများ၏ ဓလေ့ထုံးစံများကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် သက်မွေးပညာရပ်များကို လက်ဆင့်ကမ်း သင်ကြားပေးကြရမည်ဖြစ်ပြီး ဒေသထွက်ကုန်များကို တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ်  ကြိုးစားထုတ်လုပ် သွားကြရမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့်ဆရာ၊ ဆရာမအနေဖြင့် သင်တန်းသူများကို တစ်ဦးချင်း  ကျွမ်းကျင်တတ်မြောက်အောင်  လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ သင်တန်းသူများ အနေဖြင့်လည်း သင်ကြားပေးသည့် ဘာသာရပ်များအလိုက် ကြိုးစားသင်ယူ ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှု အခြေအနေများနှင့် သင်တန်းသူများ လက်တွေ့ချုပ်လုပ်ထားသည့် အိမ်တွင်းမှု လက်ရာပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်   လေရှီးပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ လဟယ်မြို့သို့ရောက်ရှိကြရာ   အနောက်မြောက်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးသက်နောင်နှင့်  တာဝန်ရှိသူများက

ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် စာရာမေရိရိပ်သာသို့ ရောက်ရှိပြီး လဟယ်မြို့ နယ်မြေခံတပ်ရင်းမှ ရဲမေများနှင့် မိသားစုဝင်များအတွက် အနွေးထည်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် လဟယ်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး  ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပးအပ်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု သည်။

ယင်းနောက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍  ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်  တပ်မတော်ရဟတ်ယာဉ်များဖြင့် နန်းယွန်းမြို့သို့ရောက်ရှိကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်လှ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နာဂရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်  တာဝန်ရှိသူများက  ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နန်းယွန်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုသည်။

ထို့နောက် နန်းယွန်းမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး  ရိုးရာဂျပ်ခုတ်သင်တန်း၊ စက်ချုပ်သင်တန်း လေ့ကျင့်သင်ကြားနေမှု အခြေအနေ များနှင့် သင်တန်းသူများ လက်တွေ့ချုပ်လုပ်ထားသည့် အိမ်တွင်းမှု လက်ရာပစ္စည်းများကို  ကြည့်ရှုအားပေးသည်။

ယင်းနောက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ   ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများကို   တွေ့ဆုံအားပေးနှုတ်ဆက်ကာ  သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် နန်းယွန်းမြို့ နယ်မြေခံတပ်ရင်းမှ ရဲမေများနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။ 

 (သတင်းစဉ်)

Read 634 times Last modified on Sunday, 14 January 2018 10:16