SJ WorldNews - шаблон joomla Авто

ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ တွေ့ဆုံ

Sunday, 21 January 2018 10:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၂ဝ

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီဥက္ကဋ္ဌ   ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များတွေ့ဆုံပွဲကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort  ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဟိုတယ်ဇုန် ဥက္ကဋ္ဌများနှင့်  တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် ဒုတိယသမ္မတက အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်ရန် ရှိသည်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ရှိသကဲ့သို့ ပုဂ္ဂလိကအသင်း အဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ရမည့် အပိုင်းများလည်း ကျန်ရှိသည်ကို တွေ့ရှိရကြောင်း။

ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရာတွင် အစီအမံများ စနစ်တကျချမှတ် ဆောင်ရွက် ရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေရရှိရေး သည်လည်း လိုအပ်ကြောင်း။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးရန်ပုံငွေများ စနစ်တကျကောက်ခံစုစည်းရေး၊ ထိန်းသိမ်းရေး၊ ထုတ်ယူ သုံးစွဲရေးနှင့် ကြီးကြပ် ကွပ်ကဲရေး လုပ်ငန်းစဉ်များကို  စနစ်တကျအကျိုးရှိရှိ စိစစ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းမှရရှိသည့်   ဝင်ငွေများသည် နိုင်ငံတော်ဖွံ့ဖြိုးရေး အတွက်သာမက ခရီးသွားလုပ်ငန်းတွင် ပါဝင် ပတ်သက်သူအားလုံးအပေါ် အချိုးကျကျအကျိုးအမြတ်ရရှိစေကြောင်း၊ ခရီးသွားလုပ်ငန်းသည်  Sensitive ဖြစ်သည့် အတွက် ဝင်ငွေပုံမှန်ရရှိရန် အခြေအနေ ကောင်းများနှင့် ပတ်ဝန်းကျင် ကောင်းများ ရှိနေရန် လိုအပ် ကြောင်း။

မြန်မာနိုင်ငံရှိ  ဟိုတယ်များ၏ အခန်းခ ဈေးနှုန်းများသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကြီးမြင့် နေသည်ဟု သိရကြောင်း၊ ထိုသို့ဈေးနှုန်း ကြီးမြင့်မှုသည် ဟိုတယ်အခန်းများနှင့် တည်းခိုသည့် ခရီးသည် အရေအတွက် အချိုးမမျှတ၍လည်း ဖြစ်နိုင်ကြောင်း၊ အဆိုပါကိစ္စရပ်ကို ပြန်လည်သုံးသပ် နိုင်ရေးအတွက် ဇုန်အ လိုက် ဟိုတယ်များနှင့် တည်းခိုရိပ်သာများ၏  အရေအတွက်နှင့် အခန်းများ တည်ရှိမှု၊  ခရီးသည်လာရောက် တည်းခိုမှု၊ အခန်းများပိုမိုမှု   သို့မဟုတ် အနာဂတ်ခရီးသည် လာရောက်တည်းခိုမှု အလားအလာနှင့် ဟိုတယ်များ ထပ်မံ ဖွင့်လှစ် ပေးသင့်သည့် အစီအစဉ်များကို ဇုန်အလိုက်  စိစစ်မှုများ ပြုလုပ်၍ တင်ပြစေလိုကြောင်း။ 

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် Tourism Related Infrastructure များ၊ ဟိုတယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေး ရင်းနှီး မြှုပ်နှံ သွားနိုင်ကြရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာစေရေး အတွက်   ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဖိတ်ခေါ်နိုင်ရန် တိုက်တွန်းလိုကြောင်း။

ငပလီ၊ ငွေဆောင်နှင့် ချောင်းသာ ဒေသများသည် ပင်လယ်ကမ်းခြေကို အမှီပြု၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက် ရခြင်းဖြစ်သည့် အတွက်   ပင်လယ်နှင့် အနီး အဝေးကွာခြား ချက်များအလိုက် ဟိုတယ်များ မည်သို့ တည်ဆောက်ကြသည်ကို အခြားနိုင်ငံများ ဆောင်ရွက်နေသည့် နမူနာများအား လေ့လာ၍  စံနှုန်းများနှင့် အကြံပြုချက်များကို ပြုစုပြီး  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက် စေလိုကြောင်း။

ဟိုတယ်နှင့် တည်းခို ရိပ်သာ လုပ်ငန်းရှင်များ အနေဖြင့် ခရီးသည်များနှင့်ဒေသခံများ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် လုံခြုံရေး သတိအစဉ်ထား၍ သက်ဆိုင်ရာနှင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက Tourism Plan များ ရေးဆွဲရာတွင်လည်း ပါဝင် ကူညီဆောင်ရွက် ပေးစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များနှင့် မိတ်ဆက်တင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်က မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်း ရှင်များ အသင်း၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဟိုတယ်ဇုန် ဥက္ကဋ္ဌများက ဇုန်အလိုက်  ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများနှင့် ထပ်မံ တိုးချဲ့ သင့်သည့် ခရီးစဉ် ဒေသများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးကြည်က ဟိုတယ်များ၌ လိုအပ်သော ယစ်မျိုး လိုင်စင်ကိစ္စရပ်၊ Wellness and Spa လိုင်စင်ကိစ္စရပ်၊ ခရီးသွား အခွန်ကောက်ရေး ကိစ္စရပ် နှင့် ဟိုတယ် သင်တန်းများ ထိရောက်စွာဖွင့်လှစ်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက်  ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးသည်။

ယင်းနောက် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီး ယူသည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။                

Read 509 times Last modified on Sunday, 21 January 2018 10:24