SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ် လေ့ကျင့်ရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်း သူများအား တက္ကသိုလ်များ အလိုက် လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်သင်ကြား

Wednesday, 14 February 2018 09:50 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

တက္ကသိုလ်များတွင် ပညာသင်ကြားလျက် ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာများ သင်ကြား လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ် နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့် အခါတွင် အထောက်အကူ ရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ပိုမိုရင့် သန် လာစေရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြုသည့် တက္ကသိုလ် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ဖြင့် ဖွင့်လှစ်သည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲများကို  ယနေ့ နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္က သိုလ်နှင့် မော်လမြိုင် တက္ကသိုလ်တို့၌ အသီးသီး ကျင်းပပြုလုပ်သည်။

အဆိုပါ တက္ကသိုလ် လေ့ကျင့်ရေး သင်တန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ် များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ သင်တန်း တာဝန်ခံ အရာရှိများ၊ သင်တန်းသား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက် ရောက်ကြသည်။

အဆိုပါသင်တန်းများတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တက္ကသိုလ် သုံးခုမှ သင်တန်းသား စုစုပေါင်း ၃၄၅ ဦးအား အမှတ်(၆) တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ နည်းပြအရာရှိ၊ စစ်သည်များက လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ် ၁ဝ ခုမှ သင်တန်းသား စုစုပေါင်း ၁၈၉၅ ဦး အား အမှတ်(၁) တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ နည်းပြအရာရှိ၊ စစ်သည်များက လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ကောလိပ် ခုနစ်ခုမှ သင်တန်းသားစုစုပေါင်း ၁ဝ၂၈ ဦးအား အမှတ်(၂) တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ နည်းပြ အရာရှိ၊ စစ်သည် များကလည်းကောင်း၊ မော်လမြိုင် တက္ကသိုလ်မှ သင်တန်းသားစုစုပေါင်း ၃၉၄ ဦးအား အမှတ်(၃) တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ နည်းပြ အရာရှိ၊ စစ်သည်များက လည်းကောင်း၊ တောင်ကြီးမြို့ရှိ တက္ကသိုလ် ၃ ခုမှ သင်တန်းသား စုစုပေါင်း ၆ဝ၈ ဦးအား အမှတ်(၄) တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ နည်းပြအရာရှိ၊ စစ်သည်များကလည်းကောင်း သက်ဆိုင်ရာ တက္ကသိုလ်များ အလိုက် အသီးသီး သင်ကြားပြသ ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် တက္ကသိုလ်၊ ကောလိပ် ၂၄ ခုမှ သင်တန်းသား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၂၇ဝ ဦး တက်ရောက်သင်ကြားမည်ဖြစ်သည်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းတွင် ပထမ နှစ်အခြေခံစစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁၄ ပတ်၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်းကို ရက်သတ္တပတ် ၁၅ ပတ်နှင့် ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းကို ရက်သတ္တပတ် ၁ဝ ပတ်၊ ဒုတိယနှစ် တန်းမြင့်စစ်ပညာ သင်တန်း ကို ရက်သတ္တပတ် ခုနစ်ပတ်ဖြင့် ဖွင့်လှစ် သွားမည်ဖြစ်ပြီး စစ်ရေးပြ၊ လက်နက်ငယ်၊ ကိုယ်စီ စစ်မြေပြင် ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာ၊   သောင်းကျန်းသူ နှိမ်နင်းရေး၊ အုပ်ချုပ်မှု ဘာသာရပ်၊   သဘောတရားရေး ဆိုင်ရာ ဘာသာရပ်၊ စက်ပစ်ကွင်း ပစ်ခတ်စဉ်၊ အနီးကပ် တိုက်နည်း(သိုင်း)၊ မြေပုံဖတ်နည်း၊ စစ်မြေပြင် အင်ဂျင်နီယာ၊ ကျန်းမာရေး၊ ရှေးဦး သူနာပြုနှင့်  စုပေါင်း လေ့ကျင့်ခန်း စသည့် ဘာသာရပ်များကို လေ့ ကျင့် သင်ကြားပေး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 73 times Last modified on Wednesday, 14 February 2018 10:18