SJ WorldNews - шаблон joomla Авто

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ် ရေးထိုးပွဲ အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း

Wednesday, 14 February 2018 12:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်        ဖေဖော်ဝါရီ       ၁၃

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဒီကနေ့ အခမ်းအနားကတော့ နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement NCA) လက်မှတ်ရေးထိုးကြတဲ့ အခမ်းအနား ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးတဲ့ အဖွဲ့အရေအတွက် မများလှဘူးဆိုပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ထမြောက်အောင်မြင်အောင် လျှောက်လှမ်းလာခဲ့တဲ့ ခရီးက မလွယ်ကူလှပါဘူး။  အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ကို အတူတကွ လက်တွဲပြီး စိုက်ထူကြဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ဒီလို ခြေတစ်လှမ်းကို ရဲရဲကြီးတက်လှမ်းလိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါကြောင်း ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ပြောကြားလိုပါတယ်။

NCA သည် ငြိမ်းချမ်းရေးဖြစ်စဉ်၏အစ

NCA ဟာ ကျွန်မတို့ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ လမ်းဆုံးမဟုတ်ပါဘူး။ NCA ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့  အစ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ အစ၊ လက်နက်ကိုင် ပဋိပက္ခ လျှော့ချခြင်းတွေရဲ့ အစ၊ တွေ့ဆုံဆွေးနွေးမှုတွေက တစ်ဆင့် နိုင်ငံရေး ပြဿနာတွေကို ညှိနှိုင်းတိုင်ပင် အဖြေရှာမယ့် နိုင်ငံရေးဖြစ်စဉ်ရဲ့အစပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့ ဖွားဖက်တော်ဖြစ်ခဲ့တာပါ။ ဒီကနေ့ဆိုရင်

နှစ်ပေါင်း ၇ဝ ကျော်ကြာမြင့်ခဲ့ပါပြီ။ ကျွန်မတို့ နဲ့ မရှေးမနှောင်း လွတ်လပ်ရေးရရှိခဲ့တဲ့ နိုင်ငံတွေ၊   ကျွန်မတို့နိုင်ငံရဲ့ နောက်မှလွတ်လပ်တဲ့ နိုင်ငံထူထောင်နိုင်ခဲ့တဲ့ နိုင်ငံတွေဟာ ဒီကနေ့ ဒီအချိန်မှာရှေ့ ကို အများကြီး ဆက်လျှောက်နေကြပါပြီ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ရဲ့ ပြည်သူတွေကတော့ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေအကြားမှာ မတည်မငြိမ် စိုးစိုးရွံ့ရွံ့ ရှိနေကြတုန်းပါပဲ။ တိုက်ပွဲတွေကြောင့် ကြောက်လန့်တကြား အိုးပစ်အိမ်ပစ် ထွက်ပြေးကြရတယ်။ စာသင်ကျောင်းတွေမှာ စာအံသံတွေ တိတ်ဆိတ်နေပြီး လယ်ယာ စိုက်ခင်းတွေမှာ ပေါင်းပင်မြက်ပင်တွေ ဖုံးလွှမ်းနေကြရတယ်။ အဓိကအကျဆုံးကတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသားကလေး သူငယ်လေးတွေ အသက်အန္တရာယ် လွတ်ကင်းအောင် တိမ်းရှောင်နေကြရခြင်းပဲဖြစ်ပါတယ်။

သံသယတွေ၊ မုန်းတီးမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဆိုးကျိုးအနေနဲ့ ဒီဒေသတွေဟာ မဖွံ့ဖြိုးနိုင်၊ မတိုးတက်နိုင်၊ ယနေ့ထက်တိုင် နောက်ကျကျန်ရစ်နေရတုန်းပါပဲ။

ပြည်သူတွေဟာလည်း အကြောက်တရားနဲ့ နေ့စဉ်ရှင်သန် နေထိုင်ကြရပါတယ်။ ဒီကနေ့ အထိ၊ (၂၁)ရာစုခေတ်သစ်အထိ ကျွန်မတို့ တိုင်းရင်းသား ကလေးသူငယ်တွေရဲ့ အနာဂတ်တွေ အမှောင်ဖုံးနေတုန်းပါပဲ။ ဒီအခြေအနေက နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ငြိမ်းချမ်းအောင် ကျွန်မတို့မလုပ်နိုင်ကြသေးပါဘူး။ ဝမ်းနည်းစရာ ကောင်းသလို ကြေကွဲစရာလည်း ကောင်းပါတယ်။ ကျွန်မ တို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့အနာဂတ်တွေဟာ ဒီကနေ့အထိ စိတ်ချရတဲ့ အလင်းရောင် မသန်းနိုင်ကြသေးပါဘူး။  နိုင်ငံတကာမှာ  ပြောကြတယ်၊ စစ်ဒဏ်ကြုံပြီး အလွန်ကို တိုးတက်သွားကြတဲ့နိုင်ငံတွေက ပြောတာပါ၊ စစ်ဘေးစစ်ဒဏ် သင့်ခဲ့ဖူးရင် ညီညီညွတ်ညွတ် ကြိုးကြိုးစားစား ရုန်းကန်ချင်တဲ့ စိတ်ဓာတ်မြင့်မားတယ်၊  ဒါကြောင့်  တိုးတက်လာကြတာလို့   ဆိုကြပါတယ်။ ကျွန်မတို့ နိုင်ငံအတွက်တော့ ဒီလိုမျိုးမဖြစ်နိုင်ခဲ့ပါဘူး။ ဒီကနေ့အထိလည်း မဖြစ်နိုင်သေးပါဘူး။

ဒီကနေ့ လက်မှတ်ထိုးမယ့် သတင်းတွေ ထွက်ပေါ်လာချိန်မှာ အဲဒီဒေသက ပြည်သူတွေ ဝမ်းသာကြ၊ ပျော်ရွှင်ကြနဲ့ ကြည်နူးစရာ သတင်းတွေ ကြားသိရပါတယ်။ ပြည်သူတွေရဲ့ ပထမဆုံး သိသာထင်ရှားတဲ့ ပြောင်းလဲမှုက လက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အကြောက်တရားတွေ ပျောက်ကွယ်သွားခြင်းပဲ ဖြစ်ပါတယ်။ မတရားအသင်း မဟုတ်တော့ဘူး။ အကြမ်းဖက် အဖွဲ့အစည်း မဟုတ်တော့ဘူးဆိုတဲ့ အသိကြောင့် ဆက် သွယ်ပြောဆို ဆက်ဆံရာမှာ   အကြောက်တရားတွေ လျော့သွားတယ်။ ပဋိပက္ခတွေ ချုပ်ငြိမ်းတော့မယ်ဆိုတဲ့ အသိနဲ့ အနာဂတ်အတွက် မြင်ယောင်ဝမ်းသာကြတယ်။ ဒီကနေ့ ငြိမ်းချမ်းပြီး  ဖွံ့ဖြိုးနေပြီဖြစ်တဲ့  အခြားပြည်နယ်ကို လှမ်းမျှော်ကြည့်ပြီး လူမှု-စီးပွား အစစအရာရာမှာ တိုးတက်ပြောင်းလဲလာ တော့မယ်ဆိုတဲ့ မျှော်လင့် ချက်တွေလည်း ဖြစ်ပေါ်လာကြတယ်၊ ကြောက်ရွံ့ခြင်းကနေ ကင်းဝေးတဲ့ ဒေသတွေ ဖြစ်ပေါ်လာတယ် ဆိုတာသိရပါတယ်။

နှစ်ဖက်အဖွဲ့အစည်းတွေ အကြား အပြန်အလှန် သဘောတူညီချက် (Bilateral  Agreement) တွေရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ကျွန်မတို့ ပြည်သူတွေ သိစေချင်တာက အဲဒီ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားဖွယ်ရာတွေ ဖြစ်လာရင် ဘယ်လိုညှိနှိုင်း ဖြေရှင်းမလဲဆိုတာတွေ၊ ညှိနှိုင်းဖြေရှင်းရေး ယန္တရားတွေ မပါပါဘူး။ NCA ဆိုတာက လက်နက်ကိုင် ပဋိပက္ခတွေ လျော့နည်းသွားအောင်၊ အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ရင် တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး ဖြေရှင်းခဲ့တဲ့ အခြေအနေကနေ စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်အောင် စတင်လိုက်တဲ့ စတင်ခြင်း အသစ်လို့ ပြောချင်ပါတယ်။

တစ်ချိန်တည်းမှာပဲ NCA ဟာ  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ကြမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ဖြစ်ပေါ်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်ရေးဆွဲဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို စတင်ဖို့ သဘောတူညီချက်တွေ ပါရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း    ခေတ်အဆက်ဆက် နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းတွေ ဖြစ်ပေါ်လာအောင် နည်းလမ်းအမျိုး မျိုး၊ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့ကြပေမယ့်လည်း ပေါ်ပေါက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ရေသောက်မြစ်ဟာ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြလို့ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ ပြီးခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဒီငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်ထွန်းပေါ်ပေါက်လာအောင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပြီးတော့ NCA ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းခဲ့တဲ့အတွက်လည်း နိုင်ငံနဲ့ပြည်သူတွေ ကိုယ်စား ကျေးဇူးတင် ရှိကြောင်း ဒီနေရာကနေ ကျွန်မအနေနဲ့ ထပ်လောင်း ပြောကြားလိုပါတယ်။ ဒီကနေ့ ကျွန်မတို့အစိုးရ လက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ခဲ့ရုံသာမက ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ် နိုင်ငံရေး သဘောတူညီချက်(၃၇)ချက်ကို ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ၊ ဒုတိယ အစည်းအဝေးမှာ  သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

သမိုင်းတစ်လျှောက် ပြန်ကြည့်ရင် ဒါဟာ ပထမဦးဆုံး စတင်နိုင်ခဲ့တဲ့ နိုင်ငံရေး ဆွေးနွေး ပွဲဖြစ်သလို ဘယ်လိုဆွေးနွေးကြမယ်ဆိုတဲ့ မူဘောင်တွေ စနစ်တကျ ရေးဆွဲပြီးမှ နိုင်ငံ ရေး သဘောတူညီချက်တွေ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ်လည်း   ဖြစ်ပါတယ်။ ပထမဆုံး အတွေ့အကြုံဖြစ်ပေမယ့်လည်း ကျွန်မတို့ရဲ့အစိုးရ၊ လွှတ်တော်နဲ့  တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့နဲ့  ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့တွေအနေနဲ့   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှာပဲ ဖြစ်ဖြစ်၊ ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေ၊ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွေနဲ့  ညီလာခံ ဆွေးနွေးပွဲတွေမှာ  တကယ့်ကို  စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ပါဝင်ဆောင်ရွက်ခဲ့ကြ တာဟာ အားရစရာ အထူးပဲ ကောင်းလှပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်မယ့် အခြေခံမူတွေကို စိတ်အားထက်သန်စွာ စဉ်းစားသုံးသပ်ဆွေး နွေးညှိနှိုင်းခဲ့ကြတာဟာ သမိုင်းတစ်လျှောက် ပထမဆုံးမှတ်တိုင်တွေ ဖြစ်လာခဲ့ပါပြီ။

ဒါပေမဲ့လည်း   ကျွန်မတို့ရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ မပါဝင်သေးတဲ့ အဖွဲ့အစည်းတွေ၊ စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းရာမှာ ပါဝင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေ ကျန်ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ မြောက် ပိုင်းဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကြိုကြားကြိုကြား ဖြစ်နေတုန်းပါပဲ။ မြန်မာနိုင်ငံ အောက်ပိုင်းမှာ ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်း တောက်ပနေပေမယ့်လည်း တစ်နိုင်ငံလုံး ခြုံလွှမ်းနိုင်အောင် မပေးနိုင် သေးပါဘူး။ ကျွန်မတို့အားလုံး ကိုယ်စီကိုယ်စီဆက်လက်ပြီးတော့ ကြိုးပမ်း သွားကြရဦးမှာ ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သန္နိဋ္ဌာန်

လွတ်လပ်ရေး ရရှိပြီးကတည်းက ကျွန်မတို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် အင်အားပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ တိုင်းပြည် မငြိမ်းချမ်းတဲ့အတွက် တည်ငြိမ်မှု ကင်းမဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ အဘက်ဘက်က နောက်ကျလို့ အဆင်းရဲဆုံးနိုင်ငံစာရင်း ထဲကိုတောင် သက်ဆင်း ကျရောက်ခဲ့ရပါတယ်။ နိုင်ငံလည်းနစ်နာ၊ လူထုလည်း နစ်နာ၊ ပြည်ထောင်စုရဲ့ အနာဂတ်လည်း နစ်နာခဲ့ရပါတယ်။ ဒီကနေ့ ဒီအချိန် ကျွန်မတို့နိုင်ငံ မှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေအများ ကြီးရင်ဆိုင်နေရပါတယ်။ အားလုံးသိကြတဲ့ အတိုင်း နိုင်ငံတကာ အလယ်မှာ ကျွန်မတို့ နိုင်ငံဟာ ဖိအားပေါင်းများစွာ၊ ဝေဖန်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရသလို ပြည်တွင်းမှာ လည်း သဘောထား ကွဲလွဲမှုတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတုန်းပါပဲ။ မတူကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားအဖြစ် မပြောင်း လဲနိုင်ခဲ့ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ လောကကြီးနဲ့ ယနေ့ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်ဆိုင်း နေမှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ မျိုးဆက် သစ်တွေ ကြီးပြင်းလာတဲ့ အချိန်မှာ လက်နက် ကိုင်ပဋိပက္ခတွေနဲ့ ထူးမခြားနား နိုင်ငံတော်မျိုးကို ကျွန်မတို့ ထားရစ်ခဲ့မှာလား၊ စည်းလုံးညီညွတ် ခိုင်မာတောင့်တင်းပြီး အများသူငါက လေးစားရတဲ့ နိုင်ငံတော်ကို ကျွန်မတို့ထားရစ်ခဲ့မှာလား၊   အလေးအနက်ထား စဉ်းစားကြဖို့ ကျွန်မအနေနဲ့ ဒီကနေ့ ဒီနေရာကနေ တိုက်တွန်း ပြောကြားလိုပါတယ်။

နောက်ထပ် ဘယ်အချိန်ထိ ကျွန်မတို့ ပြည်သူတွေ စောင့်ဆိုင်းနေကြရဦးမှာလဲ။ ဘယ်အချိန်အထိ ကျွန်မတို့နိုင်ငံရဲ့ လက် နက်ကိုင်ပဋိပက္ခတွေ   ကြီးစိုးနေဦးမှာလဲ၊ နောက်ထပ် ဘယ်အချိန်အထိ မညီညွတ်တဲ့ နိုင်ငံဘဝနဲ့ နေနေကြရဦးမှာလဲ။ အဲဒီလက်နက်ကိုင် ပဋိပက္ခတွေကို စတင်ခဲ့ကြတဲ့ သူတွေကတော့ ဒီကနေ့ ဒီအချိန်မှာ ဒီလောကကြီးထဲမှာ မရှိကြတော့ပါဘူး။ အမွေဆိုးအဖြစ် ထားရစ်ခဲ့တဲ့ ဒီပဋိပက္ခတွေကို ဆက်လက် သယ်ဆောင်ပြီး ကျွန်မတို့ လက်ထက်မှာလည်း စစ်မီးမငြိမ်း၊ မြက်ခင်းမစိမ်းနိုင်သေးဘဲ ယမ်းငွေ့တွေ ဝေနေဦးမှာလား၊ ဆက်ပြီးတော့လည်း ယမ်းငွေ့တွေ ဝေနေစေချင်သေးတာလား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် မေးကြရမှာပါ။

ကျွန်မတို့ရဲ့ နိုင်ငံထူထောင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းတွေနဲ့ အခွင့်အရေး သာတူညီမျှရှိတဲ့၊ ဝါဒရေးရာဖြူစင်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ကျွန်မတို့အားလုံး လက်တွဲပူးပေါင်း ကြိုးပမ်းကြဖို့ အချိန်တန်နေပါပြီ။ တိုင်းပြည်နာလှပြီ ဖြစ်သလို ကျွန်မတို့ ပြည်သူတွေလည်း မျှော်လင့်ချက်တွေ မှေးမှိန်နေခဲ့တာ နှစ်ပေါင်း(၇ဝ) ကျော်လွန်လာခဲ့ပါပြီ။ ဒါ့ကြောင့် အမျိုးသား ညီညွတ်ရေးရဲ့အစနိဒါန်းဖြစ်တဲ့ NCA ကို   မျက်မှောက်ပြုကြဖို့   ကျွန်မအနေနဲ့  လေးလေးနက်နက် တိုက်တွန်းပြောကြားလိုပါတယ်။

အတိတ်က သံသယတွေ၊ အာဃာတတွေ ပစ္စုပ္ပန်အပေါ် အရိပ်ထိုး တတ်ကြပါတယ်။ ဒါဟာ လူ့သဘာဝအရ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး ပြီးခဲ့တဲ့ အတိတ်ကို သင်ခန်းစာယူပြီး တိုင်းပြည် ရဲ့အနာဂတ်အတွက်၊ ကျွန်မတို့ပြည်သူတွေ ရဲ့အနာဂတ်အတွက် ရှေ့ကို ခြေလှမ်းတစ် လှမ်းရဲရဲကြီး လှမ်းလိုက်ဖို့ ပြောချင်ပါတယ်။

လက်နက်တွေ ခဏဘေးဖယ်ထားပြီး တွေ့ ဆုံဆွေးနွေးရေး စားပွဲဝိုင်းတွေမှာ မိသားစု အချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ကြဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် စတင်မှု အသစ်တစ်ခုကို အစပြုပေးကြဖို့ ပြောကြားလိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ဦးတည်ကြိုးပမ်းနေတဲ့ (၂၁) ရာစုပင်လုံညီလာခံ လမ်းကြောင်းကို မမှိတ်မသုန် ဆက်လက် လျှောက်လှမ်းသွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်ပါတယ်။

ဘယ်လိုအခက်အခဲမျိုး၊ ဘယ်လိုစိန်ခေါ်မှုမျိုး ကြုံတွေ့ရသည်ဖြစ်စေ ဖက်ဒရယ်ပန်းတိုင် အပျောက်မခံဘဲ ခြေလှမ်းမှန်မှန်နဲ့ ရှေ့ကို ဆက်ပြီး လျှောက်လှမ်းသွားမှာ ဖြစ်ကြောင်း အလေး အနက်ပြောကြားလိုပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှေ့လုပ်ငန်းစဉ်

NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနားမှာ ကျွန်မပြောခဲ့ပါတယ်။

နောက်ထပ်လာမယ့် ညီလာခံ အစည်းအဝေး (၃)ကြိမ်မှာ ဖယ်ဒရယ်ဆိုင်ရာ အခြေခံမူ တွေချမှတ်နိုင်အောင်၊ ဖက်ဒရယ်အုတ်မြစ်ကို ခိုင်ခိုင်မာမာ စိုက်ထူနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲပူးပေါင်း ပေးကြဖို့ ထပ်လောင်းပြောကြား လိုပါတယ်။

ဒါပေမဲ့ ကျွန်မတို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပန်းတိုင် ဖက်ဒရယ်ခရီးကတော့ ချောချောမွေ့မွေ့ သာသာယာယာနဲ့ ဖြတ်သန်းရမှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးခရီး ဟာ တာဝေးခရီး ဖြစ်တဲ့အတွက် စိတ်ဓာတ်နဲ့ ယုံကြည်မှုက အရင်းခံဖြစ်ပါတယ်။ အခု ထိလည်း နိမ့်လိုက် မြင့်လိုက်၊ လျှောက်လိုက်ရပ်လိုက်နဲ့ အကွေ့အကောက်တွေကလည်း များလှပါတယ်။ ဒါပေမဲ့ ကျွန်မတို့ စိတ်မပျက်ပါဘူး။ ကျွန်မတို့ လက်လျှော့မှာ မဟုတ်ပါဘူး။ ဆက်ပြီး လျှောက်မယ်၊ ဆက်လက်ပြီး ကြိုးပမ်းသွားမယ်။ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေအတွက်၊ ကျွန်မတို့ရဲ တိုင်းရင်းသား ပြည်သူတွေအတွက်၊ အောက်ကျနောက်ကျ ဖြစ်နေရတဲ့ ကျွန်မတို့ရဲ့ နိုင်ငံတော်အတွက် ပြန်လည်သင့်မြတ်ရေး လမ်းကို မမှိတ်မသုန် ဆက်လျှောက်သွားမှာပါပဲ။

မလွယ်ကူဘူး၊ ခက်ခဲမယ်၊ စိန်ခေါ်မှုတွေ များမယ်ဆိုတာ ကျွန်မတို့ အစကတည်းက သိခဲ့ပါတယ်။ လွယ်ကူတယ်ဆိုရင် ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းရေးရနေတာ ကြာလှပြီပေါ့။ ကျွန်မတို့ရဲ့ သမိုင်းကြောင်းက ပြောပြတယ်။ တိုင်းရင်းသားတွေက ပြောကြတယ်။

လူတိုင်းက ပြောကြတယ်။ လေ့လာသုံးသပ်သူ ပညာရှင်တွေက ပြောကြတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်သူတွေ အားလုံး သဘောတူ လက်ခံကြတဲ့ ဖက်ဒရယ်စနစ်ကို ထူထောင် တည်ဆောက်နိုင်မှ ငြိမ်းချမ်းနိုင်မယ် ဆိုတာကို၊ အားလုံးသိကြတဲ့အတိုင်း ဒီကနေ့ ဒီအချိန်မှာ ဖက်ဒရယ်ဆိုတာ သမိုင်းရဲ့ လိုအပ်ချက်တစ်ရပ်၊ ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်း တစ်လမ်းအဖြစ်ကို ရောက်ရှိနေခဲ့ပါပြီ။

ဒါဆို ဘယ်လိုဖက်ဒရယ်မျိုးလဲ မေးကြပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်သူ တွေအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့်၊ ညီညွတ်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက် ထိန်းသိမ်းပေးနိုင်မယ့် ဖက်ဒရယ်မျိုးပဲဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ နိုင်ငံအားလုံးအတွက် အံဝင်ခွင်ကျဖြစ်စေမယ့် တစ်ခုတည်းသော ဖက်ဒရယ်စနစ်ဆိုတာ မရှိပါဘူး။ သူ့နိုင်ငံ၊ သူ့သမိုင်း၊ သူ့လူ့အဖွဲ့အစည်းပေါ် မူတည်ပြီး လိုက်လျောညီထွေ ပြုပြင်တည်ဆောက် ကြရတာပါပဲ။ ကျွန်မတို့အားလုံး ဝိုင်းဝန်း ဆွေးနွေးညှိနှိုင်းပြီး  အနာဂတ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဒီဇိုင်းကို ရေးဆွဲကြမှာပါ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ နိုင်ငံသားတွေ ညီညွတ်ဖို့လိုတယ်။ ညီညွတ်တဲ့ ပြည်ထောင်စုတွေကသာ ဖက်ဒရယ်ကို ခိုင်ခိုင်မာမာ ရေရှည်ကျင့်သုံး ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ ညီညွတ်ရေးကို တည် ဆောက်နိုင်ဖို့ အတွက် နားလည်မှုနဲ့ ယုံကြည်မှုတွေကို ဦးစွာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းတွေကို ကျွန်မတို့ရဲ့နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းတွေကို လာရောက်ကြဖို့ ညှိနှိုင်းနေ၊ ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

ဃြဗ လက်မှတ်ရေးထိုးတဲ့ အဖွဲ့သစ်တွေ တိုးလာပြီးတဲ့နောက်မှာလည်း ကျွန်မတို့ရဲ့ ရှေ့လုပ်ငန်းစဉ်က ရှင်းပါတယ်။ NCA လက်မှတ်ရေးထိုးပြီးသား အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်တွေ ခိုင်မာအောင် ဆက်ကြိုးပမ်းမယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်။ ကျွန်မတို့ အချင်းချင်းအကြား သဘောထား ကွဲလွဲတာတွေ ဖြစ်ပေါ်လာရင် ပင်လုံစိတ်ဓာတ်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာမယ်။ လက်မှတ်မထိုးရသေးတဲ့   အဖွဲ့တွေနဲ့လည်း လက်နက်ကိုင် ပဋိပက္ခတွေ လျော့နည်းသွားအောင် တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ အဖြေရှာပါမယ်။ ဒီအဖွဲ့တွေ NCA ထီးရိပ်အောက်ရောက်ရှိလာပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လာအောင် ကြိုးစားပါမယ်။ ဒီလုပ်ငန်းစဉ်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆက်လက် လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်အနေနဲ့ ကျွန်မတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အမျိုးသား ညီညွတ်ရေးကို ဆောင်ကြဉ်းနိုင်ဖို့ အလေးအနက် ထားပြီး ပြောကြားလိုပါတယ်။ ကျွန်မတို့အားလုံး အမျိုးသား ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်ဆိုရင် ကျွန်မတို့အားလုံး အတူလက်တွဲပြီး ဘာမဆို အောင်မြင်အောင်ကြိုးပမ်းနိုင်မှာပါ။ အလားတူပါပဲ အမျိုးသား ညီညွတ်ရေးကို တည်ဆောက်နိုင်စွမ်း မရှိဘူးဆိုရင် ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အခက်အခဲတွေ ကြုံတွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ ပျော့ပျောင်းခြင်းဟာ ပျော့ညံ့ခြင်း မဟုတ်ပါဘူး။ ညှိနှိုင်းတာဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရမှာကို စိုးရွံ့မနေကြဖို့ အရေးကြီးပါတယ်။ အမျိုးသားညီညွတ်ရေးကို ဦးတည် လျှောက်လှမ်းကြရာမှာ ကျွန်မတို့အချင်းချင်း အကြား သွေးကွဲ၊ သဘောထား ကွဲလွဲစေမယ့် ကိစ္စရပ်တွေကို လျော့ကျသွားစေဖို့ ကျွန်မတို့ အားလုံးကို ပိုမိုစုစည်း၊ ပိုမိုညီညွတ်စေမယ့် ဘုံတူညီချက်တွေကို ဖော်ထုတ်ကြရမှာဖြစ်ပါ တယ်။

ဒီကနေ့ ကျွန်မတို့ ပြည်သူတွေအတွက်၊ ကျွန်မတို့နိုင်ငံအတွက် လုပ်ရမယ့် ကိစ္စရပ်တွေ၊ ဖြည့်ဆည်းပေးရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မပြေလည်မှုတွေကို ပြေလည်စေဖို့၊ မငြိမ်းချမ်းမှုတွေကနေ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ မတည်မငြိမ်ဖြစ်မှုတွေကို ဖယ်ရှားပေးနိုင်ဖို့၊ သူတို့အတွက် သေချာရေရာတဲ့ အနာဂတ်တွေကို ဆောင်ကြဉ်းပေးဖို့ ကျွန်မတို့ညီညွတ်ကြဖို့ အချိန်တန်နေပါပြီ။ ကျွန်မတို့ အချင်းချင်း လက်တွဲလုပ် ကိုင်ခြင်းကပဲ အတိတ်က စတင်ခဲ့တဲ့ သံသယနဲ့ မုန်းတီးမှုတွေကို ပြေပျောက်နိုင်စေပါလိမ့်မယ်။

အခုဆိုရင် ကျွန်မတို့ ပြည်သူတွေက (၂၁)ရာစု ပင်လုံညီလာခံကို မျှော်လင့်ချက် ကြီးကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ ကျွန်မတို့ရဲ့တုဖက်ပြိုင်ဆိုင်မှုတွေ၊ မာန်မာနနဲ့ အာဃာတ တိုးတက်မှုတွေကို ကျွန်မတို့ ပြည်သူတွေက အကဲဖြတ်ကြမှာပါ။ အတိတ်မှာ သာခဲ့တာတွေ၊နာခဲ့တာတွေကို ပြန်လည် သယ်ဆောင်နေဦးမယ်ဆိုရင် ကျွန်မတို့ရဲ့ ညီညွတ်ရေးကိုပိုပြီး ကွဲဟစေမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မရရှိခဲ့လို့ ညီညွတ်ရေးပြိုကွဲခဲ့တဲ့ နှစ်ပေါင်းများစွာ အမှောင်ထုကြီးကို ဖြိုခွင်းနိုင်မယ့် အခွင့်အရေးဟာ ဒီကနေ့ ကျွန်မတို့အားလုံး ရှေ့ကို ရောက်ရှိနေပါပြီ။ သမိုင်းကပေးတဲ့ အခွင့်အရေး၊ ပြည်သူကပေးတဲ့ အခွင့်အရေးပါပဲ။

ဒီအခွင့်အရေးကို အလဟဿ မဖြစ်စေဖို့ ကျွန်မတို့အားလုံး သတိပြုကြစေချင်ပါတယ်။ ရှေ့ကို ခြေတစ်လှမ်းတက်ဖို့ စိုးရွံ့မနေကြပါနဲ့။ ကျွန်မတို့ ကြောက်ရွံ့ရမှာက ကျွန်မတို့ စိတ်ထဲမှာရှိနေတဲ့ ကြောက်ရွံ့စိတ်တွေပဲ ဖြစ်ပါတယ်။ ဘယ်သူမှ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကို သေသေချာချာ သိနိုင်ကြတာ မဟုတ်ပါဘူး။ ဘာဖြစ်လာမယ်ဆိုတာ သေချာမသိနိုင်တဲ့ အခြေအနေနဲ့ ကျွန်မတို့ နေ့စဉ်နေ့တိုင်း အိပ်ရာက နိုးထလာခဲ့ကြတာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းမှာ ဘာတွေကြုံလာရဦးမယ်ဆိုတာ ကျွန်မတို့အားလုံး မသိနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့နောက်မှာ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာ လိုလားတောင့်တနေတဲ့ ပြည်သူတွေ ရှိနေပါတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေး အိပ်မက်တွေ မှေးမိန်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် သူတို့ဆန္ဒ၊ သူတို့ မျှော်လင့်ချက်တွေကတော့ အရောင်တလက်လက် တောက်ပနေကြတုန်းပါပဲ။ သူတို့နဲ့အတူ ကျွန်မတို့ရဲ့ ပြည်သူတွေနဲ့အတူ ကျွန်မတို့အားလုံး ရဲရဲတင်းတင်းနဲ့ ရှေ့ကိုတက်လှမ်း လိုက်ကြတာပေါ့။ ဖြစ်လာသမျှ ရင်ဆိုင်ကြ မယ်၊ ကြုံလာသမျှ ဖြေရှင်းကြမယ်။

ကမ္ဘာ့အလယ် တင့်တယ်၊ အားကောင်းတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက်၊ နောင်လာမဲ့ မျိုးဆက်တွေ တောက်ပရေးအတွက်၊ ကျွန်မတို့ပြည်သူ တွေနဲ့အတူ ကြိုးပမ်း တဲ့နေရာမှာ စေတနာ၊ ပညာ၊ သတ္တိလိုအပ်ပါတယ်။ နိုင်ငံ့အပေါ် ထားအပ်တဲ့ စေတနာ၊ စေတနာရဲ့ အသီးအပွင့်တွေ ဝေဆာစေနိုင်မယ့် ပညာ၊ ပညာရဲ့ လမ်းညွှန်မှုအရ လုပ်ရဲတဲ့ သတ္တိတွေနဲ့ ရှေ့ ငြိမ်းချမ်းရေး၊ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေကို တာဝန်ကျေစွာ ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်းမေတ္တာ ရပ်ခံချင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Read 476 times Last modified on Wednesday, 14 February 2018 12:51