SJ WorldNews - шаблон joomla Авто

လားရှိုးမြို့ရှိ ရိုးမဘဏ်၊ ဘဏ်ခွဲ (၁)အား အကြမ်းဖက် သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့က ဒေသန္တရမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီး၊ ရိုးမဘဏ် ၀န်ထမ်း အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂၂ ဦး ထိခိုက် ဒဏ်ရာရရှိ

Wednesday, 21 February 2018 20:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဖေဖော်ဝါရီ - ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းဆုံရှိ ရိုးမဘဏ်၊ ဘဏ်ခွဲ(၁)၏ ဘေးဘက် ရေမြောင်းနေရာ၌ ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့ ထောင်ထားသည့် ဒေသန္တရ မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ရိုးမဘဏ် ၀န်ထမ်း မစန္ဒာထွန်း(၄၈နှစ်)နှင့် မမော်မော် (၃၉နှစ်) တို့ ၂ ဦး သေဆုံးခဲ့ပြီး ဘဏ်ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရိုးမဘဏ် အဆောက်အဦး အတွင်းပိုင်း နေရာများ၌ ပျက်စီး ဆုံးရှုံးမှု များပြားခဲ့ကာ အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦများတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာသို့ ညနေ ၄ နာရီ ၄၇ မိနစ်ခန့်တွင် နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်မှ နယ်လှည့် ဆေးကုသရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင်များက သွားရောက်၍ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကနဦးဆေးဝါး ကုသပေးမှုများ ဆောင်ရွက်ပေးခြင်း၊ CCTV မှတ်တမ်းများအား စစ်ဆေးခြင်းနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက် ပျက်စီးဆုံးရှုံးမှု စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ဒဏ်ရာရရှိသူများအား နယ်မြေခံ တပ်မတော်ဆေးရုံမှ လူနာတင်ယာဉ်များဖြင့် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 361 times Last modified on Wednesday, 21 February 2018 20:29