နေပြည်တော် ၊ ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲ ဆင်နွှဲသူများဖြင့် စည်ကား သိုက်မြိုက်စွာ ဆက်လက် ဆင်နွှဲလျက်ရှိသည်။
မဟာသင်္ကြန်အကြတ်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ မဟာရေသဘင် မဏ္ဍပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ မိသားစု မဟာသင်္ကြန် ရေကစားမဏ္ဍပ်တို့၌ အတာရေ သဘင်ပွဲဆင်နွှဲကြရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန်ယိမ်း အကအဖွဲ့များ၏ ယှဉ်ပြိုင်ကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။
ထို့ပြင် ရေသဘင်ဆင်နွှဲကြသူများအား စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံ ကျွေးမွေးပြီး ရေသဘင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။