SJ WorldNews - шаблон joomla Авто

မြန်မာ့ရိုးရာ မဟာသင်္ကြန် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ် ပိတ်ပွဲ အခမ်းအနား ကျင်းပ

Monday, 16 April 2018 19:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၆

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်မှ ၁၃၈၀ ပြည့်နှစ်သို့ ကူးပြောင်းသော နှစ်ကူးအခါသမယ မြန်မာတို့၏ ဆယ့်နှစ်လ ရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလအရှည်ကြာဆုံး ကျင်းပသည့် မြန်မာ့နှစ်ကူး သင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝှမ်း ခြိမ့်ခြိမ့်သဲသဲဖြင့် ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့ဖြစ်သော ယနေ့အထိ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေကစားကြသူများ၊ မိသားစု သင်္ကြန်ယိမ်း အကအဖွဲ့များ၊ အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိကြသကဲ့သို့ နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ရေကစားမဏ္ဍပ်တွင်လည်း အတာရေသဘင် ပွဲတော်အား ယခင်နေ့များထက် အရာရှိ၊ စစ်သည်၊ မိသားစုများဖြင့် ပိုမိုစည်ကား သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့ ဖြစ်သော ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားအား နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နှင့်ဇနီး၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အမျိုးသမီး အရာရှိယိမ်းအကအဖွဲ့၊ အမျိုးသမီးစစ်သည် ယိမ်းအကအဖွဲ့ အပါအ၀င် မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အမျိုးသားအရာရှိ/စစ်သည် Dancerအဖွဲ့၊ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပိတ်ပွဲအခမ်းအနား ကျင်းပရာ အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြကာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့သည် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ ယိမ်းအဖွဲ့များအား အတာရေများဖြင့် အေးချမ်းပျော်ရွှင်စွာ ပက်ဖျန်းပေးကြပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

ယနေ့မွန်းလွဲပိုင်းတွင်လည်း နေပြည်တော်တိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌ မဟာသင်္ကြန် အတာရေသဘင် ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးကြပြီး ပါဝင်ဆင်နွှဲကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် ကပြဖျော်ဖြေခဲ့ကြသော ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 ဆက်လက်ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် အဖွဲ့ဝင်များနှင့် အတူ နေပြည်တော်ရှိ SKYNET ရေကစား မဏ္ဍပ်သို့ သွားရောက်၍ ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များ၏ သီဆိုကပြဖျော် ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ယနေ့သည် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည်နှင့်အညီ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၀န်း အတွင်းရှိ ရေကစား မဏ္ဍပ်၊ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှေ့ရှိ ရေကစားမဏ္ဍပ်၊ ဇေယျာသီရိကုန်တိုက် အနီးရှိ ရေကစားမဏ္ဍပ်၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်နှင့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရှေ့ရှိ ရေကစားမဏ္ဍပ်အပါအ၀င် အခြားရေကစား မဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် ပျော်ရွှင်စည်ကားစွာ ရေသဘင်ပွဲတော်ကို အောင်မြင်စွာ ဆင်နွှဲကြပြီး မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြရာ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့် အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်္ကြန်ချစ်သူပြည်သူများက အတာရေသဘင် ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

Read 200 times Last modified on Monday, 16 April 2018 19:33