SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့ တွေ့ဆုံ ဆွေးနွေး

Friday, 20 April 2018 08:33 font size decrease font size decrease font size increase font size increase font size

ဟနွိုင်း     ဧပြီ    ၁၉

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ်   မစ္စတာငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည်   ဗီယက်နမ်ဆိုရှယ်လစ် သမ္မတ နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားရောက်ရန်  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေကြောင်း ခရီးဖြင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ထွက်ခွာသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် ဦးကျော်တင်၊  ဒုတိယဝန်ကြီး   ဦးမင်းသူနှင့် ဦးဆက်အောင်၊  တာဝန်ရှိသူများနှင့် အတူ ယနေ့ဒေသ စံတော်ချိန်  နံနက် ၁ဝ နာရီတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ  ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ဗီယက်နမ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  Mr. Dang Dinh Quy ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် နိုင်ငံ သံအမတ်ကြီး Mrs. Luan Thuy Duong၊ ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး   ဦးကျော်စိုးဝင်း နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် တာဝန်ရှိသူများက  ကြိုဆို နှုတ်ဆက်ကြ သည်။                         

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များသည် မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုမည့်  Grand Plaza ဟိုတယ်သို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်  ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ၏   သူရဲကောင်း စစ်သည်ဗိမာန်သို့ ရောက်ရှိပြီး လွမ်းသူ့ပန်းခွေချဂါရဝပြုသည်။  

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်  ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံသမ္မတ အိမ်တော်၌   ကျင်းပသည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရာ  ဗီယက်နမ်ဆိုရှယ်လစ် သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုက ခရီးဦးကြိုဆိုနှုတ်ဆက်သည်။

ရှေးဦးစွာ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများ တီးမှုတ်၍ အလေးပြုသည်။

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်  ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင် များအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး ဂုဏ်ပြု တပ်ဖွဲ့၏  ချီတက် အလေးပြုခြင်းကို ခံယူကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝ န်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့်အတူ   မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံအစိုးရအဖွဲ့ ရုံး၌ကျင်းပသည့်  နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ တက် ရောက်ကြသည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် ဦးကျော် တင်၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင် များသည်  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်   သမ္မတ ဟိုချီမင်း လက်ထက်တွင်   စတင်သန္ဓေတည်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အဆက်ဆက်နှင့်  ပြည်သူများမှ   လက်ဆင့်ကမ်းခဲ့ကြသော မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ ကြသည့်  အစဉ်အလာနှင့် အတူတကွ ပူးပေါင်းဆောင်ရွက် မှုများကို လည်းကောင်း၊ လွန်ခဲ့သည့် နှစ်များ အတွင်း နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်ရေးတွင် အပြုသဘောဆောင်သော တိုးတက်မှုများ အထူးသဖြင့် ၂ဝ၁၇ခုနှစ် သြဂုတ်လတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံ ရေး အဆင့်သို့ တိုးမြှင့်နိုင်ခဲ့ခြင်းကိုလည်းကောင်း သုံးသပ်ပြောကြားခဲ့ပြီး နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊  စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း၊ ပညာရေး စသည့်ကဏ္ဍစုံတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပြည်သူများ အကြားအပြန် အလှန် ထိတွေ့ ဖလှယ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့ အစည်း များတွင် ပူးပေါင်း ဆောင်ရွက်မှု  မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံအကြား  ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်သည်။

လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီး ချုပ်တို့ရှေ့မှောက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဗီယက်နမ်နိုင်ငံ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဖန်းသမ်းတို့က မြန်မာနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံတို့ အကြား စာတိုက်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်  နည်းပညာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော် စိုးဝင်းနှင့် ဗီယက်နမ်နိုင်ငံသတင်းအချက်အလက်နှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာဖန်းသမ်းတို့က  နှစ်နိုင်ငံ အကြား    ပြန်ကြားရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ ကိုလည်းကောင်း  အပြန်အလှန် လက်မှတ်ရေးထိုးကြသည်။

ထို့နောက်ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည်  International Conference  Center ၌ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင် စွမ်းဖုက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့  တက်ရောက်ရာ  ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်က ကြိုဆို နှုတ်ဆက်သည်။

ညစာစားပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်  ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်တို့သည် ဂုဏ်ပြု နှုတ်ခွန်း ဆက် စကားများပြောကြားကြပြီး ညစာကို  အတူတကွ သုံးဆောင်ကြသည်။ 

Read 133 times Last modified on Friday, 20 April 2018 08:36