SJ WorldNews - шаблон joomla Авто

မြန်မာ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနှင့် ဒါကာမြို့သို့ ဧပြီ ၁၁ရက်မှ ၁၃ရက်အထိ သွားရောက် ခဲ့သည့်ခရီးစဉ်နှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

Friday, 20 April 2018 09:15 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    ဧပြီ   ၁၉

လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနှင့် ဒါကာမြို့သို့ ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်စပ်လျဉ်း၍  သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲသို့    နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သော ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုအကူအညီအထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ  အောင်ထွန်းသက်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဒေါက်တာ ဒေါ်သက်သက်ဇင်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ရေး အသင်းမှ ဦးတင်မြင့်၊ ဦးသန်းလွင်၊ ဒေါက်တာလှထွန်း၊ ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအစီအစဉ်ကို မိမိတို့အနေဖြင့် ဆောလျင်စွာနှင့်  ထိရောက်မှု ရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အချိန်မီ ဆောင်ရွက်နိုင် ရေးအတွက် ပြန်လာရန်ဆန္ဒရှိသူများဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူ ဟိန္ဒူဘာသာဝင် ၅ဝဝ ကျော်ကို   မိမိတို့ အစီအစဉ်ဖြင့် ရွေးချယ်စိစစ်အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း။

ဘင်္ဂလားဒေ့ရှ်ဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ ဟိန္ဒူဘာသာဝင် များကိုပြန်လည် ပို့ဆောင် မည့် ပထမအသုတ်၏ နောက်ဆုံး အပိုင်းတွင်မှ ပြန်လည်ပို့ဆောင်မည်ဟု မိမိတို့အား ပြောကြားခဲ့ကြောင်း၊ သို့ဖြစ်၍ မိမိတို့ဘက်မှ စိစစ် အတည်ပြုပြီးသည့် မွတ်စလင် ဘာသာဝင် ၇၅ဝ စာရင်း နှင့်အတူ ဘင်္ဂလား ဒေ့ရှ် ဘက်သို့ ပေးပို့ခဲ့ကြောင်း၊ မည်သည့် ပြန်ကြားချက်မျှ မရရှိသေးကြောင်း။

၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း သွားရောက်ခဲ့သည့် ပြည်ထဲရေးဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့၏ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ ၈ဝ၃၂ ဦးအတွက် ဖြည့်စွက် ထားသည့် ဖောင်ပုံစံများကို  မြန်မာကိုယ်စား လှယ်အဖွဲ့မှ လက်ခံ ရရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါပုံစံများအား ချက်ချင်းစိစစ်ခဲ့ရာ  ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးဆိုင်ရာ လက်တွေ့အသုံးချအစီအစဉ်  (Physical  Arrangement  for  Repatria-

tion of  Displaced  Myanmar  Residents  from Bangladesh) အရ နှစ်ဖက် သဘောတူညီထား သည့်ပုံစံ အတိုင်း ဖြည့်စွက်ထားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် အဆိုပါပုံစံများတွင် လက်မှတ်၊ လက်ဗွေရာများနှင့် သင့်လျော် ကောင်းမွန်သည့် ဓာတ်ပုံများ ပါဝင်လာ ခြင်းမရှိ သည်ကို တွေ့ရှိရကြောင်း၊ စိစစ်ရာတွင် အခက်အခဲရှိ၍ နေရပ်စွန့်ခွာ သူများက ဆန္ဒအလျောက် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မှန်မှန်ကန်ကန်ဖြည့်စွက် ထားသည့် ပုံစံများကို သံတမန် လမ်းကြောင်းမှ တစ်ဆင့် ပြန်လည် ပေးပို့ပေးပါရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့  သုံးကြိမ်တိုင်တိုင် မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း၊ ရရှိသည့် အချက်အလက် များဖြင့် မိမိတို့ဘက် အနေဖြင့် စိစစ်ခဲ့ ကြောင်း၊ ၎င်းတို့ပေးအပ်သည့် စာရင်းများထဲမှ ၆ဝဝကျော်သည် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သည့် အထောက် အထားများ တွေ့ရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်သို့ အသိပေးထားပြီးဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စု ဝန်ကြီးက စိစစ်အတည် ပြုပြီးသော ပြန်လာရန် ဆန္ဒရှိသူများကို လက်ခံရန် အဆင်သင့် ဖြစ်နေပြီး  လိုအပ်သော ပြင်ဆင်မှုများကိုလည်း ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ပြန်လည် လက်ခံရေးကို အမြန်ဆုံး စတင်လိုသည့် အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ကော့ဘဇား ရှိနေရပ်စွန့်ခွာ နေထိုင်သူ စခန်းများသို့ သွားရောက်၍ ၎င်းတို့နှင့် တွေ့ဆုံကာ ပြန်လည် ဝင်ရောက်ရန် တိုက်တွန်း သွားခြင်းသည်  သင့်လျော်ကောင်းမွန်သော နည်းလမ်း ဟု ယူဆကြောင်း။

ထို့ကြောင့်   ခရီးစဉ်စီစဉ် သွားရောက်ခဲ့ ကြောင်း၊ အဆိုပါခရီးစဉ်တွင် ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး လည်း လိုက်ပါရန် ဖိတ်ကြားခဲ့ကြောင်း၊ လိုက်ပါနိုင်ခြင်း မရှိခဲ့ကြောင်း၊ နော်ဝေ သံအမတ်ကြီးသည်လည်း လိုက်ပါရန် စီစဉ်ပြီးမှ လိုက်ပါမည့် သံတမန်သည် ၎င်းတစ်ဦးတည်း ဖြစ်နေသည့် အတွက်   လိုက်ပါနိုင် ခဲ့ခြင်း မရှိကြောင်း၊ ကော့ဘဇား ခရီးစဉ်အတွင်း အဆိုပါ ဟိန္ဒူဘာသာဝင် ၅ဝ၈ဦး၊ မွတ်စလင် ၇၅ဝ နှင့် စိစစ် အတည်ပြုပြီးဖြစ်သော အဆိုပါ ၆ဝဝကျော်တို့နှင့် တွေ့ဆုံရန် မေတ္တာရပ်ခံ ခဲ့သော်လည်း တွေ့ဆုံခွင့် မရရှိ ခဲ့သည့် အတွက် များစွာ စိတ်ပျက်မိကြောင်း၊  ကိုယ်စားလှယ် အဖွဲ့ရောက်ရှိခဲ့သည့် စခန်းရှိ   နေရပ် စွန့်ခွာသူများ အား မြန်မာဘက်မှဆောင်ရွက်ထားသည့် ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်မှုများ နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခွင့်ရရှိသူများက ၎င်းတို့ အနေ ဖြင့် ပြန်လည် လက်ခံရေးအတွက် ဖြည့်စွက်ရမည့် မည်သည့်ပုံစံကိုမျှ လက်ခံရရှိ ထားခြင်း မရှိကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကိုလည်း   သိရှိနားလည်ထားခြင်း မရှိကြောင်း ပြောကြား လာကြောင်း။

ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး တို့နှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် ဘက်မှ ပြန်လည်ပေးပို့ခဲ့သည့်ပုံစံများသည် နှစ်ဖက် သဘောတူညီထား သည့်ပုံစံအတိုင်း ဖြည့်စွက် ထားခြင်း မရှိကြောင်းကိုလည်း ပြောကြားခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည် ယင်းသို့ဖြည့်စွက် ထားခြင်းမရှိသည်ကို ယင်းအချိန်မှသိရှိရသည့် အတွက် မြန်မာဘက်အနေဖြင့်   အံ့သြရ

ကြောင်း၊ နှစ်ဖက်သဘောတူညီ ထားသည့်ပုံစံ အတိုင်း မကြာမီပြန်လည် ပေးပို့ပေးမည်ဟု ပြောကြားခဲ့ ကြောင်း၊ ၎င်းတို့ဘက်မှ ပေးပို့သည့် ၈ဝ၃၂ဦး၏ ပုံစံသည် ကာယကံရှင်များ မသိရှိဘဲ ရပ်မိရပ်ဖခေါင်း ဆောင်များ၏ အစီအစဉ် ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာထမ်းများ၏ အလွတ်သဘော ပြောကြားမှုအရ သိရှိရကြောင်း၊ နှစ်ဖက်သဘောတူ ညီထားသည့် သတ်မှတ်ထားသော ပုံစံတွင် ဖြည့်စွက်ရေးသည် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် စတင်နိုင်ရေး အတွက် များစွာအရေးကြီးကြောင်း၊  ကော့ဘဇားရှိ စခန်းများ၏   အနေအထားသည်  လွန်စွာ ဆိုးရွားသည်ဟု သိရှိရကြောင်း၊ ဆောလျင်စွာစိစစ်ပြီး ပြန်လည် လက်ခံလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ခရီးစဉ် သွားရောက်ရသည့် ရည်ရွယ်ချက်၊ ပြန်လည်လက်ခံရေး အတွက် အဆင်သင့်ရှိမှု၊ NVC ကတ်ကိုင် ဆောင်ခြင်း၏ အကျိုးရလဒ်များကို ရှင်းလင်းပြောကြား၍ ကော့ ဘဇား ခရီးစဉ်အတွင်း မိမိတို့တွေ့ဆုံရန် မေတ္တာရပ်ခံသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း၊ နေရပ် စွန့်ခွာ နေထိုင်သူများ စခန်းတွင် နေရပ်စွန့်ခွာသူ အချို့နှင့် တွေ့ဆုံခဲ့ကြောင်း၊  မြန်မာစကား ကောင်းစွာ ပြော တတ်သူ အချို့ပါဝင်ကြောင်း၊ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ပုံစံဖြည့် စွက်ရမည့်အချက် အလက် များကို မသိရှိကြ ကြောင်း၊ မည်သူကမျှလည်း လာရောက်ပြော ဆိုခြင်းမရှိဟု သိရှိရကြောင်း၊ တွေ့ဆုံ သူများ အားလုံးက မြန်မာနိုင်ငံသို့ ပြန်လာလိုသည်ဟု ပြောကြားကြကြောင်း၊ ဒါကာမြို့တွင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ရလဒ်ကောင်းရရှိသည့် တွေ့ဆုံမှု ဖြစ်ကြောင်း၊ နှစ်ဖက်သဘော တူညီထားသည့်ပုံစံဖြင့် ပေးပို့ခြင်းမဟုတ်သည်ကို နိုင်ငံခြားရေးဝန်ကြီး သိရှိသွားခဲ့ကြောင်း၊  ပုံစံအမှန်တွင်ဖြည့်စွက်၍ ဆောလျင်စွာပေးပို့ ပေးမည်ဟု ပြောကြားခဲ့ကြောင်းဖြင့် ပြောကြားသည်။

UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က မိမိတို့သွားရောက်သည့် ကော့ဘဇားခရီးစဉ် အတွင်း  ဒါကာမြို့ရှိ မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများမှ သံတမန် များလိုက်ပါရန်စီစဉ်ခဲ့သော်လည်း လေယာဉ် လက်မှတ်အဆင်မပြေ၍ လိုက်ပါနိုင်ခြင်းမရှိ ခဲ့ကြောင်း၊ မိမိတို့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ လည်း ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် အမြန် ဆုံးစတင်နိုင်ရေး အတွက်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရမှ တာဝန်ရှိသူများ၊ နေရပ်စွန့်ခွာ သူများနှင့် တွေ့ဆုံဆွေးနွေးပြောကြားရန်ဖြစ် ကြောင်း၊ ပြန်လည်လက်ခံရေး အတွက် လိုအပ် သည့်ပုံစံများဖြည့်စွက်ရန် မသိရှိကြသည့် အချက်မှာ အံ့သြစရာဖြစ်ကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမှုသည် ခရီးစဉ်၏  အဓိကအရေးပါသည့်တွေ့ဆုံမှု ဖြစ်ခဲ့ကြောင်း၊ မိမိ အဓိကပြောကြား လိုသည်မှာ မြန်မာဘက် အနေဖြင့် ပြန်လည် လက်ခံရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း၊ ပြန်လည် လက်ခံရေးအတွက်သာမက ပြန်လည်လာရောက်သူများ အသက်မွေးဝမ်းကျောင်း အတွက် လည်း ပြင်ဆင်ထားရှိကြောင်း၊ ခရီးစဉ်အတွင်း ကိုယ်စားလှယ် အဖွဲ့၏ ပြောကြားချက်များကို သတင်း မီဒီယာ များက လွဲမှားစွာ ဖော်ပြခဲ့မှုများ ရှိကြောင်း၊

သတင်း မီဒီယာ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးကြောင်း၊ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာ သွားသူများက ၎င်းတို့ဆန္ဒအလျောက် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန် လည်လက်ခံနိုင်ရေး အတွက် စိတ်ရင်းအမှန်ဖြင့် ကြိုဆိုခဲ့ကြောင်း၊ ပြန်လည်လာရောက်မည့် သူများကို ကြိုဆိုကြောင်း၊ ပြန်လည် လက်ခံရန် အသင့်ရှိပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် ဘာသာ ပေါင်းစုံ ညီညွတ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးသန်းလွင်၊ ဒေါက်တာ လှထွန်းတို့က ခရီးစဉ် နှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားရာ မိုးရာသီရောက်တော့ မည်ဖြစ်၍   ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် စတင်နိုင်ရန် အရေးကြီးကြောင်း၊ ခရီးစဉ်၏အဓိက ရည်ရွယ်ချက်မှာ ပြန်လည် လာရောက်ရေးအတွက် ရှင်းလင်း ပြောကြားရန် ဖြစ်ကြောင်း၊ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့သော်လည်း တွေ့ဆုံခဲ့ရခြင်းမရှိကြောင်း၊ သတ်မှတ်ထားသည့် ပုံစံများတွင် ဖြည့်စွက်၍ ပေးပို့ပေးရေးအတွက် ကူညီပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ ကော့ဘဇား ရောက်ရှိ နေသည့် ဟိန္ဒူများနှင့်တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့သော်လည်း  ၎င်းတို့ နေရာသည်  ဝေးလံ သည့်အတွက် စီစဉ်ပေးနိုင်ခြင်းမရှိဟု တစ်ဖက်မှပြောကြားခဲ့ကြောင်း၊ ပြီးမှ ပြန်လည်သိရှိ ရသည်မှာ  မိမိတို့သွားရောက်ခဲ့သည့် စခန်း မရောက်မီ ၎င်းတို့နေထိုင်သည့် စခန်းရှိသည် ဟုသိရှိရ၍ မတွေ့ဆုံ နိုင်ခဲ့သည်ကို လွန်စွာ ယူကျုံးမရဖြစ်မိကြောင်း၊၎င်းတို့ အနေဖြင့် ပုံစံများဖြည့်စွက်ရန်အတွက် ပုံစံ လာရောက် ပေးခြင်းမရှိ သေးကြောင်း၊ မြန်မာဘက်မှလည်း လက်ခံရန် အသင့်ရှိနေသည့်အတွက် ဟိန္ဒူ ဘာသာ ဝင်များ အမြန်ဆုံး ပြန်လာရေးအတွက် ကူညီ ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရ အစိုးရ၊ ကုလ သမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကို မေတ္တာ ရပ်ခံကြောင်းဖြင့် ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူများမှ မေးမြန်းလာသည့် မေးခွန်းများအပေါ် ကိုယ်စားလှယ် အဖွဲ့ ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် တက်ရောက်လာသူများအား   ကျေးဇူးတင်ရှိကြောင်း၊ ၂၅-၈-၂ဝ၁၇ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယင်းဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ကို အမြန်ဆုံး စတင်လိုကြောင်း၊ နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေး ဆိုင်ရာ သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရေးကို ဆောင်ရွက် လျက်ရှိ ကြောင်း၊ မိမိတို့ ဆန္ဒအလျောက် လုံခြုံစွာနှင့်ဂုဏ်သိက္ခာရှိစွာ ပြန်လည်လာရောက် ရေးမူနှင့် အညီ မြန်မာဘက်အနေဖြင့် ၎င်းတို့ဆန္ဒအလျောက် ပြန်လည်လာရောက်မည့်သူများကို လက်ခံရန် အသင့်ရှိ ကြောင်း၊ ပြန်လည်လာရောက် လိုသူများကို ပြန်လည်လာရောက် ခွင့်ပြုသင့်ကြောင်း ဖြင့် ပြောကြား ခဲ့သည်။

Read 116 times Last modified on Friday, 20 April 2018 09:16