SJ WorldNews - шаблон joomla Авто

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာပြုလုပ်

Monday, 23 April 2018 08:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ   ၂၂

မန္တလေးမြို့၊  ချမ်းမြသာစည် မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင်ပြုလုပ်ရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊  ဗန်းမော် ကျောင်းတိုက်ဆရာတော်  အဘိဓဇမဟာရဋ္ဌ ဂုရု   အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ အမှူးပြုသော နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် မန္တလေးမြို့ပေါ်မှ ပင့်သံဃာ ၁ဝ၈ဝပါးတို့ ကြွရောက် တော်မူကြသည်။

ဦးစွာ  ဗုဒ္ဓဝေယျာဝစ္စ အဖွဲ့နှင့် ပင့်ဆောင် ရေးအဖွဲ့တို့က  ဗန်းမော်ကျောင်းတိုက် ဆရာတော် အမှူးပြုသော    သံဃာတော် များအား သတ်မှတ်နေရာ အသီးသီးသို့ ပင့်ဆောင်ကြပြီး ဗန်းမော်ဆရာတော် အမှူးပြုသော သံဃာ တော် များက မဟာမုနိရုပ်ရှင် တော်မြတ်ကြီးအား အနေကဇာတင် ပူဇော်၍ ပရိတ်တရားတော်များ ရွတ် ဖတ်ပူဇော်ကြသည်။

ထို့နောက် ဗန်းမော်ဆရာတော်အမှူးပြုသော သံဃာတော်များအား မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင် ကျော်ဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊  တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သင်္ကန်း၊ ဆွမ်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လောင်း လှူကြသည်။

ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင် ရေစက်ချမင်္ဂလာကို မိုးကောင်း ဓမ္မာရုံ၌ပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဗန်းမော် ဆရာတော်ကြီး ထံမှ ငါးပါးသီလခံ ယူဆောက် တည်ကြပြီး  သံဃာတော်များအား  သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ဘုရားကြီးတောင်ဘက်စောင်းတန်း အနီးရင်ပြင်၌ အဆင့်မြှင့်တင် ပြင်ဆင် ပြီးစီးသွားသည့် မြန်မာ့ လက်မှု အနုပညာ ပစ္စည်းများ ပြတိုက်၊ သမိုင်းပန်းချီပြတိုက်၊ ကြေးရုပ်ပြတိုက်တို့ကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြတိုက်များအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြ ကြောင်း သတင်းရရှိသည်။     

Read 108 times Last modified on Monday, 23 April 2018 08:47