SJ WorldNews - шаблон joomla Авто

ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ်းရိုးတန်း ဂေဟစနစ်များအပေါ် ထိခိုက်နိုင်မှု ဆန်းစစ်ခြင်းနှင့် ဆန်းစစ်ရရှိမှု အပေါ် အခြေခံပြီး စနစ်တကျ ဘက်စုံစီမံကိန်းများ ရေးဆွဲ ဆောင်ရွက်

Thursday, 17 May 2018 08:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    မေ   ၁၆

နိုင်ငံအဆင့်  ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ  စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန  သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ၏  စတုတ္ထအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင်  ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၁၁၃/၂ဝ၁၆) ဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၁၉ ဦးပါဝင်ကာ လုပ်ငန်းတာဝန် (၁ဝ)ရပ်ချမှတ်ခဲ့ကြောင်း၊ အဆိုပါတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းကော်မတီ၊ အကြံပေး ကော်မတီခြောက်ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကော်မတီများနှင့် ခရိုင်အဆင့် ကော်မတီ များကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း။

ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏  လုပ်ငန်းညှိနှိုင်း အစည်းအဝေး သုံးကြိမ်တွင် အစည်းအဝေး ဆုံးဖြတ်ချက် စုစုပေါင်း ၂၃ ချက် ချမှတ်ခဲ့ကာ ဆောင်ရွက်ပြီးစီးမှု ရှစ်ချက်ရှိပြီး ဆောင်ရွက်ဆဲ ၁၅ ချက်ရှိသည်ကို တွေ့ရှိရကြောင်း၊   ဆောင်ရွက်ဆဲ လုပ်ငန်းများထဲမှ  အချိန်တိုတိုနှင့် ပြီးမြောက်ရမည့် လုပ်ငန်းများကို  နောက်လာမည့် အစည်းအဝေးမတိုင်မီ ပြီးမြောက်အောင်နှင့် ရေရှည်ဆောင်ရွက် ရမည့် ဆုံးဖြတ်ချက်များကို အချိန်ကာလ သတ်မှတ်ပြီး ပြီးစီးအောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

မြန်မာ့ပင်လယ်ကမ်းရိုးတန်း ဒေသသည် ၂၈၃၂ကီလိုမီတာခန့် ရှည်လျားကာ ကမ်းဦး ရေတိမ်ပိုင်းရေပြင် အကျယ်အဝန်းမှာ ၂၃ဝဝဝဝ sqkm ခန့်ကျယ်ဝန်းပြီး ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်း ဂေဟစနစ်၊ ပင်လယ်မြက်ခင်း၊ လတာပြင်၊ မြစ်ဝနှင့် သဲသောင်ကမ်း ခြေဂေဟစနစ်များ တည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါဂေဟစနစ်များသည် ကမ်းရိုးတန်းဒေသ စနစ်ကြီးတစ်ခုလုံး ပုံမှန်လည်ပတ်နိုင်ရန်အတွက် ကိုယ်စီကိုယ်ငှ လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ သီးခြားစနစ်တစ်ခု ထိခိုက်ပျက်စီးသည်နှင့် စနစ်ကြီးတစ်ခုလုံး အပေါ်တွင် အကျိုးသက်ရောက်နိုင်ကြောင်း၊ ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန် အတွက် လုပ်ငန်းမဆောင်ရွက်ခင် ကတည်းက ကမ်းရိုးတန်း ဂေဟစနစ်များအပေါ် ထိခိုက်နိုင်မှု ဆန်းစစ်ခြင်းနှင့် ဆန်းစစ်ရရှိမှု အပေါ်အခြေခံပြီး စနစ်တကျ ဘက်စုံစီမံကိန်းများ ရေးဆွဲဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ ၎င်းအပြင် ကမ်းရိုးတန်း ဒေသတွင် ဆောင်ရွက်နေသည့်  ဖွံ့ဖြိုးရေး လုပ်ငန်းများသည် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ထိခိုက်မှုမရှိအောင် ထုတ်ပြန်ထား သော စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ပြီး သက်ဆိုင်ရာ ဌာနများ၊ ဒေသခံများနှင့် ပူးပေါင်းကာ ဂေဟစနစ်များ မပျက်စီးရေး၊ ပင်လယ်ကမ်းရိုးတန်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားစေလိုကြောင်း။

ပင်လယ်ကမ်းရိုးတန်း သယံဇာတများကို  အကျိုးရှိ ထိရောက်စွာနှင့် ရေရှည်အသုံးပြုနိုင် ရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ  အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြင့် ''ပေါင်းစည်းဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့် စွမ်းအား''နှင့်အတူ မိမိတို့နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း သယံဇာတများကို လက်ရှိနိုင်ငံသားတို့အတွက်သာမက နောင်သားစဉ်မြေးဆက်အတွက်ပါ  စီမံအုပ်ချုပ် လုပ်ကိုင်နိုင်မည့် စနစ်တစ်ရပ်ကို မိမိတို့တည် ထောင်ထားခဲ့နိုင်အောင် လုပ်ဆောင်ခြင်းလည်း ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီးလေးခုနှင့် ပြည်နယ်နှစ်ခုတွင်ရှိသော ကမ်းရိုးတန်းဒေသ တစ်လျှောက်တွင် ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်း အရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက် ခန့်နေထိုင်လျက်ရှိပြီး  တစ်နည်းမဟုတ် တစ်နည်း ပင်လယ်ကမ်းရိုးတန်းဒေသ ဂေဟစနစ်များက ရရှိသည့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အပေါ်တွင် မှီခိုရှင်သန်ရပ်တည်နေကြရ ကြောင်း၊ ကမ်းရိုးတန်းသယံဇာတများကို ရေရှည်တည်တံ့စေသော စီမံအုပ်ချုပ်လုပ်ကိုင် မှုလုပ်ငန်းများ စနစ်တကျ မရှိပါက သယံဇာတ များကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကြောင့်

အရေးပါသည့် ဂေဟစနစ်များ အတိုင်းအတာ တစ်ခုအထိ ပျက်စီးယိုယွင်း လာနိုင်ပြီး ထိုဂေဟ စနစ်များကရရှိနေသော ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ လျော့နည်းကျဆင်းသွား မည်ဖြစ်ကြောင်း၊ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်များသည် လူတို့၏နေ့စဉ်စား ဝတ်နေရေးနှင့် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရေးတို့အတွက် သဘာဝအလျောက် တည်ရှိနေသော အခြေခံ အဆောက်အဦများ ဖြစ်ကြကြောင်း၊ ထိုအခြေခံ အဆောက်အဦများကို လူတို့က တန်ဖိုးထားထိန်းသိမ်း ကာကွယ်လျှင် ၎င်းတို့ထံမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ပြီး ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရေးတို့ကို များစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း။

၁၉၈၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ (World Charter for Nature) ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကြေညာစာတမ်းတွင် ''မိခင်သဘာဝကို လေးစားပါ၊ ကမ္ဘာပေါ် မှာအပင်နှင့် တိရစ္ဆာန်တို့ မျိုးရိုးဗီဇစုံလင်စွာ တည်ရှိမှုကို ထိခိုက်ပျက်စီးမှု မရှိစေရန် ဆောင်ရွက်ပါ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ပါ၊ သယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးပါ၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု မရှိစေရန် ဆောင်ရွက်ပါ'' စသည့် တိုက်တွန်းချက်များကို တွေ့ရသည့်အတွက် လွန်ခဲ့သော  ၃၅ နှစ်ခန့်ကစပြီး သဘာဝဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန် နှိုးကြားသည့်အသိ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း။

ပင်လယ်ကမ်းရိုးတန်း ဒေသများ အပါအဝင် နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ''ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်သည့်အုပ်စု'' နှင့် ''ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အုပ်စု''တို့အကြား အငြင်းပွားစရာများလည်း ရှိနေကြောင်း။ အမှန်တကယ်တွင် ''ဖွံ့ဖြိုးရေး'' နှင့် ''ထိန်းသိမ်းရေး'' တို့သည် လူသားများအတွက် နှစ်မျိုးလုံး လိုအပ် နေသောကြောင့် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက် သွားကြမည့်အစား အချင်းချင်းညှိနှိုင်းပြီး အတူတူလက်တွဲ ဆောင်ရွက်ကြမည်ဆိုပါက လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး မဏ္ဍိုင်သုံးရပ်စလုံးကို အလေးထားသည့် ''ဖွံ့ဖြိုးရေးပန်းတိုင်''ကို ရောက်ရှိမည်ဖြစ်ကြောင်း၊ မိမိတို့ကော်မတီများ အနေဖြင့် ကမ်းရိုးတန်း ဒေသ ရေရှည်တည်တံ့ ဖွံ့ဖြိုးလာစေရန်အတွက် အခြေခံ အဆောက်အဦများ တည်ဆောက်သည့် အခါတွင် ''ဆွေးနွေးညှိနှိုင်းရေးနည်း'' ဖြင့် ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားလိုကြောင်း။

နိုင်ငံတစ်ခု  ဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝအရင်းအမြစ်သည် အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ ကျန်ရှိသည့် လူသားအရင်းအမြစ်၊ ကုန်ထုတ်လုပ်မှု အရင်းအမြစ်၊ လူမှုရေးအရင်း အမြစ်နှင့်  ငွေကြေးအရင်းအမြစ်တို့သည် သဘာဝ အရင်းအမြစ်အပေါ်တွင် မှီတည်ပြီး ဖွံ့ဖြိုးတိုးတက် ကြကြောင်း၊ ကမ်းရိုးတန်းသယံ ဇာတများသည်  မိမိတို့နိုင်ငံအတွက် အရေးပါသည့် သဘာဝအရင်းအမြစ် တစ်ရပ်ဖြစ်သည့် အတွက် ထိုသယံဇာတများ ပျက်စီးယိုယွင်းမှု မရှိစေရေးကို အခြေခံစဉ်းစားပြီး အချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ပင်လယ်ကမ်းရိုးတန်း ဒေသများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ရရှိမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံက ကတိကဝတ်ပြုထားသည့် အပြည်ပြည် ဆိုင်ရာသဘော တူညီချက် များဖြစ်သော ဇီဝမျိုးစုံ မျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း၊ ပဲရစ်သဘောတူညီချက်နှင့်  ပင်လယ်ကမ်း ရိုးတန်း သယံဇာတများနှင့် ဆိုင်သည့် ထာဝစဉ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များကို ဖြည့်ဆည်း အကောင်အထည်ဖော်ဆောင်ရာ ရောက်မည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့်  လုပ်ငန်းဆောင်ရွက် ထားရှိမှုများ၊ ဆောင်ရွက် ပြီးစီးမှုများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ ရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးနိုင်ရေး ပြောကြားသည်။

ထို့နောက် Marine Spatial Planning ဆိုင်ရာ အသိပညာပေး ဗီဒီယိုမှတ်တမ်းကို ပြသသည်။ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက တတိယအကြိမ် အစည်းအဝေးမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်မှု များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်  ဒေါက်တာအောင်သူ၊ တွဲဖက် အတွင်းရေးမှူး(၂) ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုး အောင်၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ဒေါက်တာခင်ဇော်၊ ဦးဝင်းခန့်နှင့် ဦးတင်မောင် ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ဗိုလ်မှူးချုပ် နိုင်မင်းကျော်တို့က  ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊  ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပင်လယ်ကမ်းရိုး တန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ တရားမဝင် ငါးဖမ်းခြင်းနှင့် စည်းကမ်းမဲ့ ငါးဖမ်းရေယာဉ်များအား  စစ်ဆေးအရေးယူမှု အခြေအနေ၊ ဒီရေတောများ ပြုစုထိန်းသိမ်းစောင့် ရှောက်နေမှုအခြေအနေ၊ ဒီရေတောစိုက်ခင်းများ တည်ထောင်နေမှု အခြေအနေ၊ တည်ထောင်ခွင့်လက်မှတ်များ ထုတ်ပေးထားမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက် အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိ နှိုင်းပေး၍ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)

Read 46 times Last modified on Thursday, 17 May 2018 08:42