SJ WorldNews - шаблон joomla Авто

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (၂၄)ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် အမှာစကား ပြောကြား

Wednesday, 13 June 2018 08:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁၂

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ယနေ့ကျင်းပသည့် (၂၄) ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် ယခုနှစ်အစည်းအဝေး၏ အကြောင်းအရာဖြစ်သည့် ''ပွင့်လင်းသော အာရှဖြစ်ရေး၊ ကြီးပွားရေးနှင့် တည်ငြိမ်ရေးရရှိအောင် ဆောင်ရွက်ရေး နည်းလမ်း''နှင့်အညီ  အမှာစကားပြောကြားရာ၌  ဒီမိုကရေစီ အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များအား ဦးစားပေး လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း။

 အရှေ့အာရှနှင့် ပစိဖိတ်ဒေသများတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး စီးပွားရေးဖွံ့ဖြိုးမှု ရာခိုင်နှုန်းအား ၂ဝ၁၈ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းထိတိုးမြှင့်ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ကုန်သွယ်ရေး အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ အကျဉ်းချုပ်ကို ဆွေးနွေးတင်ပြပြီး အာရှ၏အနာဂတ်သည် ငြိမ်းချမ်းရေးကို အရင်းပြုပြီး ဘက်ပေါင်းစုံပါဝင်သည့် စနစ်အားကောင်းစေရေးနှင့်  စည်းမျဉ်းစည်းကမ်းပေါ် အခြေခံ၍ ဘက်ပေါင်းစုံပါဝင်သော ကုန်သွယ်မှုစနစ် ကာကွယ်ခြင်းသည်သာ အရေးကြီးဆုံးဖြစ်ကြောင်း  ထည့်သွင်းပြောကြားသည်။

ဆွေးနွေးပွဲတွင် moderator တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံချက်နှင့် ပတ်သက်၍လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ရေရှည်တည်တံ့စေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စသည်တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ၎င်း၏အမြင်ကို ဆွေးနွေးပြောကြားသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးအား Nikkei    သတင်းဌာနမှ တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းသည်။

  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဂျပန်-မြန်မာ ပါလီမန်များ ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ  Mr. Ichiro Aisawa ဦးဆောင်သည့် လွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ လည်းကောင်း၊ ဂျပန်-မြန်မာ အဖွဲ့အစည်း ဥက္ကဋ္ဌMr. Hideo Watanabe ပါဝင်သည့် ဂျပန်အစိုးရမှ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများနှင့်   အခြားသောနယ်ပယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် အလုပ်သဘော ညစာစားပွဲသို့ လည်းကောင်း တက်ရောက်ခဲ့သည်။ 

တွေ့ဆုံပွဲများတွင်  ဂျပန်-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအဓွန့်ရှည်စေရေး၊  မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်ကိစ္စ အလေးထား ဖြေရှင်းနေမှု၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ လွှတ်တော်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊  စီးပွားရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊  အားကစား၊ ချေးငွေလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ပိုမိုအားကောင်းစေရေး စသည်တို့အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြောင်း သတင်း ရရှိသည်။                             

(သတင်းစဉ်)

Read 1403 times Last modified on Wednesday, 13 June 2018 08:38