SJ WorldNews - шаблон joomla Авто

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ တတိယနေ့ကျင်းပ

Saturday, 23 June 2018 08:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၂

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမဝင်း၌ ကျင်းပသည်။ အဆိုပါပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာ ကုန်သည်များက ကျောက်စိမ်းခန်းမ မြေညီထပ်၌ ခင်းကျင်းပြသ ထားသည့် လက်ဝတ်ရတနာ အရောင်းဆိုင်များ၊ ကျောက်စိမ်းခန်းမ အပေါ်ထပ်နှင့် အောက်ထပ်တို့၌ ဧရိယာအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက် အတွဲများ၊ ကျောက်စိမ်းဝင်းအတွင်း သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသ ထားသည့် မြန်မာ့ကျောက်မျက် ရတနာများကို လေ့လာကြည့်ရှုပြီး ကျောက်မျက်အတွဲများ အတွက် ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။ ကျောက်မျက် ရတနာပြပွဲတွင် ကျောက်မျက် အတွဲများ၏ အခြေခံဈေး သတ်မှတ်ချက် အနေဖြင့် ကျောက်မျက်အတွဲ အခြေခံဈေး ယူရို ၅ဝဝ နှင့်အထက်၊ ကျောက်စိမ်းရိုင်းအတွဲ အခြေခံဈေး ယူရို ၄ဝဝဝ နှင့်အထက်၊ ကျောက်စိမ်းအချောထည်အတွဲ အခြေခံဈေး ယူရို ၁ဝဝဝ နှင့် အထက်တို့ကို တင်ပြရောင်းချ မည်ဖြစ်ပြီး ပြပွဲအစီအစဉ် အနေဖြင့် ဇွန် ၂ဝ ရက်မှ ၂၂ ရက်အထိ ကျောက်မျက်အတွဲများကို ကြည့်ရှုစစ်ဆေးခြင်း၊ ဇွန် ၂၃ ရက်တွင် ကျောက်မျက် အတွဲများကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခြင်း၊ ဇွန် ၂ဝ ရက်မှ ၂၃ ရက်အထိ ကျောက်စိမ်း အတွဲများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ဇွန် ၂၄ ရက်မှ၂၉ ရက်အထိ ကျောက်စိမ်း အတွဲများကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ အခြေခံဈေးနှုန်း အများဆုံး သတ်မှတ်ချက်သည် ယူရိုငွေတစ်သန်းနှင့်အထက် တင်ပြရောင်းချသည့် ကျောက်စိမ်း အတွဲ(၁၄)တွဲ ရှိသည့်အနက် အများဆုံးယူရိုငွေ ၁၅ သန်းဖြင့် ရောင်းချသည့် အတွဲတစ်တွဲ ပါဝင်သည်။ ယင်းသို့ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချရာ၌ ဇွန် ၂၃ ရက်တွင် ကျောက်မျက် ၃၃၆ တွဲ၊ ဇွန်၂၄ ရက်မှ ၂၉ ရက်အထိ ကျောက်စိမ်းအတွဲပေါင်း ၆၇၉၅ တွဲ စုစုပေါင်း ကျောက်စိမ်းကျောက်မျက် ၇၁၃၁ တွဲကို ရောင်းချသွားမည်ဖြစ်သည်။ ပြပွဲသို့ တရုတ်၊ ထိုင်း၊ ကနေဒါ၊ သြစတြေးလျနှင့် အမေရိကန် နိုင်ငံတို့မှ ရတနာကုန်သည်များ လာရောက်ကြရာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ပြည်တွင်း ရတနာကုန်သည် ၁၂ဝဝ ကျော်နှင့် ပြည်ပရတနာကုန်သည် ၃ဝဝဝ ကျော် တက်ရောက် လေ့လာကြကြောင်း သိရသည်။

Read 109 times Last modified on Monday, 25 June 2018 10:08