SJ WorldNews - шаблон joomla Авто

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက ရွှေကျင်နိကာယ ဥပဥကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တမာနိတသိရီဘိဝံသ သက်တော် (၈၄)နှစ် သိက္ခာတော်( ၆၄)ဝါ၏ ထေရုပ္ပတ္တိ အကျဉ်း

Sunday, 24 June 2018 10:00 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယကတွဲဖက် ရွှေကျင်သာသနာပိုင် မတ္တရာသူဌေးကျောင်းတိုက် ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမာနိတသိရီဘိဝံသအား ၁၂၉၆ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက် ကြာသပတေး နေ့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာနေ ခမည်းတော် ဦးထွန်းအေး-မယ်တော် ဒေါ်ပေါတို့မှ ဖွားမြင်တော်မူခဲ့ပါသည်။

၁၃ဝ၇ ခုနှစ် တန်ဆောင်မုန်းလတွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါ သည်။ ၁၃၁၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းဆရာတော် စုဒ္ဒသမရွှေကျင် သာသနာပိုင်လျာ ဘဒ္ဒန္တအဂ္ဃိယ၏ ခြေတော်ရင်းသို့ရောက်ခဲ့သည်။ ၁၃၁၆ ခုနှစ် ဝါခေါင်လပြည့်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်၊ လူရိပ် (၂) ဖဝါး၊ (၁) ဖီလာ အချိန်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် ဗဒ္ဓသိမ်တွင် နဝမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု စံကင်းဆရာတော် ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးနှင့် ဇယမေဒနီဆရာတော်၏မယ်တော်ကြီး အဖွားတွယ်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

၁၃ဝ၃ ခုနှစ် သက်တော် ၈ နှစ်တွင် ကောက်ရိုးပုံရွာလည် ကျောင်းဆရာတော် ဥူးဝဏ္ဏထံမှ အခြေခံစာပေ များကို သင်ယူခဲ့ပြီး ၁၃ဝ၅ ခုနှစ်တွင် စဥ့်ကူးမြို့နယ် ညောင်ပင်ရွာ မဇ္ဈိမာရုံကျောင်းဆရာတော် အရှင် ဣန္ဒာစရိယ၊ ၁၃၁၃ ခုနှစ်တွင် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဃိယတို့ထံမှ စာပေ ဆည်းပူးသင်ယူခဲ့ပြီး ငယ်၊ လတ်၊ ကြီး ဓမ္မာစရိယတန်းတို့ကို အောင်မြင်တော်မူ၍ သာသနဓဇသိရီ ပဝရ ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။ ၁၃၂ဝ ပြည့်နှစ်မှစ၍ စာပေပို့ချခဲ့ပြီး အထူးအားဖြင့် အလင်္ကာကျမ်း၊ ဝုတ္တောဒယဆန်းကျမ်း၊ ကင်္ခါဝိတရဏီအဋ္ဌကထာနှင့် ဋီကာကျော်တို့ကို ပို့ချသည်။ ထို့ပြင် မန္တလေးမြို့ လူထု သတင်းစာတွင် ''ကထိကရဟန်း'' ကလောင်အမည်ဖြင့် ဆောင်းပါးရေးသားခြင်း၊ စံကင်းဂုရုပ္ပတ္တိကျမ်း၊ ဘဝနှင့် နိဗ္ဗာန်စာအုပ်၊ ဝိသုဒ္ဓါရုံရှင်ကျင့်ဝတ် အဖွင့်စာအုပ်၊ ဗုဒ္ဓ၏ လူ့သမိုင်းဆောင်းပါး၊ ရွှေကျင်ဆရာ တော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ်၊ ဗုဒ္ဓဘာသာသင်ခန်းစာ၊ ဝိနယပိဋက၊ စူဠဝကပါဠိတော်လာ ဘိက္ခုနိ က္ခန္ဓကကို လေ့လာသုံးသပ်ခြင်းအမည်ဖြင့် စာတမ်း၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် သမိုင်း၊ ရွှေကျင် တိုက်သမိုင်း၊ ကဗျာ့တန်ဆာအလင်္ကာကျမ်း၊ ဝုတ္တောဒယဆန်းကျမ်း၏ နိဿယနှင့်အဖွင့်ကျမ်း၊ ရွှေကျင်နိ ကာယဥပဥက္ကဋ္ဌဆရာတော်ကြီးတို့၏ ထေရုပ္ပတ္တိအကျဉ်းနှင့် ရွှေကျင်ဂိုဏ်းသမိုင်း စာတမ်း များကို ရေးသား ပြုစုခဲ့ပါသည်။

ဆရာတော်ဘုရားကြီးသည် ဂိုဏ်းလုံးဝန်ဆောင်နာယက၊ ရွှေကျင်နိကာယ အဖွဲ့၏ အကျိုးဆောင်၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့တွဲဖက် အကျိုးတော်ဆောင်၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင် သာသနာပိုင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အစိုးရကလည်း ဆရာတော်ဘုရားကြီးအား မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် သက်တော် (၈၄) နှစ်၊ သိက္ခာတော် (၆၄) ဝါအရ ၁၃၈ဝ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၁၁ ရက်၊ ဇွန်၂၃ ရက် နံနက် ၃ နာရီခွဲခန့်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကို ၁၃၈ဝ ပြည့်နှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက် ဇွန် ၂၉ ရက် သောကြာနေ့ မွန်းတည့် ၁၂ နာရီ တွင် အေးရိပ် ငြိမ်သုသာန်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

သာသနာရေး ဦးစီးဌာန နေပြည်တော်

Read 619 times Last modified on Sunday, 24 June 2018 10:04