SJ WorldNews - шаблон joomla Авто

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အမှာစကား

Thursday, 12 July 2018 11:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်     ဇူလိုင်    ၁၁

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အမှာစကား အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ   တတိယအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပြည်တွင်း ပြည်ပမှ အထူးဧည့်သည် တော်များ၊ ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ၊ လေ့လာသူများနှင့် ဧည့်သည်တော်များအားလုံး၊ နိုင်ငံတစ်ဝန်းနဲ့ နိုင်ငံရပ်ခြားနေရာ အနှံ့အပြားကနေ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ ညီလာခံခန်းမကြီး အတွင်းမှာ ကျွန်မတို့နိုင်ငံရဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အရေးကြီးလှတဲ့ သက်ဆိုင်သူ ခေါင်းဆောင်အားလုံး စုံစုံညီညီနဲ့ ရောက်ရှိနေကြပါပြီ။ ယခုလိုစုံစုံညီညီတက်ရောက်လာ နိုင်အောင် အဘက်ဘက်က ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသူ ပြည်တွင်း၊ ပြည်ပက မိတ်ဆွေ များအားလုံးကို  ကျေးဇူးဥပကာရ အထူးပဲ တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုကြီးမှာ တိုင်းရင်းသားလူမျိုး ပေါင်းစုံ မှီတင်းနေ ထိုင်လျက်ရှိကြပါတယ်။ လွတ်လပ်ရေး ရရှိပြီးတဲ့နောက်ပိုင်း အားလုံး စည်းလုံးညီညွတ်စွာနဲ့ အားလုံးယုံကြည်တန်ဖိုးထားတဲ့  ပြည်ထောင်စုကြီး အဖြစ် တည်ဆောက်နိုင်ခြင်းမရှိ  ခဲ့တဲ့အတွက် ဒီကနေ့အထိ ကျွန်မတို့အချင်းချင်းအကြားမှာ သံသယတွေ၊ မယုံကြည်မှု တွေ၊ ရန်လိုမုန်းတီးမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခဟာ   နှစ်ပေါင်းခုနစ်ဆယ်ကျော် ကြာမြင့်တဲ့အထိ  သက်တမ်းရှည်ကြာခဲ့ရပါတယ်။ဒီလို သက်တမ်းရှည်ကြာခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ စတေးပေးဆပ်ခဲ့ရတာကတော့ ကျွန်မတို့နိုင်ငံ၊ ကျွန်မ တို့တိုင်းရင်းသားပြည်သူတွေရဲ့  မျှော်လင့်ချက် အိပ်မက်တွေ ပဲဖြစ်ပါတယ်။ ပြည်ထောင်စု  ကြီးရဲ့ သမိုင်းအဆက်ဆက် မပြည့်ဝနိုင်ခဲ့ဘဲ မျှော်လေတိုင်း အလှမ်းဝေးခဲ့ရတဲ့ ငြိမ်းချမ်း ရေးကို လက်ဆုပ်လက်ကိုင်ရရှိဖို့ဟာ ဒီကနေ့၊ ဒီအချိန်၊ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အစုအဖွဲ့ အသီးသီးရဲ့ စိတ်ဆုံးဖြတ်ချက်တွေပေါ်မှာ တည်မှီနေတယ်လို့ပဲ ပြောပါရစေ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Cease-fire Agreement-NCA) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်တွေကို အခြေပြုပြီး အစိုးရ၊လွှတ်တော်၊ တပ်မတော်တို့နဲ့ ဆွေးနွေးပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ဒီကနေ့ ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပေါ်လာနေပြီဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အဓိက တံခါးပေါက်လည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပဋိပက္ခ ဒေသတွေမှာ နေထိုင်ခဲ့ရပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေအကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ တိုင်းရင်းသား ပြည်သူတွေဟာလည်း NCA ကနေ ဖန်တီးပေးလိုက်တဲ့ အပစ်အခတ်ရပ်စဲ မှုတွေကြောင့် လုံခြုံမှုနဲ့ တည်ငြိမ်မှု အသီးအပွင့်တွေကို တဖြည်းဖြည်းချင်း တိုးမြှင့်ရရှိခံစားနေကြရပါပြီ။

တကယ်တော့ NCA ဆိုတာ မတူကွဲပြားတဲ့ အင်အားစုတွေအကြား ရခဲလှတဲ့ဆုံချက်တစ်ခု၊ မျှခြေတစ်ရပ်အနေနဲ့ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်မာတဲ့ စာချုပ်စာတမ်းတစ်ခု၊  ပဋိညာဉ် စာတမ်းတစ်ရပ်အဖြစ် တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာအသိအမှတ် ပြုမှုနဲ့အတူ ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူစာချုပ် ပဋိညာဉ်တစ်ရပ်ရရှိလာဖို့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ ပြီးခဲ့တဲ့ အစိုးရခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ နှစ်ရှည်လများ ဆွေးနွေးညှိနှိုင်း ခဲ့ကြတာဖြစ်ပါတယ်။ အလုံးစုံပြီးပြည့်စုံပြီမဆိုနိုင်ပေမယ့် ရန်ဘက်အသွင်ဆောင်၊ တိုက်ပွဲ တွေဖော်ဆောင် ခဲ့ကြသူတွေ အကြားမှာ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ပဋိညာဉ်တစ်ရပ် ရရှိအောင် အပင်ပန်းခံပြီး စိတ်ရင်းစေတနာကောင်းနဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသူ အားလုံးကိုလည်း တိုင်းရင်းသား ပြည်သူလူထုရဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။

ဒီကနေ့ ဒီအချိန်မှာ NCA ကနေ အစပြု ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ပစ်ခတ် တိုက်ခိုက်မှုတွေ လျော့နည်း ကျဆင်းလာအောင် အထောက်အကူပြုနိုင်ခဲ့သလို ကျွန်မတို့ ရဲ့သမိုင်းကြောင်းတစ်လျှောက် ပြန်ကြည့်လိုက်ရင် ဘယ်ခေတ်ဘယ်အခါကမှ မပေါ် ပေါက်ခဲ့ဘူးတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်ရုံသာမက နိုင်ငံရေး သဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတွေအဖြစ် လက်မှတ်ရေး ထိုးနိုင်တဲ့ အခြေအနေအထိ တိုးတက်ရောက်ရှိလာခဲ့ပါပြီ။

NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များ ပါဝင်လာရေး ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ NCA ထီးရိပ်အောက်ကို  ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အစပိုင်းမှာ ထဲထဲဝင်ဝင်ပါဝင်၊ အားကြိုးမာန်တက်ဆွေးနွေးခဲ့ကြတဲ့ အစုအဖွဲ့အချို့ ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။  အလားတူ အစိုးရ နဲ့ နှစ်ဖက်သဘောတူညီချက် Bilateral Agreement တွေကို စောင့်ထိန်းလိုက်နာပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေကို  ရှောင်ရှားနိုင်တဲ့ အစုအဖွဲ့တွေလည်း ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။ ဒီအဖွဲ့တွေပါဝင်လာနိုင်ဖို့ကိုလည်း ကျွန်မတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး အစဉ်အမြဲ ဖွင့်လှစ်ထားပြီး  တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းနဲ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ အလုံးစုံ အားလုံးပါဝင်နိုင်ဖို့ အင်မတန်မှ ခက်ခဲနိုင်မယ်ဆိုတာ သိထားပေမယ့်လည်း ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုရဲ့ သမိုင်းဝင် နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ ဒီအဖွဲ့တွေပါဝင်လာနိုင်ခြင်း မရှိသေးတာကြောင့် ပြီးပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။    လစ်ဟာချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ အချိန်တိုင်း ဆက်ပြီးကြိုးစားနေဦးမှာပါပဲ။ ကျွန်မပြောကြားနေတဲ့ အခုအချိန်မှာ ဒီအဖွဲ့တွေအားလုံးရဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ညီလာခံ ဖွင့်ပွဲခန်းမကြီးထဲမှာ ရောက်ရှိနေကြပါပြီ။

ခုလို စုံစုံညီညီရောက်ရှိနေတဲ့ အစုအဖွဲ့ အသီးသီးကို အလေးအနက်ထားပြီး ရှင်းလင်း ပြောကြားချင်ပါတယ်။  NCA ဟာ အင်အားစုအားလုံးကို ဆုံစည်းနိုင်အောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆုံမှတ်တစ်ခုဖြစ်သလို ကျွန်မတို့အားလုံးရဲ့ပန်းတိုင်ကို ဆက်ပြီးလျှောက်လှမ်း နိုင်အောင် အစပြုပေးခဲ့တဲ့ စမှတ်တိုင် တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မတို့ဟာ NCA ကနေသဘောတူညီချက်တွေမှာပဲ ရပ်တန့်နေတာ၊ ရပ်ဆိုင်းနေတာ မဟုတ်ပါဘူး။ NCA ကနေ ထွက်ပေါ်လာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်လက်ကြိုးပမ်းရင်းနဲ့ ပထမခြေလှမ်းအဖြစ်နဲ့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၁)ကို (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ကျွန်မတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီကနေ့ကျင်းပတဲ့ ညီလာခံတတိယ အစည်းအဝေးရဲ့ နောက်ဆုံးရက်မှာ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၂)ကို ဒုတိယခြေလှမ်းအဖြစ်နဲ့ ကျွန်မတို့ လက်မှတ်ရေးထိုးနိုင်အောင် ဆွေးနွေးညှိနှိုင်းကြတော့မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပန်းတိုင်က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံကြီးဟာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲစားပွဲဝိုင်းပါပဲ။ ပထမခြေလှမ်း တက်လှမ်းပြီးတဲ့နောက် ဒုတိယခြေလှမ်းကို ဆက်ပြီးတက်လှမ်းနိုင်ဖို့ ကျွန်မတို့ တစ်နှစ်လောက်အထိ အချိန်ယူခဲ့ရပါတယ်။ ဒီညီလာခံကြီးအပြီးမှာလည်း ကျွန်မတို့အားလုံး အနေနဲ့ တတိယခြေလှမ်းကို ဆက်လက်တက်လှမ်းနိုင်ဖို့ ကြိုးပမ်းကြရဦးမှာဖြစ်ပါတယ်။

ဒီနေရာမှာ အထူးအလေးပေးပြီး ပြောကြားလိုတာကတော့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းဖြေရှင်းကြရာမှာ အရေးကြီးဆုံးက ကျွန်မတို့အားလုံး ရပ်တန့်မနေဘဲ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းနေဖို့၊ ခြေတစ်လှမ်းနဲ့တစ်လှမ်းအကြား အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံ ဘယ်လိုပင် ကြုံတွေ့လာစေကာမူ စိတ်မပျက်၊ အားမလျှော့ဘဲ ရုန်းထရှင်သန်ပြီး ရှေ့ကိုလျှောက်လှမ်းနေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လျှောက်လှမ်းရာ ခရီးလမ်းပေါ်မှာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆက်ပြီး လျှောက်လှမ်းနိုင်အောင် သန္နိဋ္ဌာန်နဲ့ အားထုတ်ကြိုးပမ်း နေကြဖို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေမှာ မပါဝင်နိုင်သေးဘဲ အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် ရှေ့ဆက်ဖြစ်နိုင်ခြေနဲ့ ပကတိ တည်ရှိနေတဲ့ လက်တွေ့ အခြေအနေတွေကနေ စတင်ကြဖို့၊ ကျွန်မတို့နဲ့အတူ ပူးပေါင်းပါဝင် လျှောက်လှမ်းကြဖို့ အလေးအနက်ထားပြီး တိုက်တွန်းပြောကြား လိုပါတယ်။

ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စု အတွက် ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံလောက်၊ မပြည့်စုံနိုင်ပါဘူး။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ကျွန်မတို့နိုင်ငံရဲ့ သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက် အစိုးရအမျိုးမျိုးက ကိုယ်စီကိုယ်စီ ကြိုးပမ်းခဲ့ကြပြီး ဖြစ်ပါတယ်။ သေနတ်တစ်ချက် ဖောက်လိုက်တာနဲ့ ရရှိထားသော အပစ်ရပ် သဘောတူညီချက်တွေ ပျက်ပြယ်သွားပြီးတော့ လက်နက်ကိုင် ပဋိပက္ခ သံသရာမှာ ပြန်ပြီးလည်ခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အနှစ်နှစ်အလလ တောင်းဆိုချက်ပဲဖြစ်ပါတယ်။လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဇာစ်မြစ်ဟာ ပင်ရင်းမူလအငြင်းပွားခဲ့ကြတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်လို့ဆိုတာလည်း ကာလရှည်ကြာ လက်ခံထား ခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ (၂၁)ရာစုပင်လုံညီလာခံမှာ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေး ပြဿနာတွေကို အကျေအလည် ညှိနှိုင်း ဖြေရှင်းနိုင်ဖို့ ဒီကနေ့ ကြိုးပမ်းနေကြတာပါ။

လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ အတွက် မတူကွဲပြားတဲ့ အင်အားစုတွေအကြား အားလုံးသဘောတူ လက်ခံနိုင်တဲ့ နိုင်ငံရေး သဘောတူညီချက်တွေ၊ နိုင်ငံရေး ပဋိညာဉ်တွေရရှိဖို့ အထူးပဲ အရေးကြီးလှပါတယ်။ ပြည်သူ့ဆန္ဒနဲ့အညီ အစိုးရတာဝန်များကို ယခုထမ်းဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီအဖြစ် စတင် ရပ်တည်ခဲ့ချိန်ကစပြီး နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှသာ ဖြစ်မယ်ဆိုတဲ့ယုံကြည်ချက်ကို စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ ဖက်ဒရယ်စနစ် တည်ဆောက်ဖို့ လိုတယ်ဆိုတာကို အစဉ်တစိုက်ပြောနေခဲ့တာပါ။ တစ်ချိန်က ''ဖက်ဒရယ်'' ဆိုတဲ့ ဝေါဟာရကို လုံးဝလက်မခံခဲ့တဲ့ ရပ်တည်ချက်တွေဟာ ပြောင်းလဲခဲ့ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းဖို့ NCA စာချုပ်မှာပင် လက်မှတ်ရေးထိုးပြီး ကတိကဝတ် ပြုထားကြပြီးဖြစ်ပါတယ်။ သို့သော်လည်း ယခုတိုင် ''ဖက်ဒရယ်''ကိစ္စနဲ့ပတ်သက်ပြီး လိုအပ်တဲ့သဘောတူညီမှုတွေ မရယူနိုင်ကြခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အပြီးအပိုင် အပြည့်အဝ၊ အောင်မြင်ခြင်းကို နှောင့်နှေးစေပါတယ်။  ''ဖက်ဒရယ်''ဆိုတဲ့ အသုံးအနှုန်းကို အဓိပ္ပာယ်ကောက်လွဲမှားပြီး အဆိုးမြင်ကာ ငြင်းပယ်ခဲ့ကြတဲ့ ကာလတစ်လျှောက်မှာ ''ဖက်ဒရယ်''ဆိုတာ ခွဲထွက်ရေးဘက်ကို ပို့တဲ့စနစ်မဟုတ်၊ ညီညွတ်ရေးကို ခိုင်မာစေမယ့်စနစ်ဖြစ်ကြောင်းကို ကျွန်မတို့ မမောမပန်း မရေတွက်နိုင်တော့တဲ့ အကြိမ်ပေါင်းများစွာ ပြောဆို၊ ကြေညာခဲ့ပါတယ်။

ယခု NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများသာမက၊ ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားတောင့်တသူ အားလုံးဟာ ကျွန်မတို့လိုပဲ တွေးခေါ်လာကြပါပြီ။

ဒါကြောင့် ''ဖက်ဒရယ်''ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ ပြည်ထောင်စုမှ ခွဲမထွက်ရေးမူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူများနဲ့ ပတ်သက်တဲ့ အမြင်တွေ ညှိဖို့က အင်မတန် အရေးကြီးသလို၊  အင်မတန်နက်နဲ၊ သိမ်မွေ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ယခုအစည်းအဝေးမှာ ဒီကိစ္စဆွေးနွေးရေး အစီအစဉ်ထဲမှာ မပါပေမယ့် ဒီကိစ္စရဲ့ ကြီးမားတဲ့အရေးပါမှုကို ကျွန်မတို့အားလုံး သတိရှိနေကြမယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး။ တစ်ချိန်တည်းမှာ နိုင်ငံသူနိုင်ငံသားများအတွက် အလုံခြုံဆုံး၊ အကောင်းဆုံးဖြစ်မယ့် ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးသို့ ဦးတည်ဖို့လိုတယ်ဆိုတာ  အားလုံးနှလုံးသွင်းထားစေချင်ပါတယ်။  ကိုယ့်အတွက်၊ ကိုယ့်အစုအဖွဲ့အတွက် မဟုတ်၊ ကျွန်မတို့ ချင်ခင်လေးစား  တန်ဖိုးထားရတဲ့ ပြည်သူတွေအတွက်သာဖြစ်ရပါမယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဟာ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုကြီးအတွက် အလိုအပ်ဆုံး၊ အရေးကြီးဆုံးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ဦးရာလူခံစားရမယ်ဆိုတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ပြည်သူတွေကတော့ အချိန်အများကြီး မစောင့်ဆိုင်းချင်ကြပါဘူး။

မိမိတို့နေထိုင်ရာ တိုင်းရင်းသားနယ်မြေ ဒေသတွေမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့၊ အေးအေးချမ်းချမ်းနဲ့ ပရိယေသန ရှာမှီးခွင့်ရရှိနိုင်ဖို့၊ ဒေသဖွံ့ဖြိုးရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ကိုယ်တိုင်ပါဝင် ရွေးချယ်ခွင့်ရရှိနိုင်ဖို့ ကျွန်မတို့ပြည်သူတွေ အချိန် ကာလအားဖြင့် နှစ်ပေါင်း(၇ဝ)ကျော် စောင့်ဆိုင်းခဲ့ရပြီးဖြစ်တဲ့အတွက် ဆက်လက်ပြီး အချိန်ရှည်ကြာ မစောင့်ဆိုင်းနိုင်ကြတော့ ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဦးရာလူဝေစုစနစ်မဟုတ်ပေမယ့်  အမြော် အမြင်ရှိတဲ့လူ၊ အားထုတ်မှုရှိတဲ့ သူတွေက နေထွက်လာတာကို ဦးဦးဖျားဖျား မြင်တွေ့ရသလိုပဲ ငြိမ်းချမ်းရေး အကျိုးကျေးဇူးကို အရင်ဆုံး၊ အဦးဆုံး ခံစားကြရမှာအမှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့နိုင်ငံရေး ဆွေးနွေးပွဲ ကြန့်ကြာမှု၊ နှောင့်နှေးမှုတွေကြောင့် ကျွန်မတို့ပြည်သူ တွေရဲ့ အခွင့်အလမ်းတွေကို အလဟဿ ဖြုန်းတီးရာ ရောက်ရှိသွားမှာကိုလည်း စိုးရိမ်မိကြောင်း အထူးအလေးအနက် ထားပြီး ထောက်ပြလိုပါတယ်။ ပြီးခဲ့တဲ့ ညီလာခံနဲ့ ဒီကနေ့ညီလာခံကြား မှာ ကျွန်မတို့  အချိန်အားဖြင့် တစ်နှစ် တင်းတင်းကြာမြင့်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အမျိုးမျိုးအဖုံဖုံ ကြုံတွေ့ခဲ့ရ ပေမယ့်လည်း အင်အားစု အားလုံးရဲ့ဆုံချက် ဖြစ်တဲ့NCA   ကို  အခြေပြုပြီး ပြန်လည် သုံးသပ်ပြီးတော့ အလွတ်သဘော ဆွေးနွေးပွဲတွေ၊ ဘေးတိုက်ဆွေးနွေးပွဲတွေ ကြိမ်ဖန် များစွာပြုလုပ်ပြီး ဒီညီလာခံကို ကျင်းပနိုင်ခဲ့ တာပဲဖြစ်ပါတယ်။ ဒီနေရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲရှိရှိ၊ ဘယ်လိုပဲကြုံကြုံ ငြိမ်းချမ်းရေးကို မရရအောင် ကြိုးပမ်းမယ်ဆိုတဲ့ သန္နိဋ္ဌာန်ရှိနေရင် ကျွန်မတို့အားလုံး အတူတကွ လက်တွဲပူးပေါင်းပြီး ကျော်လွှားနိုင်မှာပါ။ ကျွန်မတို့ ကြိုးစားရင် ရနိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့ညီလာခံမှာ လက်တွေ့ မှတ်ကျောက်တင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ညီလာခံအတွေ့အကြုံကို အခြေခံပြီး အစု အဖွဲ့အသီးသီးက ပြန်လည် သုံးသပ်မှုတွေပြုလုပ်ခဲ့ကြတယ်။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေး ဆွေးနွေးမှု ဖွဲ့စည်းတည်ဆောက်မှု အဆင့်ဆင့်ကို အားလုံးညှိနှိုင်း ရေးဆွဲခဲ့ကြပြီးတော့ အခုညီလာခံကို ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆိုတာ လိုအပ်ရင်လိုအပ်သလို အစုအဖွဲ့အားလုံး သဘောတူညီချက်နဲ့ ပြန်လည်သုံးသပ် ပြင်ဆင်မှုတွေ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရအနေနဲ့ နိုင်ငံရေး ဆွေးနွေးမှု အရှိန်အဟုန် ပိုမိုကောင်းမွန်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပါမယ်။ အားလုံးသဘောတူ လက်ခံနိုင်ပြီး ယုံကြည်မှုခိုင်ခိုင်မာမာ ရှိနိုင်မဲ့ နိုင်ငံရေး ဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာ တစ်ရပ်ထွက်ပေါ်လာနိုင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်တွေ့ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ထင်ဟပ်နိုင်တဲ့ မူဘောင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တွေကို စဉ်တိုက်ဆက်တိုက် ဆောင်ရွက်သွားပြီး ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေး ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်လာရေးကို မမှိတ်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီးတော့ လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တွေအားလုံးက အလေးထား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ NCA အရ အကောင်အထည်ဖော်မှုမှာ  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်ခိုင်မာရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ် အောင်မြင်ရေးဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဒီနှစ်ခုကလည်း တစ်ခုနဲ့တစ်ခု အပြန်အလှန် သက်ရောက်မှု ရှိနေတာဖြစ်ပါတယ်။ တစ်ဖက်ဘက်မှာ တင်းမာမှုတွေ၊ တစ်ဆို့မှုတွေ ဖြစ်ပေါ်လာရင် အခြားတစ်ဖက်ကို ရောင်ပြန်ဟပ်ပြီး တင်းမာမှုတွေ၊ တစ်ဆို့မှု တွေဖြစ်ပေါ်စေတတ်တဲ့ အခြေအနေတွေကို ကျွန်မတို့ ကြုံတွေ့ခဲ့ကြပြီးဖြစ်ပါတယ်။ ဒီ အခြေအနေတွေကို သတိပြုပြီးတော့ NCA ရဲ့ အသီးအပွင့်အနေနဲ့ ရရှိလာခဲ့တဲ့ ပဋိပက္ခဖြစ်ပွားမှုတွေ လျော့ကျလာခြင်း၊ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှုတွေ ပေါ်ပေါက်လာရင် စားပွဲဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်းခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစောင့်ကြည့်မှုယန္တရား အဆင့်ဆင့်မှာ အရပ်သား တိုင်းရင်းသားပြည်သူတွေ ပါဝင်မှု တိုးမြင့်လာခြင်းစတဲ့ ကောင်းမွန်တဲ့ အခြေအနေကောင်းတွေကို ဆက်လက်ထိန်းသိမ်းပေးဖို့ ပြောကြားလိုပါတယ်။ တစ်ဆက်တည်းမှာပဲ တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာရင် NCA သဘောတူညီချက်တွေကို လေးစားလိုက်နာပြီး NCA အရဖြစ်ပေါ်လာတဲ့ JMC ယန္တရားရဲ့ အခန်းကဏ္ဍကို လေးလေးစားစား ရှိကြဖို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။

အလားတူပဲ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပါဝင်တဲ့ ဆွေးနွေးဖက် အစုအဖွဲ့အသီးသီးအနေနဲ့ ပိုမိုကွဲလွဲစေနိုင်တာကို သတိထားရှောင်ရှားပြီး ပိုမိုဆုံဆည်း၊ ပိုမိုစုစည်းနိုင်စေမယ့် အခြေအနေတွေကို ဦးတည်ပြီးတော့ အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခုကို ဝိုင်းဝန်းကြိုးစား ရှာဖွေပေးကြဖို့၊ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို မျှော်မှန်းပြီး ဘက်တစ်ဖက်တည်း၊ အစုအဖွဲ့တစ်ဖွဲ့တည်းရဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေပေါ်မှာပဲ ဖက်တွယ်မထားဘဲ အားလုံးနဲ့ညှိနှိုင်းပြီး အပေးအယူ၊ အလျှော့အတင်းတွေနဲ့ စေ့စပ်ညှိနှိုင်းပြီးတော့ ကွဲလွဲမှုတွေကို ကျော်လွှားနိုင်ဖို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။

အရေးကြီးဆုံးကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို အထူးအလေးထား အာရုံစိုက်ပြီး အစုအဖွဲ့ အသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြချိန်မှာ ပဋိပက္ခဒေသမှာရှိနေတဲ့ ကျွန်မတို့ တိုင်းရင်းသား ပြည်သူလူထုရဲ့ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွား အခြေအနေတွေ တိုးတက်ဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားဖို့  ကျွန်မတို့အစိုးရအနေနဲ့ လည်းကောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး PublicPrivate Partnership-PPP လုပ်ငန်းစဉ်တွေက တစ်ဆင့် လည်းကောင်း ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ ဒီလုပ်ငန်းစဉ်မှာ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံတိုက် တွန်းလိုပါတယ်။

ကျွန်မတို့အားလုံး အတူတကွလက်တွဲ လျှောက်လှမ်းနေကြတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လမ်းခရီးမှာ အန္တိမ အဆုံးပန်းတိုင်ဖြစ်တဲ့ ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်ဟာ ၂ဝ၁၁ ခုနှစ်ကစတင်ပြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အစုအဖွဲ့တွေအကြား ချုပ်ဆိုထားကြတဲ့ နှစ်ဖက်အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် Bilateral Agreement တွေကနေ တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်တဲ့ NCA ၊ ဒီကနေတစ်ဆင့်ပြီးတစ်ဆင့် ပြည်ထောင်စု သဘောတူစာချုပ် Union Accord ရဲ့ အစိတ်အပိုင်းတွေအထိ တစ်ဆင့် ပြီးတစ်ဆင့် ခရီးပေါက်လို့ ရှေ့ကိုရောက်လာခဲ့ပါပြီ။

ကျွန်မတို့အားလုံး လက်တွဲပူးပေါင်းပြီး လျှောက်လှမ်းကြမယ်လို့  စိတ်ပိုင်းဖြတ် သန္နိဋ္ဌာန် ချမှတ်ထားကြပြီးဖြစ်တဲ့ အလျှောက် ရှေ့ကိုပေါက်အောင် ဆက်လက်ပြီး ရှေ့ကို ရောက်အောင် လျှောက်လှမ်းကြရာမှာ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတဲ့ သူတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီကြဖို့ အရေးကြီးပါတယ်။ ပန်းတိုင်တူ၊ လမ်းကြောင်းတူနေပြီဖြစ်တဲ့ ဒီလိုအချိန်မှာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆို သလို ဝိဝါဒကွဲပြားစရာ အဖြေရှာမှုတွေ ထွေပြားမြားမြောင် လာမယ်ဆိုရင် အားလုံးမျှော် မှန်းတဲ့ရလဒ်နဲ့လည်း ဝေးကွာလာနိုင်တာကို အထူးသတိပြုကြဖို့ ပြောကြားလိုပါတယ်။ အားလုံးညှိနှိုင်းလက်ခံပြီးတဲ့နောက်မှာ အခုတစ်မျိုး တော်ကြာတစ်မျိုး အနေအထားတွေ မကြာခဏဖြစ်ပေါ်လာရင် ယုံကြည်မှုတွေ ပျက်ပြားသွားစေနိုင်သလို ငါ့မြင်းငါစိုင်းဆိုတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေလာရနိုင်ပါတယ်။ ငြိမ်းချမ်းရေးဟာ ဖိအားပေးပြီးရယူ နိုင်တာမျိုးမဟုတ်ဘဲ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ကြရတာမျိုးဖြစ်ပါတယ်။ အမှောင်ထုကို အမှောင်ထုနဲ့ဖြိုခွင်းနိုင်မှာ မဟုတ်ဘဲ အလင်းတန်းနဲ့သာ ဖြိုခွင်းဖယ် ရှားနိုင်တာဖြစ်ပါတယ်။ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ၊ ငြိမ်းချမ်းရေး အလင်း ရောင်ရစေမယ့်ဖြစ်စဉ်မှာ မပါဝင်ကြသေးတဲ့ အင်အားစုတွေ၊ ပုဂ္ဂိုလ်တွေကို ကျွန်မတို့ ပြည်ထောင်စုကြီးအပေါ် စေတနာထား သစ္စာစောင့်ပြီး ပါဝင်လာဖို့ဖိတ်ခေါ်ပါတယ်။ အစဉ်အမြဲကြိုဆိုလျက်ပါ။

ဒီကနေ့ ဒီအချိန်မှာ အားလုံးသိတဲ့အတိုင်း နိုင်ငံတကာနဲ့ ဒေသတွင်း ဆက်ဆံရေး အခြေ အနေတွေအရ  ကျွန်မတို့နိုင်ငံအနေနဲ့ ကျွန်မတို့ပြည်ထောင်စုသား တိုင်းရင်းသားတွေ အားလုံး စုစည်းညီညွတ် ပေါင်းစည်းနိုင်ကြတယ်ဆိုတာ ပြသနိုင်ဖို့ အထူးပဲ အရေးကြီးနေပါပြီ။ ဒါဟာ ပစ္စုပ္ပပန်ရဲ့လိုအပ်ချက်၊ သမိုင်းရဲ့တောင်းဆိုချက်၊ အနာဂတ်အတွက် ပြင်ဆင်ချက်လည်း ဖြစ်နေပါပြီ။ ခေါင်းဆောင် များအားလုံးပဲ တွေးဆမြင်ယောင်ကြည့်ကြပါ။ အိမ်ထောင်စုတစ်စု မညီမညွတ်၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်၊ အိမ်သားအချင်းချင်း ရန်ဖြစ်စကားများ ပဋိပက္ခတွေဖြစ်ပွားပြီး ဆူဆူညံညံဖြစ်နေတဲ့ အနေအထားမျိုးနဲ့ ကျွန်မတို့ပြည်ထောင်စုကြီးက သံသရာလည်လာခဲ့တာ နှစ်ပေါင်း ၇ဝ ကျော်တဲ့အထိ ကြာ မြင့်နေပါပြီ။ ဒီအနေအထားကို အပြင်က ဘယ်သူကမှလာပြီး ပြုပြင်ပေးလို့မရပါဘူး။ ဒီပြည်ထောင်စုကြီးထဲမှာ အေးအတူပူအမျှ အတူတကွ နေထိုင်နေတြတဲ့ ကျွန်မတို့ကိုယ်တိုင်က ပြုပြင်ပြောင်းလဲနိုင်မှ ရနိုင်မှာပါ။ဒီအခွင့်အရေးဟာ ဒီကနေ့ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အင်အားစု အသီးသီးက ခေါင်းဆောင်တွေရဲ့ လက်ဝယ်မှာရှိနေပါတယ်။ ကျွန်မတို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အနာဂတ်ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်နဲ့ ထုဆစ်ပုံဖော်ဖို့ သမိုင်းပေးတာဝန်ဟာ ကျွန်မတို့အားလုံးရဲ့ ပခုံးပေါ်မှာ ရောက်ရှိနေပါပြီ။

ဒီတာဝန်ဟာ ကြီးလေးတယ်၊ လေးလံတယ်၊ဖိအားများတယ်ဆိုပြီး ကျွန်မတို့ရှောင် လွှဲကြမှာလား။ ဘယ်လောက်ပဲကြီးလေး ကြီးလေး၊ ဘယ်လောက်ပဲလေးလံ လေးလံ ညီညွတ်မှုနဲ့ စုပေါင်းအင်အားသာ ရှိမယ်ဆိုရင် ဒီအခြေအနေတွေကို တစ်မုဟုတ်ချင်း ကျွန်မ တို့ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲ ပစ်နိုင်မယ့် အခွင့်အရေးကလည်း ကျွန်မတို့ အားလုံးရဲ့ ရှေ့မှောက် လက်တစ်ကမ်းအကွာမှာ ရှိနေပါပြီ။

ကျွန်မတို့အစိုးရအနေနဲ့ ပင်လုံညီလာခံ အစည်းအဝေး နှစ်ကြိမ်ကျင်းပပြီးပါပြီ။ ညီလာခံ မကျင်းပနိုင်သေးတဲ့  ကာလတွေမှာလည်း NCA လက်မှတ်ရေးထိုးပြီး အဖွဲ့များအပြင် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း အလွတ်သဘော ဆွေးနွေးပွဲတွေ ပုံမှန်လိုရှိနေခဲ့ပါ တယ်။ လက်ရှိ ၂ဝ၁၈ ခုနှစ်အတွင်းမှာ နောက်ထပ်ညီလာခံတစ်ကြိမ်၊ လာမယ့် ၂ဝ၁၉ ခုနှစ်အတွင်းမှာ နောက်ထပ်ညီလာခံ နှစ်ကြိမ်၊ ၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ နောက်ထပ် ညီလာခံသုံးကြိမ် ကျင်းပနိုင်ဖို့၊ ဒီညီလာခံသုံးကြိမ်မှာ အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ်ချမှတ်ပြီး အနာဂတ် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်တွေ ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီမျှော်မှန်းချက်ဟာ မဖြစ်နိုင်တဲ့အတွက် စိတ်ကူးယဉ်သက်သက် မျှော်မှန်းချက် မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုအတွက် မျှော်မှန်း သင့်မျှော်မှန်းထိုက်တဲ့ မှတ်တိုင်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ တက်ရောက်လာကြတဲ့ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်များအနေနဲ့ လက်တွေ့ကျပြီး ရေတိုအကောင်အထည် ဖော်နိုင်မယ့် ဒီမျှော်မှန်းချက်ကို ကျွန်မတို့ အစိုးရနဲ့အတူ သန္နိဋ္ဌာန်ချ၊ စိတ်ပိုင်းဖြတ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အလေးအနက်ထား မေတ္တာရပ်ခံ တိုက်တွန်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်မတို့အစိုးရရဲ့ ရေရှည်မျှော်မှန်းချက်က ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေကြရပြီလို့ ယုံကြည်ပါတယ်။ ကျွန်မတို့ မျိုးဆက်သစ်တွေအတွက် စစ်မက်ကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့၊ ကျွန်မတို့ ရှေ့ကခေါင်းဆောင်ကြီးတွေ အားလုံးရဲ့ မျှော်မှန်းချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ဖို့၊ စစ်မက်ပဋိပက္ခ တွေကြားမှာ နစ်မွန်းနေခဲ့ရတဲ့ မျှော်လင့်ချက်တွေကို လင်းလက်တောက်ပလာစေဖို့ ကျွန်မ တို့မလျှော့တဲ့စိတ်အင်အားနဲ့  ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ခေတ်အဆက် ဆက်မျှော်လင့်ခဲ့ရပြီး ဝေးကွာခဲ့ရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်ချမ်းရေးကို ဆောင်ကြဉ်းနိုင်ဖို့ ကျွန်မတို့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ အားထုတ်ကြိုးပမ်းသွားကြစေလိုကြောင်း တိုက်တွန်းပြောကြား လိုပါတယ်။ ဘယ်သူ တွေဟာ အမှန်တကယ်ငြိမ်းချမ်းရေး လိုလားတယ်၊ ဘယ်သူတွေဟာ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုးထက် တန်ဖိုးထားတယ်ဆိုတာ ဒီ(၂၁)ပင်လုံအစည်း အဝေးတွေမှာ ပေါ်လွင်လာမှာပါ။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက သိလာကြမှာပါ။

ကျေးဇူးတင်ပါတယ်။

Read 67 times Last modified on Thursday, 12 July 2018 11:55