SJ WorldNews - шаблон joomla Авто

ပိုမို ပြင်းထန် လာဖွယ် ရှိသည့် အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲ

Thursday, 12 July 2018 13:37 font size decrease font size decrease font size increase font size increase font size

အမေရိကန်အစိုးရက ဒေါ်လာဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် ၁၀ ရာခိုင်နှုန်းတိုးမြှင့် ကောက်ခံမည် ဆိုပါက အလားတူ လုပ်ဆောင်ချက်ဖြင့် တုံ့ပြန်မည်ဟု တရုတ်အစိုးရက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်လိုက်ခြင်းကြောင့် အမေရိကန်-တရုတ် ကုန် သွယ်ရေးစစ်ပွဲသည် ပိုမိုပြင်းထန် လာမည့်အလားအလာ ထွက်ပေါ်လာသည်။

အမေရိကန် အစိုးရ၏ နောက်ဆုံးလုပ်ဆောင်ချက်သည် လက်ခံနိုင်စရာ မရှိသောကြောင့် ယင်းလုပ်ဆောင်ချက် များ နှင့်စပ်လျဉ်း၍ တရုတ်အစိုးရက လေးလေးနက်နက်ကန့်ကွက်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံနှင့် တရုတ်ပြည် သူများ၏အကျိုး စီးပွားကို ကာကွယ်ရန်အတွက် တရုတ် အစိုးရအနေဖြင့်  အမေရိကန်၏ လုပ်ဆောင် ချက်ကို လက်တုံ့ပြန်ရုံမှလွဲ၍  အခြားရွေးချယ်စရာ မရှိကြောင်း တရုတ်ကုန်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန် သည်။

တရုတ်ကုန်ပစ္စည်းများ အပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကို အမေရိကန်အစိုးရ က ဇူလိုင် ၁၀ရက်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။ တရုတ် နိုင်ငံမှတင်သွင်းသည့် ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ အပေါ်  အမေရိကန်က  အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရာမှစတင်သော ကုန်သွယ်ရေးစစ်ပွဲ သည် အမေရိကန်နှင့်တရုတ်တို့အကြား တင်းမာမှုများ ကိုမြင့်တက် လာစေခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန် အစိုးရ သည် ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိကုန်ပစ္စည်း များအပေါ် ထပ်မံ၍အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ် လျက်ရှိသည်။

ဒေါ်လာဘီလီယံ ၂၀၀တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်း များအပေါ် အခွန် ၁၀ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည့် ထရမ့်အစိုးရ၏ အဆိုပြုချက်သည် ယခုနှစ် သြဂုတ် ၃၀ ရက်တွင် အသက်ဝင်လာနိုင်ဖွယ်ရှိသည်ဟု အမေရိကန် ကုန်သွယ်ရေးရုံးက ဇူလိုင် ၁၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခွန်တိုးမြှင့်ကောက်ခံမည့် ကုန်ပစ္စည်းများစာရင်းတွင် အ၀တ်အထည်များ၊ ရုပ်မြင်သံကြား အစိတ်အပိုင်းများ၊  ရေခဲ သေတ္တာများနှင့်  လက်ကိုင်ဖုန်းကဲ့သို့ နည်းပညာမြင့် အသုံးအဆောင် ပစ္စည်းများ  ပါဝင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး အလေ့အကျင့်များနှင့် ပတ်သက်၍ အမေရိကန် အစိုးရ၏ စိုးရိမ်မှုကို တရုတ်နိုင်ငံ ကတုံ့ပြန်ရန် ပျက်ကွက်ပြီး အမေရိကန်၏ ဥာဏ မူပိုင်ခွင့်ကို တရုတ်နိုင်ငံက ချိုးဖောက်ခြင်းကြောင့် အခွန်တိုးမြှင့် ကောက်ခံရန်ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သတင်းထောက်များကို ပြောသည်။

အမေရိကန်၏ နောက်ဆုံး လုပ်ဆောင်ချက်သည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စည်းမျဉ်းစည်းကမ်းများကို ထိခိုက် စေသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်ကိုပါ နစ်နာစေမည်ဖြစ်ကြောင်း တရုတ်အစိုးရက တုံ့ပြန်ထား သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စုသည် လက်ရှိ ဖြစ်ပေါ်နေသည့် ကုန်သွယ်မှုဆိုင်ရာ တင်းမာမှုများကို နောက်တစ် ဆင့် တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း တရုတ် ဒုတိယ ကုန်သွယ်ရေးဝန်ကြီး လီချန်ကန်းက ပေကျင်းမြို့၌ ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင်ပြောသည်။

အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးတင်း မာမှုများကြောင့် ယခုနှစ်၏ ပထမနှစ်ဝက်အတွင်း တရုတ် နိုင်ငံ၏ပို့ကုန်တိုးတက်မှုနှင့် အမေရိကန်ပြည်ထောင်စု သို့ဝင်ရောက်လာသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျဆင်း လာလျက်ရှိသည်။

အမေရိကန် အစိုးရသည် ဒေါ်လာဘီလီယံ ၅၀၀ ကျော် တန်ဖိုးရှိသည့် တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံဖွယ် ရှိသည်။ ယင်းပမာဏသည် အကြမ်းဖျင်း အားဖြင့် ပြီးခဲ့သည့် နှစ်အတွင်း အမေရိကန်ပြည်ထောင်စု က တရုတ်နိုင်ငံမှ သွင်းကုန်များ တင်သွင်းခဲ့သည့် စုစုပေါင်း ငွေကြေး ပမာဏခန့်ရှိသည်။ သို့သော် တရုတ်နိုင်ငံက အမေရိကန်၏ လုပ်ဆောင်မှုကို လက်တုံ့ပြန်ရန်ဆုံးဖြတ် ထားပြီးဖြစ်သည်။

အမေရိကန် အစိုးရ၏ လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ကြည့်မည်ဆိုပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြည်ပ သွင်းကုန်များအပေါ် အမှီသဟဲပြုနေရခြင်းကို လျှော့ချမည့် ကြေညာချက် တစ်ရပ်ကို ထရမ့်က ပြီးခဲ့ သည့်နှစ်  ဒီဇင်ဘာလအတွင်း လက်မှတ်ရေးထိုး ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ထရမ့်သည် စီးပွားရေးသမားပီပီ အမေရိကန်စီးပွား ရေးလုပ်ငန်းများ၏အကျိုးစီးပွားကို ကာကွယ်ပေးလိုသူ တစ်ဦးအဖြစ်လည်း   ရှုမြင်ခြင်း ခံနေရသူဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီက အမေရိကန်ပြည်သူများအား အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး မူဝါဒများကို ပြန်လည် သုံးသပ်မည်ဟု ကတိပြု ထားခဲ့သည်။

သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှ စ၍ ၎င်း၏ ကတိအချို့ကိုချက်ချင်း အကောင်အထည်ဖော်သည့် အနေဖြင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ နုတ်ထွက်ခဲ့သည်။

ထရမ့်သည် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလုပ်ဆောင် ချက်များနှင့် စပ်လျဉ်း၍ အယူအဆ ပြင်းထန်သူတစ်ဦးဖြစ် သည်ဟု ဆိုနိုင်သည်။ တရုတ်နိုင်ငံသည် ကုန်ပစ္စည်းများကို ၀ယ်လိုအားထက်ပို၍ ထုတ်လုပ်ပြီး အမေရိကန် အပါအ၀င် ပြည်ပဈေးကွက်များသို့ တင်ပို့နေသည်ဟု ထရမ့်ကရှုမြင် နေသည်။ တရုတ်နိုင်ငံက ယင်းသို့ လုပ်ဆောင်နေခြင်းသည် အမေရိကန် တို့၏ အကျိုးစီးပွားကို ထိခိုက်နေသည်ဟု ၎င်းက ယူဆထားသည်။

ထို့ကြောင့် ထရမ့်သည် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန်  ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ကုန်သွယ် ရေးစစ်ပွဲတွင် အမေရိကန် ပြည်ထောင်စုကသာ အောင်ပွဲ

ခံနိုင်မည်ဟု ထရမ့်က ဘရပ်ဆဲမြို့၌ ကျင်းပနေသည့် NATO ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်နေစဉ်  တွစ်တာ မှ တစ်ဆင့် ပြောသည်။

အချုပ်အားဖြင့်ဆိုရလျှင် အမေရိကန်အစိုးရက နောက်ဆုံးချမှတ်ခဲ့သည့် အခွန်တိုးမြှင့် ကောက်ခံမည့် အစီအစဉ် သည် တရုတ်နှင့် အမေရိကန် ပြည်ထောင်စု တို့အကြား ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်စေသည့် အခြေအနေ သို့ ရောက်ရှိလာသည်ဟု ဆိုနိုင်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံများသည် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် မလိုလားအပ်သည့်အခြေ အနေ များကို ရှောင်ရှားနိုင်ရေးအတွက် နိုင်ငံစုံပါဝင်သည့်  ကုန်သွယ်ရေးနည်းလမ်းကို  ထိန်းသိမ်းနိုင်ရန်ဆုံးဖြတ် ထားပြီဖြစ်သည်။

ထို့ကြောင့် အပြန်အလှန် အခွန်တိုးမြှင့် ကောက်ခံရာမှ စတင်ခဲ့သည့် ကုန်သွယ်ရေး စစ်ပွဲသည် ပိုမိုပြင်းထန်လာ နိုင်ပြီး မည်သည့် အခြေအနေအထိ မြင့်တက်လာမည်ကို ကမ္ဘာ့နိုင်ငံ အများအပြားက အနီးကပ် စောင့်ကြည့်နေ မည် ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။   

ဇေယျဘုန်း

Read 668 times Last modified on Thursday, 12 July 2018 13:39