SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံ(အလွတ်တန်း) ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲ၌ ကာကွယ်ရေးဝန်ကြီးဌာန အသင်း ဗိုလ်စွဲ

Saturday, 21 July 2018 09:50 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၂ဝ

၂ဝ၁၈ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ(အလွတ်တန်း) ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအား ကစားပြိုင်ကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့်   ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့  အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းက  ပြည်ထဲရေး ဝန်ကြီးဌာန အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ထို့နောက် ဆုပေးပွဲကိုကျင်းပရာ အကောင်း ဆုံးဂိုးသမားဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁) ထူးကို ကလည်းကောင်း၊ အကောင်းဆုံး နောက်တန်းဆုကို ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ် (၂၅)    အောင်ထက်ဝေက လည်းကောင်း၊ အကောင်းဆုံး အလယ်တန်းဆုကို ပညာရေး ဝန်ကြီးဌာန အသင်းမှ   ကျောနံ ပါတ်  (၂၂ ) မျိုးဇာနည်ဝင်းက လည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းဆုကို ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ် (၉) မင်းကိုသူက လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဘောလုံးသမားဆုကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အသင်းမှ  ကျောနံပါတ် (၁၂ )အောင်မျိုးသူက လည်းကောင်း အသီးသီး ရရှိကြရာ  နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်က  ငွေသားနှင့် တစ်ဦးချင်းဆုများကို ပေးအပ်သည်။

ယင်းနောက် အသန့်ရှင်းဆုံး အသင်းဆုရရှိသည့်  ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနအသင်းအား   ပြည်ထဲ ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ်အောင်သူက လည်းကောင်း၊  တတိယဆု ရရှိသည့်   ပညာရေး ဝန်ကြီး ဌာန အသင်းအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က လည်းကောင်း၊  ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအားပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ကြသည်။

ဆက်လက်၍ ပထမဆုရရှိသည့် ကာကွယ် ရေးဝန်ကြီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက တစ်ဦး ချင်းဆုနှင့် ငွေသားဆုများ၊ တံခွန်စိုက်ဒိုင်းဆုတို့ကို ပေးအပ်ကြကြောင်း သိရသည်။

သူရဇော် (သတင်းစဉ်)

Read 219 times Last modified on Saturday, 21 July 2018 09:51