SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

Saturday, 21 July 2018 11:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇူလိုင်   ၂ဝ

နိုင်ငံတော်၏   အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့မှ ကော့မှူးမြို့သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာပြီး  မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံး၌  တိုင်းဒေသကြီး /ခရိုင် /မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်   တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်အောင်ဝင်းဦး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာမြတ်သူက မြို့နယ်၏ အကျယ်အဝန်းနှင့် လူဦးရေနေထိုင်မှု၊ မြေအသုံးချမှု၊ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ဆန်ဖူလုံမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး နှင့်လမ်းပန်း ဆက်သွယ်ရေး၊ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုတို့ကို Power Point  ဖြင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး  နိဂုံးချုပ် အမှာစကားပြောကြားသည်။

နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရောက်ရှိပြီးကျောင်းတိုက် ပဓာနနာယကဆရာတော်    မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေတုမာလာအား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းကာ သီလ ခံယူဆောက်တည်၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်   ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများ၏ပညာသင်ကြားနေမှုနှင့် တိုးတက်မှု၊  သင်ကြားပြသမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ဆရာ၊ ဆရာမများအား မေးမြန်းပြီး  လိုအပ်သည်များကို မှာကြားသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မကျီးကန်ကျေးရွာရှိ ဟိုတယ် ဝန်ဆောင်မှုနှင့်   အချက်အပြုတ်ဆိုင်ရာ ပညာရပ်သင်တန်းကျောင်း  (HCTA) သို့ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ၏ စာတွေ့လက်တွေ့ သင်ကြားနေမှုများနှင့် သင်တန်းကျောင်း ပရိဝုဏ်အတွင်း စိုက်ပျိုးထားရှိသည့်   ဓာတု ကင်းလွတ် စိုက်ခင်းကို ကြည့်ရှုအားပေးရာ   တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သင်တန်းသား၊သင်တန်းသူများနှင့် တွေ့ဆုံကာ ဆုံးမသြဝါဒ စကားပြောကြားသည်။

အဆိုပါသင်တန်းကျောင်းကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစတင် ဖွင့်လှစ်ခဲ့ပြီးလူငယ်များ အလုပ်အ ကိုင်ရရှိရေးအတွက် ဟိုတယ်ဝန်ဆောင်မှုနှင့် အချက်အပြုတ်ဆိုင်ရာ ပညာရပ်များကို သင်ကြား ပေးလျက်ရှိသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့မှူးမြို့ရှိ ပတုပ်အခြေခံ ပညာမူလတန်းလွန်ကျောင်း သို့ ရောက်ရှိပြီး ရွေ့လျား စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ၌ ဆောင်ရွက်နေသည့် ၄ ဒသမ ၉၈ ဧကရှိ ဓာတု ကင်းလွတ်စပါးစိုက်ခင်းသို့ ရောက်ရှိပြီး ရွှေဘိုပေါ်ဆန်း စပါးအမျိုးအစားများ ပျိုးထောင် စိုက်ပျိုးနေမှုကို ကြည့်ရှု အားပေးကာ  ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။                    

(၅ဝဝ)

Read 194 times Last modified on Saturday, 21 July 2018 11:18