SJ WorldNews - шаблон joomla Авто

ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေး စင်တာ ဖွင့်လှစ်၊ ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Sunday, 22 July 2018 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၂၁

မြန်မာ့ရုပ်ရှင်အတတ်ပညာနှင့် နည်းပညာများ အားပေးမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် အမြင်ချင်းဖလှယ်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ (Film Development Centre) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း အမှတ် (၅ဝ)ရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဦးစိုးမိုးနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းတို့က ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဖွင့်ပွဲအခမ်း အနားတက်ရောက်လာကြသူများသည် ရုပ်ရှင်အနုပညာရပ်ဝန်း အတွင်းရှိ စတူဒီယိုများ၊ ပြင်ပရိုက်ကူးရေး ပြုလုပ်နိုင်မည့်နေရာများ၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာရှိ သင်တန်းနှင့် ဆွေးနွေးပွဲခန်းမတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ယခုဖွင့်လှစ်လိုက်သည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် ရုပ်ရှင်အတတ်ပညာနှင့် နည်းပညာများမျှဝေ ဖလှယ်နိုင်မည့် ဆွေးနွေးပွဲများ၊ သင်တန်းခန်းမများပါဝင်ပြီး ရှေးဟောင်းရုပ်ရှင် ဇာတ်ကား များနှင့် ရုပ်ရှင် ပညာဆိုင်ရာစာအုပ်စာတမ်းများ လေ့လာနိုင်မည့် ရည်ညွှန်းစာကြည့်တိုက်လည်း ထည့်သွင်းဖွဲ့စည်းထားသည်။

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ တည်ထောင်ဖွင့်လှစ်ရာတွင် စီမံခန့်ခွဲရေးအဖွဲ့ကို ရုပ်ရှင်ပညာရှင်များဖြင့် ဖွဲ့စည်း ထားပြီး ရုပ်ရှင်အနုပညာ၊ အတတ်ပညာများ သင်ကြားလေ့ကျင့်ခြင်း (Training)၊ ရုပ်ရှင်လောကသားများ ဆွေးနွေးခြင်း (Discussion)၊ ရုပ်ရှင်ဝါသနာရှင်များ အဆက်အသွယ်ပြုနိုင်ခြင်း (Connection) တို့ကိုလည်း တစ်နေရာ တည်း၌ပေါင်းစပ်ဆက်သွယ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားရှိသည်။

ထို့ပြင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာရှိ ရုပ်ရှင်ပြခန်းမ၊ Theater နှင့် စတူဒီယိုများ၊ ကင်မရာနှင့် ဆက်စပ် ပစ္စည်းများကို အသုံးပြု၍ ရုပ်ရှင်ချစ်မြတ်နိုးသူများအဖွဲ့ (Film Club) များဖွဲ့စည်းခြင်း၊ စုပေါင်းရုပ်ရှင်ကြည့်ရှုသည့် Cinematheque Program များနှင့် ထောက်ပံ့ကူညီမှုပြုလုပ်နိုင်မည့် Grant Program များလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နံနက် ၁ဝ နာရီတွင် ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကအမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်လောက၏ ဘူမိနက်သန်နေရာ မှန်၌ ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဖွင့်လှစ်နိုင်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်းနှင့် ရုပ်ရှင် မူပိုင်ခွင့်ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အသိ ဥာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်၊ အလုပ်အမှုဆောင် ဦးသန်းမောင်နှင့် SAVE MYANMAR FILM မှ ပရောဂျက်ဒါရိုက်တာဦးဥက္ကာတို့က ရုပ်ရှင်ဇာတ်ကား တစ်ကားဖန်တီးမှုတွင် ပါဝင်သော အစိတ်အပိုင်းများနှင့် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများ၊ ယနေ့ချိုးဖောက်ခံနေရသော မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသော မူပိုင်ခွင့် ဆိုင်ရာ ကာကွယ်မှုများ၊ ကာကွယ်ဆောင်ရွက်နိုင် သည့် အခွင့်အလမ်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးတင်ပြကြ ပြီးတက်ရောက်လာကြသူများ၏ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ ယနေ့ကျင်းပသည့် ရုပ်ရှင်မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော အကြံပြုချက်များ၊ ဆွေးနွေးချက်များကို အစီရင်ခံစာထုတ်ပြန်ပြီး မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Read 106 times Last modified on Sunday, 22 July 2018 09:15