SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

Friday, 17 August 2018 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၆

ရခိုင်ပြည်နယ်ဆိုင်ရာ   လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို ဦးဆောင်သောအဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌   ကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့်   သတင်းစာ ရှင်းလင်းပွဲကို ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲ၌ ကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး  မစ္စရိုဆာရီယိုမယ်နာလိုက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၃ဝ ရက်တွင် စတင်တည်ထောင်ခဲ့ကြောင်း၊ ကော်မရှင်ကို နိုင်ငံတကာ ကျွမ်းကျင်သူအပါအဝင် ကိုယ်စားလှယ် လေးဦးဖြင့်ဖွဲ့စည်းထားကြောင်း၊ ကော်မရှင်အနေဖြင့် သြဂုတ် ၁၄ ရက်တွင် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံချိန်တွင် ကော်မရှင်၏လုပ်ငန်းတာဝန်သတ်မှတ်ချက်များကို ဆွေးနွေးခဲ့သည့်အပြင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရခိုင်ဒေသတွင် ဆောင်ရွက်နေသည့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း။

မြန်မာနိုင်ငံနှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၂ဝ၁၇  ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ရခိုင်ဒေသမှ ရွှေ့ပြောင်းသွားသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားသူများ ပြန်လာရာတွင် မိမိဆန္ဒအလျောက် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်ရေး နှင့်ပတ်သက်ပြီး မည်သို့ပြန်လည် လက်ခံမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ကော်မရှင်နှင့် အစိုးရအကြား  အသေးစိတ်ဆွေးနွေးနိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံအစိုးရနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်များ၊  ငြိမ်းချမ်းရေး၊ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အရေးကြီးဆုံးတစ်ချက်မှာ ကော်မရှင်ကို အကူအညီပေးမည့် အတွင်းရေးမှူးအဖွဲ့ကို   မည်သို့ဖွဲ့မည်၊ မည်သူတွေပါဝင်မည်  ရုံးအဖွဲ့များနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးနိုင်ခဲ့ကြောင်း။

ကော်မရှင်အဖွဲ့၏    လုပ်ငန်းတာဝန် သတ်မှတ်ရာတွင် ပါဝင်သည့် အဓိက အချက်အလက်များတွင် ပထမအချက်မှာ ကော်မရှင်အနေဖြင့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နှင့် ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အကြမ်းဖက်မှု ကိစ္စများနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊စုံစမ်းစစ်ဆေးသည့်အခါတွင် အကြမ်းဖက်မှုကိစ္စများနှင့် ပတ်သက်ပြီး မည်သူက တာဝန်ရှိသည်၊ မည်သို့အဖြေရှာမည်ဆိုသည်ကို အကြံပြုချက်များ ရေးမည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ရခိုင်ဒေသတွင်ရှိသည့်သူများ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို သေချာစေရေး မည်သို့ဆောင်ရွက်ပါက မည်သို့အဆင်ပြေနိုင်မည်ဆိုသည့် အကြံပြုချက်များကို အကြံပြုသွားမည်ဖြစ်ကြောင်း။

ကော်မရှင်၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များအနေဖြင့် ပထမဦးဆုံးအချက်မှာ ARSAအကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး   ပေါ်ပေါက်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ၊  လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်နှင့် ထိုသို့စုံစမ်းစစ်ဆေးရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ကိစ္စရပ်များတွင် မည်သူတာဝန် ရှိသည်ဆိုသည်ကို   ဖော်ထုတ်မည် ဖြစ်ကြောင်း။

ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံ အစိုးရ၏ ၁၉၅ဝ ပြည့်နှစ် စုံစမ်းစစ်ဆေးရေး ကော်မတီ အက်ဥပဒေကိုမူတည်ပြီး လုပ်ငန်းတာဝန်ကို ရေးဆွဲထားကြောင်း၊  ထို့ပြင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတို့ကို ကိုးကား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကော်မရှင်အဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအပါအဝင်   အခြားသက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင် သတင်းအချက်အလက် တောင်းခံခြင်း၊ သတင်းအချက်အလက် စုဆောင်းမှုတွင် အထောက်အကူပေးခြင်း၊  သက်သေခံချက် ရယူခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊   ထိုသို့ သက်သေခံအချက်အလက်များ တောင်းခံသည့်နေရာတွင် သက်ဆိုင်ရာ အစိုးရအရာရှိများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ကော်မရှင်၏ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများကို အစိုးရအနေဖြင့် သင့်တော်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စီစဉ်ပေးရမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့သည် သက်ဆိုင်သည့်၊ ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက် အကုန်လုံးကို ရယူခွင့်ရှိကြောင်း၊ ယင်းသတင်းအချက်အလက် အကုန်လုံးကိုလည်း အသုံးပြုမည်ဖြစ်ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာများကိုသွားပြီး စုံစမ်းစစ်ဆေး မည်ဖြစ်ကြောင်း၊ကော်မရှင်အနေဖြင့် တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊  လုပ်ငန်းအဖွဲ့များကိုလည်း တွေ့ဆုံခွင့်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် လိုအပ်သည်ဟု ထင်မြင်ယူဆပါကသက်ဆိုင်သူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုသည် ကော်မရှင်ကို စာဖြင့်ရေးသားတင်ပြခွင့်ရှိရမည်ဖြစ်ကြောင်း၊ ကော်မရှင်၏ ဆောင်ရွက်ချက်များကို လွတ်လပ်ခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်း၊သမာသမတ်ရှိခြင်း၊ ပွင့်လင်းမြင်သာခြင်း၊ ယုံကြည်စိတ်ချရခြင်းတို့ကိုအခြေခံပြီး   မူတည်ထားကြောင်း။

ကော်မရှင်အနေဖြင့် အဓိကလုပ်ငန်းဖြစ်သည့် အစီရင်ခံစာ တင်သွင်းရသည့် အပိုင်းရှိကြောင်း၊   အစီရင်ခံစာတင်သွင်းသည့်အခါ ကော်မရှင်၏  စုံစမ်းစစ်ဆေး လေ့လာတွေ့ရှိချက်များအပေါ် အကြံဉာဏ်ပြုပြီး နိုင်ငံတော် သမ္မတထံ  တင်သွင်းသွားမည်ဖြစ်ကြောင်း၊ကော်မရှင်၏ အတွင်းရေးမှူးရုံးကို   မြန်မာနိုင်ငံတွင်    ရုံးစိုက်သွားမည်ဖြစ်ကြောင်း၊ အတွင်းရေးမှူးရုံးတွင် ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များကို လိုအပ်သလို ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့်  ပထမဆုံး သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏   အစီရင်ခံစာများနှင့် လိုအပ်သည့် စာရွက်စာတမ်းများကို စတင်စုဆောင်းသွားမည်ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များ အပေါ်မူတည်ပြီး  သုတေသန လုပ်မည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့်   လုပ်ငန်းနှင့် ပတ်သက်သည့်     တရားဝင် အင်တာနက် စာမျက်နှာကိုလည်း    ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး   မစ္စရိုဆာရီယိုမယ်နာလိုနှင့် ကော်မရှင်အဖွဲ့ဝင် သံအမတ်ကြီး မစ္စတာကင်ဇိုအိုရှီးမားတို့က   ပြန်လည်ရှင်းလင်း ဖြေကြားကြ သည်။

အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးမြသိန်း၊  သံအမတ်ကြီး  မစ္စတာကင်ဇိုအိုရှီးမားနှင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

Read 248 times Last modified on Friday, 17 August 2018 09:44