SJ WorldNews - шаблон joomla Авто

နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် အထောက်အကူပြုနိုင်သည့် MSME အသိုက်အဝန်းတစ်ခု ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်

Saturday, 18 August 2018 08:12 font size decrease font size decrease font size increase font size increase font size

မုံရွာ   သြဂုတ်   ၁၇

ပဉ္စမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့်  အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းများ  (MSMEs Products) ပြပွဲနှင့်  ပြိုင်ပွဲ (၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့  မြို့တော်ခန်းမ၌ ကျင်းပရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ     ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးခင်မောင်ချို၊လုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ စစ်ကိုင်းတိုင်းဒေသကြီး  လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး  တရားလွှတ်တော် တရားသူကြီးချုပ်  ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  အသိပညာရှင် အတတ်ပညာရှင်များ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်   ဒုတိယသမ္မတက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန် ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ( ၄ )ကြိမ်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးဖြစ်ကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ယနေ့ ကျင်းပပြုလုပ်သည့် MSMEs ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲသည် ပဉ္စမအကြိမ်မြောက် ဖြစ်ပြီး  ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ ယခုကဲ့သို့သော ပြပွဲ၊ ပြိုင်ပွဲများကို အလှည့်ကျ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း၊  နောက်ဆုံးအဆင့်အနေဖြင့် ပြည်ထောင်စုနယ်မြေ    နေပြည်တော်တွင် တစ်နိုင်ငံလုံးအတွက် MSMEs Products ပြပွဲနှင့် National Award ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း။

MSME များ   ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍    သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ MSME များ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲများကို ပြုလုပ် ကျင်းပလျက်ရှိရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အသင်းအဖွဲ့များ၊ ပညာရှင်များ၊   လုပ်ငန်းရှင်များနှင့် Stakeholder များအားလုံး စုံစုံညီညီ ပူးပေါင်း၍ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကောင်းမွန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ကျင်းပပြီးခဲ့သည့် ပြပွဲ၊ ပြိုင်ပွဲများ၏ ရလဒ်များကို အခြေခံ၍လက်တွေ့ဆောင်ရွက်သင့်သည့် အစီအမံများကိုလည်း ဖြည့်ဆည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဒေသအလိုက် ပြိုင်ပွဲများတွင် MSMEများ၏ လိုအပ်ချက်များကို ထောက်ပြဆွေးနွေးခြင်း၊ ဈေးကွက် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် MSMEများ၏ အခက်အခဲများကို  သက်ဆိုင်ရာဒေသ Agency အစည်းအဝေးများတွင် တင်ပြဆွေးနွေးခြင်းနှင့် ပံ့ပိုးပေးခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများတွင်  ဆုရရှိသည့် လုပ်ငန်းများနှင့် အလားအလာရှိသည့် လုပ်ငန်းများကို မှတ်တမ်းတင်ထားရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာTrade Fair များ၊  Business Matching အစီအစဉ်များနှင့် Business Plan Competition များ ကျင်းပပြုလုပ်ရာသို့ ဖိတ်ခေါ်ပေးခြင်း၊ ငွေကြေးအရင်းအနှီး ရရှိနိုင်ရေးအတွက်  ဘဏ်များနှင့် ချိတ်ဆက်ပေးခြင်း၊ လက်လီရောင်းချသူများထံသို့ ဒေသထုတ်ကုန်များ   တင်ပို့ရောင်းချနိုင်ရေးအတွက် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဒေသဆိုင်ရာ MSMEများ၏ ထုတ်ကုန်များကို  အများပြည်သူသို့ ပိုမိုမိတ်ဆက် ရှင်းလင်းတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ MSME လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ၏ ဦးဆောင်မှုဖြင့် MSME လုပ်ငန်းရှင်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် သင်တန်းများ၊ နည်းပညာဆိုင်ရာ ပံ့ပိုးပေးသည့်သင်တန်းများ၊ ဈေးကွက်နှင့် ငွေကြေးရရှိရေးဆိုင်ရာ သင်တန်းများနှင့် အထောက်အကူပြု ဆွေးနွေးပွဲများကို ကျင်းပပေးလျက် ရှိနေကြောင်း။

MSME လုပ်ငန်းများအနေဖြင့် လုပ်ငန်းရှင်များ၏ တီထွင်ကြံဆမှု၊ ဆန်းသစ်မှု၊ စွန့်စားမှုများကြောင့် မိရိုးဖလာ စီးပွားရေးလုပ်ငန်းများမှ Innovative MSME အသွင်သို့ ပြောင်းလဲလာပြီး   စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်များ ထွက်ပေါ်လာစေရန် လိုအပ်ကြောင်း။

နိုင်ငံတော်က ဦးဆောင် ကျင်းပပေးသည့် ပြပွဲ၊ ပြိုင်ပွဲများတွင် အခြားလုပ်ငန်းရှင်များ၏ စိတ်ကူးစိတ်သန်း၊   ကြိုးပမ်းအားထုတ်မှု၊ ဈေးကွက်ကို ထိထိမိမိ မိတ်ဆက်နိုင်မှုများကို အတုယူရန် လိုအပ်ကြောင်း။

 မြန်မာ့ SME လုပ်ငန်းများအနေဖြင့် စီးပွားရေးဆိုင်ရာ   ဆန်းသစ်သည့် အတွေးအခေါ် အသိအမြင်များ ဖွံ့ဖြိုးတိုးတက်လာပြီး ပိုမိုကောင်းမွန်သည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို  ဆောင်ရွက်ပေးနိုင်မှသာ ဒေသတွင်း လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း။

ယခုကဲ့သို့ ပြပွဲ၊  ပြိုင်ပွဲများ ကျင်းပပေးသည့်အတွက်   ဒေသတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ အနေဖြင့်   မိမိတို့လုပ်ငန်းများ၊ ထုတ်ကုန်များ၏ ထူးခြားချက်နှင့် အားသာချက်များကို ဖော်ထုတ်ပြသနိုင်သည့် အခွင့်အရေး ရရှိသကဲ့သို့ မိမိတို့ဒေသ၏ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို စိတ်ဝင်စားစေမည်ဖြစ်ကြောင်း။

ယခုပြပွဲ၊ ပြိုင်ပွဲ၏   ထူးခြားမှုတစ်ခုမှာ ပုဂ္ဂလိကဘဏ်များကို ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း၊ ပြပွဲ၊ ပြိုင်ပွဲနှင့်အတူ ပေါ်ပေါက်လာသည့် အခွင့်အရေးများကို မိမိရရ ရယူဆောင်ရွက်နိုင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

ဒေသကြီးတစ်ခုတွင်ပြုလုပ်သည့်   ပြပွဲ၊ပြိုင်ပွဲများတွင် အခြားဒေသများမှ လုပ်ငန်းများလည်း လာရောက်ပါဝင် ပြသနိုင်ခြင်းဖြင့် ဒေသတစ်ခုနှင့် တစ်ခုအကြားရှိ Supply Chain ကို ဖြည့်ဆည်းနိုင်ပြီး  အချင်းချင်း ပူးပေါင်းဆောင် ရွက်လာနိုင်ကြောင်း။

MSME များအနေဖြင့် ဈေးကွက်အခွင့်အလမ်း မရရှိလျှင် ရေရှည်တည်တံ့နိုင်မည် မဟုတ်သည့်အတွက် ရေရှည်တည်တံ့နိုင်စေရန်၊ မိမိတို့၏ ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိရန် လိုအပ်မည်ဖြစ်သည့်အပြင် နိုင်ငံတကာ ဈေးကွက်ရရှိနိုင်ရေး အတွက်လည်း ကြိုးစားအားထုတ် သွားကြရမည်ဖြစ်ကြောင်း။

ထုတ်ကုန်များ၊   ဝန်ဆောင်မှုများကို ဖော်ဆောင်နိုင်သည့် MSME လုပ်ငန်းများ ပိုမိုဖြစ်ထွန်း ပေါ်ပေါက်လာစေရေးနှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အထောက်အကူပြုနိုင်သည့်  MSME   အသိုက်အဝန်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာစေရန်အတွက် ရည်မှန်းချက်ထား၍ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်  တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကစစ်ကိုင်းတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှုများနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs)၏ ပဉ္စမအကြိမ် ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဒေါက်တာအောင်မိုးညို၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးတို့ကလက်ခံကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ပဉ္စမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ (MSMEs  Products) ပြပွဲနှင့် ပြိုင်ပွဲ အခမ်းအနားကိုမုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ဆက်လက်ကျင်းပရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များဖြစ်ကြသည့် ဒေါက်တာမြင့်နိုင်နှင့် ဒေါက်တာအောင်မိုးညို၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊   ဒေါက်တာထွန်းနိုင်၊ ဦးမောင်မောင်ဝင်းနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းတို့က ပဉ္စမအကြိမ် အငယ်စား၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများပြပွဲနှင့် ပြိုင်ပွဲမုခ်ဦးကို  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည်   ပဉ္စမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ဒုတိယသမ္မတသည် မုံရွာမြို့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB)  မုံရွာဘဏ်ခွဲ၌ ကျင်းပသည့် SME Centre ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က SME Centre ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဒုတိယသမ္မတသည် ဘဏ်ခွဲအတွင်း လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ဗောဓိတစ်ထောင် ပျိုးဥယျာဉ်သို့ ရောက်ရှိကြရာ ပျိုးဥယျာဉ်ရှင်းလင်းဆောင် ၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က  ဗောဓိတစ်ထောင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပျိုးဥယျာဉ် တည်ထောင်ခြင်းလုပ်ငန်း၊ သဘာဝတောကျန် ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း၊ တောင်တန်းစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းနှင့် အထူးစိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် သဘာဝရေထွက်များ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဗောဓိတစ်ထောင်ဒေသ စိမ်းလန်းစိုပြည်ရေး အတွက် သဘာဝတောကျန် သစ်ပင်များအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းများကို   စဉ်ဆက်မပြတ်အောင်မြင်အောင် ဆောင်ရွက်သွားရေး၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်အောင် အထူးဂရုစိုက်ထိန်းသိမ်းသွားရေးနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် စနစ်တကျ ဂရုပြုဆောင်ရွက်ရေး တို့ကိုမှာကြားသည်။ 

(သတင်းစဉ်)

Read 121 times Last modified on Saturday, 18 August 2018 08:14