SJ WorldNews - шаблон joomla Авто

မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကျင်းပ

Monday, 20 August 2018 10:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး မြန်မာမီဒီယာဂရု(ပ်)မှ စီစဉ်ကျင်းပသော တတိယအကြိမ် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ ချန်ပီယံ ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ ပွဲစဉ် အများစုမှာ ပူးတွဲသရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် အမျိုးသားရိုးရာ လက်ဝှေ့ပွဲ ခြောက်ပွဲနှင့် အမျိုးသမီး ရိုးရာလက်ဝှေ့ပွဲ တစ်ပွဲ ပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။ ငါးချီပွဲစဉ် များအဖြစ် ယှဉ်ပြိုင်ထိုးသတ်သော ၆၅ ကီလိုပွဲစဉ်တွင် ထွန်းလွင်မိုး (မြန်မာ)နှင့် ခါရာတီဆာရီတီဒက် (ထိုင်း)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ လက်ရည်ညီ နေခြင်းကြောင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ ၇ဝ ကီလို ပွဲစဉ်တွင် ဖျံသွေး (ရွှေမိုးထိငြိမ်းချမ်းရေး)နှင့် စောဂေါ်မူဒို(သတ္တိ)တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ပွဲပြီးချိန်ထိ တစ်ဦးကို တစ်ဦးအလဲ မထိုးနိုင်ခဲ့ဘဲ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ ၅၇ ကီလိုပွဲစဉ်တွင် ရဲသွေးနီ (မြန်မာ)နှင့် ယူတာဟာမာမိုတိုကက် (ဂျပန်)တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ငါးချီမြောက်တွင် ရဲသွေးနီ၏ တွဲလုံးလက်သီး များကြောင့် ယူတာဟာမာ မိုတိုကက်မှာ ဆက်လက် မထိုးနိုင်ခဲ့ဘဲ ရဲသွေးနီက ယူတာဟာမာမိုတိုကက်ကို အနိုင်ရရှိခဲ့သည်။

၇၃ ကီလို ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ထိုးသတ်သော ရွှေရာမာဉ်(မြန်မာ)နှင့် ခိုဟီဟိုခဲရှီ (ဂျပန်)တို့ ပွဲစဉ်နှင့် ၈ဝ ကီလိုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သော ထွန်းထွန်းမင်း(မြန်မာ)နှင့် ဒါရီလိုကုကု (ကွန်ဂို)တို့ ပွဲစဉ်များတွင် နှစ်ပွဲစလုံးမှ ပြိုင်ဘက်ကစားသမားများမှာ လက်ရည်ညီ နေခြင်းကြောင့်သရေ ရလဒ်များသာ ထွက်ပေါ်ခဲ့သည်။

ထို့ပြင် အလွတ်တန်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် ဒေဝ(မြန်မာ)နှင့် ဒီစဲလက်(ထိုင်း) တို့ပွဲစဉ်တွင် ပထမအချီမှာပင် ဒေဝ၏ ဘယ်ညာတွဲလုံး လက်သီးများနှင့် တံတောင် ရိုက်ချက်များကြောင့် ဒီစဲလက်မှာ ဒေဝကို အရှုံးပေးခဲ့ရသည်။

ထို့ပြင် အမျိုးသမီး လေးချီပွဲအဖြစ် ယှဉ်ပြိုင် ထိုးသတ်သော ၆ဝ ကီလိုပွဲစဉ်တွင် ဘရောနီကာ (မြန်မာ)နှင့် အယ်လီနာမစ်ချပ်(ဘီလာရု(စ်)) တို့ယှဉ်ပြိုင်ထိုးသတ်ရာ နှစ်ဦးစလုံးမှာ အနိုင် ရရှိရန်အတွက် ယှဉ်ပြိုင် ထိုးသတ်ခဲ့သော်လည်း ပွဲပြီးဆုံးချိန်အထိ တစ်ဦးကို တစ်ဦးအလ မထိုးနိုင်ခဲ့ဘဲ သရေရလဒ်သာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ မင်းသော်တာလွင်

Read 664 times Last modified on Monday, 20 August 2018 10:16