SJ WorldNews - шаблон joomla Авто

ပိုက်ကျော်ခြင်း အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်း ပွဲဦးထွက် အနိုင်ရ

Monday, 20 August 2018 10:16 font size decrease font size decrease font size increase font size increase font size

အင်ဒိုနီးရှား သြဂုတ် ၁၉

(၁၈)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲကို အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့နှင့် ပလမ်ဘန်းမြို့ တို့၌ ကျင်းပလျက် ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ အနေဖြင့် ဂျကာတာမြို့၌ ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဝူရှူးနှင့် မြားပစ်အား ကစားနည်း များဖြင့် လည်းကောင်း၊ ပလမ်ဘန်းမြို့၌ လှေ၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း အားကစားနည်း များဖြင့်လည်းကောင်း ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။

ပိုက်ကျော်ခြင်း ပြိုင်ပွဲ အမျိုးသမီး သုံးယောက်တွဲ အသင်းလိုက် ပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို ၂ ပွဲ-၁ ပွဲဖြင့် အနိုင်ရရှိပြီး နေ့လယ်ပိုင်းတွင် ဗီယက်နမ် အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစားရာ ၂ ပွဲ-၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။

ပလမ်ဘန်းမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာလှေ မီတာ၂ဝဝဝ အမျိုးသမီး နှစ်ယောက်တွဲ ပွဲစဉ် လူရွေးပွဲတွင် မြန်မာနိုင်ငံမှ ရွှေဇင်လတ်နှင့် နီလာဝင်းတို့အတွဲက စံချိန် ၈ မိနစ် ၄၁ ဒသမ ၉၈ စက္ကန့်ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့သော်လည်း ပထမနှင့် ဒုတိယရသော အသင်းများမှာ ဗိုလ်လုပွဲသို့ တိုက်ရိုက်တက်ရောက်ခွင့် ရသောကြောင့် ဗိုလ်လုပွဲ တက်ရောက်ရန်အတွက် ဒုတိယအကြိမ် Repechage ပွဲစဉ်ကို သြဂုတ် ၂၁ ရက်တွင် ထပ်မံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

သေနတ်ပစ်ပြိုင်ပွဲ ၁ဝ မီတာ လေပစ္စတို ကျား၊ မ နှစ်ယောက် တွဲပွဲစဉ်တွင် မြန်မာနိုင်ငံမှ ရဲထွန်းနောင်နှင့် မေပိုးဝါတို့ အတွဲက ရမှတ် ၇၅၂ မှတ်ဖြင့် အဆင့် ၁၃ သာ ရရှိခဲ့ပြီး ငါးသင်းသာ ဗိုလ်လုပွဲ တက်ရောက် ခွင့်ရသောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသော အမျိုးသမီး ဝူရှူးထောက်လုပြိုင်ပွဲ နန်းချွမ် ပွဲစဉ်တွင် မြန်မာနိုင်ငံမှ အေးသစ္စာမြင့်က ရမှတ် ၉ ဒသမ ၃၄ မှတ်ဖြင့် အဆင့် ၁ဝ ရရှိပြီး သြဂုတ် ၂ဝ ရက် (ယနေ့)တွင် နန်းတောင်းပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အမျိုးသမီးဝူရှူး ထောက်လုပြိုင်ပွဲ ထိုက်ချိချွမ် ပွဲစဉ်တွင် မြန်မာနိုင်ငံမှ မြတ်နိုးအိမ်က ရမှတ် ၉ ဒသမ ၄၈ မှတ်ဖြင့် အဆင့် ၁၂ နေရာ၌ လက်ရှိ ရပ်တည်လျက် ရှိပြီး သြဂုတ် ၂ဝ ရက်(ယနေ့)တွင် ထိုက်ချိကျန့်ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ဝူရှူးအမျိုးသား ထောက်လုပြိုင်ပွဲ ချန်းချွမ်ပွဲစဉ်တွင် မြန်မာနိုင်ငံမှ ထက်ဟန်ကျော် က ရမှတ် ၈ ဒသမ ၉၄ မှတ်ဖြင့် အဆင့် ၁၃ နေရာသာ ရရှိခဲ့သည်။

တိုက်ကွမ်ဒို အမျိုးသား တစ်ဦးချင်း ကကွက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဆန်းရှိုင်းက အင်ဒိုနီးရှား နိုင်ငံ ကစားသမားကို ရှုံးနိမ့်ခဲ့ကြောင်း သတင်း ရရှိသည်။ ကျော်လွင်

Read 586 times Last modified on Monday, 20 August 2018 10:17