SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည် ရောက်ရှိ

Friday, 14 September 2018 08:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၃

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ဟနွိုင်းမြို့ရှိ National Convention Center ၌ "A conversation With Daw Aung San Suu Kyi , State Counsellor of Myanmar" ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေး ပြောကြားသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘာ့စီးပွားရေး ဖိုရမ်အမှုဆောင်ဥက္ကဋ္ဌ ပါမောက Klaus Schwab အား ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် National Convention Center ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ မြန်မာနိုင်ငံအတွက် အထောက်အကူပြု ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေများအပေါ် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဦးကျော်တင်နှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် လည်းကောင်း၊ မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း National Convention Center ၌ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဗီယက်နမ် နိုင်ငံ NoiBai အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဗီယက်နမ်နိုင်ငံ ဂုဏ်ပြု တပ်ဖွဲ့နှင့်အတူ ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနဝန်ကြီး Mr. Chu Ngoc Anh ၊ဗီယက်နမ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း နှင့်ဇနီး၊ စစ်သံမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများက ဟနွိုင်းမြို့ Noi-Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ည ၆ နာရီတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့်ဇနီး၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး ပထမ အတွင်းဝန်တို့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

Read 30 times Last modified on Friday, 14 September 2018 08:19