ဟနွိုင်း စက်တင်ဘာ ၁၃
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် နိုင်ငံသမ္မတ မစ္စတာကျန်ဒိုင်ကွမ်နှင့် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော် ဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာ တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံမြို့ များအကြား ညီအစ်မမြို့တော်များ တိုးချဲ့တည်ထောင်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန်ထိတွေ့ ဆက်ဆံရေးနှင့် ခရီးသွားလာမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်း အားထုတ်မှုများတွင် ဗီယက်နမ်နိုင်ငံမှ ဆက်လက် ထောက်ခံ အားပေးသွားမည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်းတို့ တက်ရောက်ကြသည်။