SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုပေးပွဲမှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ လွှမ်းမိုးမှုကို ချေဖျက်လိုက်တဲ့ ခရိုအေးရှား လက်ရွေးစင် အသင်းနဲ့ ရီးယဲလ်မက်ဒရစ် အသင်း ကွင်းလယ် ကစားသမား မိုဒရစ်

Wednesday, 26 September 2018 08:52 font size decrease font size decrease font size increase font size increase font size

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စက်တင်ဘာ ၂၄ ရက်ညပိုင်းက ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲ ကျင်းပခဲ့ပြီး  အာဂျင် တီးနားအသင်း အဓိကတိုက်စစ်မှူး  မက်ဆီ၊ ပေါ်တူဂီအသင်း တိုက်စစ်မှူး စီရော်နယ်ဒို အပါအဝင် ကမ္ဘာကျော်ဘောလုံးသမားအများ အပြား တက်ရောက်ခဲ့ကြပါတယ်။  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က   ပြင်သစ် မဂ္ဂဇင်းနဲ့ ပူးပေါင်းပြီး  ဖီဖာ Ballon d'Or  အကောင်းဆုံးဆုပေးနေတာကို အဆုံးသတ်ပြီးနောက်  (၃)ကြိမ်မြောက် ကျင်းပချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

၂ဝ၁၈  ခုနှစ်အတွက်   ဖီဖာကမ္ဘာ့ အကောင်းဆုံးကစားသမားဆုကို ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား မိုဒရစ်က  ရရှိခဲ့ပါတယ်။  မိုဒရစ်က ရီးယဲလ်မက်ဒရစ်အသင်းကို သုံးနှစ်ဆက်တိုက် ချန်ပီယံလိဂ် ချန်ပီယံဆု အပြင်၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မိခင်နိုင်ငံကိုယ်စားပြုအသင်းဖြစ်တဲ့ ခရိုအေးရှား အသင်းကို    ဗိုလ်လုပွဲ အထိ တက်ရောက်စေဖို့ အဓိကစွမ်းဆောင်နိုင်ခဲ့တာကြောင့်  ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆု   ချီးမြှင့်ခြင်း ခံရတာဖြစ်ပါတယ်။ 

မိုဒရစ်က   ကမ္ဘာ့အကောင်းဆုံးဆု ရယူနိုင်ဖို့ လီဗာပူးတိုက်စစ်မှူး ဆာလက်ခ်ျ၊ ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရော် နယ်ဒို တို့ကို ကျော်ဖြတ်ပြီး ဖီဖာအကောင်းဆုံးဆု ရရှိခဲ့တာ ဖြစ်ပါတယ်။   

အကောင်းဆုံး ကစားသမားဆု ရွေးချယ်ရာမှာ နိုင်ငံ့လက်ရွေးစင် အသင်း ခေါင်းဆောင်၊ နည်းပြတွေနဲ့ ရွေးချယ် ထားတဲ့  ဂျာနယ်လစ်တွေက မဲပေးရွေးချယ်ခဲ့တဲ့ ကစားသမားကို ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။   ဒီနှစ်ကျင်းပတဲ့  ဖီဖာ အကောင်းဆုံး ကစားသမား ဆုရွေးချယ်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပရိသတ်တွေရဲ့ ဆန္ဒမဲကို လည်း  တောင်း ခံ ခဲ့ပါတယ်။   ခရိုအေးရှား ကွင်းလယ် ကစားသမား မိုဒရစ်က မက်ဆီနဲ့ စီရော်နယ်ဒိုတို့ လွှမ်းမိုးထားတဲ့  ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ချေဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

မက်ဆီနဲ့ စီရော်နယ်ဒိုတို့က ၂ဝဝ၇ ခုနှစ် နောက်ပိုင်းကတည်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို  အလှည့်ကျ ရယူနေကြပြီး  ဒီနှစ်မှာတော့  မက်ဆီနဲ့  စီရော်နယ်ဒိုတို့ လွှမ်းမိုးထားတဲ့ ကမ္ဘာ့အကောင်းဆုံးကစား သမားဆုကို မိုဒရစ်က ကျော်ဖြတ်ရယူခဲ့တာ ဖြစ်ပါတယ်။

လူကာမိုဒရစ် ဒီဆုရရှိတာနဲ့ ပတ်သက်ပြီး ခရိုအေးရှား လက်ရွေးစင်နည်းပြ  ဒါလစ်က '' မိုဒရစ်က ခရိုအေးရှား လက်ရွေးစင်အသင်း ခေါင်းဆောင်ဖြစ်သလို အသင်းရဲ့အကောင်း ဆုံးကစားသမားတစ်ဦးလည်းဖြစ်တယ်။ သူက   ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်သူဖြစ်တယ်'' လို့ ချီးကျူးစကားဆို ခဲ့ပါတယ်။ ဒါ့ပြင် မိုဒရစ် ကိုယ်တိုင် ကလည်း  ''လုပ်ဖော်ကိုင်ဖက်တွေ၊  နည်းပြတွေအပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ပါတယ် '' လို့  ပြောခဲ့ပါတယ်။  ဖီဖာကမ္ဘာ့အကောင်းဆုံးဆု ပေးပွဲမှာ  မိုဒရစ်က  ဆန္ဒမဲပေါင်း၂၉ဒသမ  ဝ၅ ရာခိုင်နှုန်း ရရှိထားပြီး

စီရော်နယ်ဒိုက ဆန္ဒမဲပေါင်း  ၁၉ ဒသမ ဝ၈ ရာခိုင်နှုန်းသာရရှိခဲ့ပါတယ်။ ဆာလက်ခ်ျကတော့ ဆန္ဒမဲပေါင်း  ၁၁ ဒသမ ၂၃ ရာခိုင် နှုန်းရရှိထားပါတယ်။  မိုဒရစ်က ဖီဖာကမ္ဘာ့အကောင်းဆုံးဆုမရခင် ၂ဝ၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ   အကောင်းဆုံး ကစားသမားဆုနဲ့ ဥရောပတစ်နှစ်တာ  အကောင်းဆုံးကစား သမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ 

ဖီဖာကမ္ဘာ့ အကောင်းဆုံး ဆုပေးပွဲမှာ ဖီဖာအမျိုးသား အကောင်းဆုံးကစားသမားဆု အပြင် အမျိုးသမီး အကောင်းဆုံး ကစားသမားဆု၊ နည်းပြဆု၊ အသန့်ရှင်းဆုံးကစားသမားဆု၊   အကောင်းဆုံးသွင်းဂိုးဆုတွေကိုလည်း ချီးမြှင့်ခဲ့ ပါတယ်။  ဖီဖာအမျိုးသမီးတစ်နှစ် တာ အကောင်းဆုံးကစားသမားဆုကိုလည်း ဘရာဇီး လက်ရွေးစင် အမျိုးသမီး အသင်း တိုက်စစ်မှူး   မာတာကရရှိခဲ့ပြီး  ဒီဆုက မာတာအတွက်  တစ်နှစ်တာအကောင်းဆုံး ဆုကို (၆)ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပါ တယ်။ မာတာက ကိုပါအမေရိကဖလားပွဲမှာ ဘရာဇီးအသင်းကို ချန်ပီယံဖြစ် အောင်  ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် အမျိုးသမီး  အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါ့ပြင်  ၂ဝ၁၈ ခုနှစ်အတွက် ဖီဖာကမ္ဘာ့ အကောင်းဆုံးနည်းပြဆုကို  ဒေးချမ့်စ်က ရယူနိုင်ခဲ့ပါတယ်။ ဒေးချမ့်စ်က    ပြင်သစ် လက်ရွေးစင်အသင်းကို ရုရှားနိုင်ငံမှာကျင်းပ တဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့လို့ ကမ္ဘာ့အကောင်း ဆုံးနည်းပြဆု ရရှိခဲ့ပါတယ်။  ဒေးချမ့်စ်က     ဖီဖာကမ္ဘာ့အကောင်းဆုံးနည်းပြ ဆုရယူနိုင်ဖို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်း၊ ခရိုအေးရှား လက်ရွေးစင်နည်းပြ   ဒါလစ်တို့နဲ့အပြိုင် ဖြစ်ခဲ့ပြီး ဆန္ဒမဲ ပေါင်း ၃ဝ ဒသမ ၅၂ ရာခိုင် နှုန်းနဲ့   ဖီဖာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ကို ချန်ပီယံ

လိဂ်ချန်ပီယံဆု သုံးနှစ်ဆက်တိုက်ရယူပေး ခဲ့တဲ့ နည်းပြဇီဒန်းက ဆန္ဒမဲပေါင်း  ၂၅ ဒသမ၇၄ ရာခိုင်နှုန်း၊  ခရိုအေးရှား အသင်းကို  ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်အောင် စွမ်းဆောင်ခဲ့တဲ့  နည်းပြဒါလစ်ကတော့  ဆန္ဒမဲ  ၁၁  ဒသမ ၈၁ ရာခိုင်နှုန်းသာ  ရရှိခဲ့ပါတယ်။

ဖီဖာအမျိုးသမီး အကောင်းဆုံးနည်းပြဆုကို ပက်ရော့ဒ်က ရရှိခဲ့ပါတယ်။  ပက်ရော့ဒ်က   လိုင်ယွန်အမျိုးသမီး အသင်းကို တာဝန်ယူတဲ့  ပထမဆုံးရာသီမှာပဲအမျိုးသမီးချန်ပီယံလိဂ်နဲ့ အမှတ်ပေးလိဂ်တွေမှာ ချန်ပီယံဆုရယူနိုင်အောင်စွမ်းဆောင်ပေး ခဲ့ လို့  ဖီဖာအကောင်းဆုံး အမျိုးသမီး နည်းပြဆု   ရရှိခဲ့တာဖြစ်ပါတယ်။   

ကမ္ဘာ့အကောင်းဆုံးသွင်းဂိုးဆုကိုတော့  လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ခ်ျက ရရှိခဲ့ပါတယ်။ ဟန်ဂေရီ တိုက်စစ်မှူး ဟောင်း ပွတ်ကက်ကို  ဂုဏ်ပြုချီးမြှင့်တာကြောင့်  ဖီဖာပွတ်ကတ်ဆုလို့လည်း ဆိုကြပါတယ်။   

ဖီဖာအကောင်းဆုံးသွင်းဂိုးဆုအတွက်  ဆာလက်ခ်ျ၊ စီရော်နယ်ဒိုနဲ့    ဘေးလ်တို့အပြိုင်ဖြစ်ခဲ့ပြီး ဆာလက်ခ်ျက ရရှိခဲ့တာဖြစ် ပါတယ်။  ဆာလက်ခ်ျက ၂ဝ၁၇ ခုနှစ်  ဒီဇင်ဘာလက  အဲဗာတန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးက ကမ္ဘာ့အကောင်းဆုံး သွင်းဂိုးဆုအဖြစ်   သတ်မှတ်ရွေးချယ်ခံ ရတာဖြစ်ပါတယ်။   ချယ်လ်ဆီး ဂိုးသမားဟောင်း ကော်တွိုက်စ် ကတော့  ဖီဖာ အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့ပါတယ်။

ကော်တွိုက်စ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မိခင် နိုင်ငံကိုယ်စားပြုအသင်းဖြစ်တဲ့  ဘယ်လ်ဂျီယံအသင်းအတွက်   ပွဲတိုင်းနီးပါး ပါဝင်ခဲ့ပြီး  အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့လို့   ဆုရခဲ့တာဖြစ်ပါတယ်။  ကော်တွိုက်စ်က လက်စတာ စီးတီး နဲ့  ဒိန်းမတ်ဂိုး သမား ကက်ပါရှမိုက် ကယ်၊  စပါးနဲ့ ပြင်သစ်ဂိုးသမား  လော်ရစ်တို့ကို ကျော်ဖြတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဖီဖာအကောင်းဆုံးဆုက ဘောလုံးသမားနဲ့  နည်းပြတွေအတွက် မှတ်တိုင်တစ်ခုဖြစ်ပြီး စွမ်းဆောင်ရည်ကို အသိမှတ်ပြုတဲ့ ဆုတစ်ဆု လည်းဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဆုတွေကို မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ဆယ်စုနှစ် တစ်ခု ကြာအောင် လွှမ်းမိုးထားတာကို မိုဒရစ် ကကျော်ဖြတ်နိုင်ခဲ့လို့   လာမယ့်နှစ်မှာ ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို  ဘယ်သူရမလဲဆိုတာ  စောင့်ကြည့်အားပေး ရမှာဖြစ်ပါကြောင်း  . . .

ဆောင်းပါးရှင်- ဇေယျာ                                      

Read 263 times Last modified on Wednesday, 26 September 2018 09:11