SJ WorldNews - шаблон joomla Авто

မြိုင်ကြီးငူ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မြဝတီမြို့သို့ ရောက်ရှိ ၊ ခေတ္တအပူဇော်ခံပြီး မြိုင်ကြီးငူသို့ ဆက်လက်ပင့်ဆောင်သွားမည်

Monday, 15 October 2018 09:27 font size decrease font size decrease font size increase font size increase font size

မြဝတီ   အောက်တိုဘာ  ၁၄

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Bumrungrad International ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် မြိုင်ကြီးငူ ဆရာတော်ကြီးသည် အောက်တိုဘာ ၁၃ ရက် ညပိုင်း ထိုင်းစံတော်ချိန် ၉ နာရီ ၁၂ မိနစ် မြန်မာစံတော်ချိန် ၈ နာရီ ၄၂ မိနစ်တွင် ပျံလွန်တော်မူခဲ့သည့် အတွက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ထိုင်းနိုင်ငံမှ  ပြန်လည်ပင့်ဆောင်လာခဲ့ရာ ယနေ့နံနက် ၁၁ နာရီတွင်  မြန်မာ-ထိုင်း   အမှတ်(၁)ချစ်ကြည်ရေး တံတားမှတစ်ဆင့် မြဝတီမြို့သို့ ရောက်ရှိကြောင်း သိရသည်။

ထိုသို့ရောက်ရှိလာသည့် ရုပ်ကလာပ်တော်အား  ဆရာတော် သံဃာတော်များ၊ ကရင်ပြည်နယ် မွန်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းနှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများက လာရောက် ပင့်ဆောင်ပူဇော်ကြပြီး ဆရာတော်၏ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ပြည်သူအများအပြားလည်း လာရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို သင်္ဃန်းညီနောင်ကျေးရွာရှိ ဗုဒ္ဓသုခကျောင်းတွင် ခေတ္တအပူဇော်ခံမည်ဖြစ်ပြီး မြိုင်ကြီးငူ ဒေသသို့ ဆက်လက်ပင့်ဆောင် သွားမည်ဖြစ်သည်။

မြိုင်ကြီးငူဆရာတော်၏ ဘွဲ့တော်မှာ ဘဒ္ဒန္တသုဇနဖြစ်ပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နို့ထရွာဇာတိဖြစ်ကာ စကောကရင် လူမျိုးဖြစ်သည်။

ပျံလွန်တော်မူချိန်တွင် သက်တော် ၇၁ နှစ် သိက္ခာတော် ၅၂ ဝါရှိပြီး ကရင်ပြည်နယ် အတွင်း၌ ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အပြင် သာသနာပြု လုပ်ငန်းများ အများအပြား လုပ်ကိုင်ခဲ့သည့်အတွက် ဆရာတော်ကြီးမှာ အနယ်နယ် အရပ်ရပ်ရှိ ဒါယကာ၊ ဒါယိကာမ အများအပြား၏ ကြည်ညိုခြင်း ခံရသည့် ဆရာတော်တစ်ပါးလည်း ဖြစ်ကြောင်း သိရသည်။ 

Read 123 times Last modified on Monday, 15 October 2018 09:28