Print this page

ရိုးရာလက်ဝှေ့ ဂုဏ်သိက္ခာ အတွက် စိန်ခေါ်ခြင်းဖြစ်ပြီး နောက်ဆုံး ယှဉ်ပြိုင်သည့် ပွဲဖြစ်နိုင်ဟု ထွန်းထွန်းမင်းဖွင့်ဟ

Wednesday, 17 October 2018 09:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ  ၁၆

မြန်မာ့ရိုးရာ လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ ချန်ပီယံ ဒေ့ဗ်နှင့် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ချန်ပီယံဟောင်း ထွန်းထွန်းမင်း တို့ ဒီဇင်ဘာ ၁၆ ရက်တွင် ယှဉ်ပြိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ဒေ့ဗ်နှင့်ထွန်းထွန်းမင်းတို့သည် နှစ်ပွဲ ယှဉ်ပြိုင်ထားပြီး ပထမပွဲတွင် သရေကျကာ ဒုတိယပွဲတွင် ထွန်းထွန်းမင်း ဒူးအရွတ် ဒဏ်ရာ ပြင်းထန်စွာရပြီး ရှုံးနိမ့်ခဲ့ရကာ ဒေ့ဗ်သည် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည်။ ထွန်းထွန်းမင်းသည် အဆိုပါ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသည်။

ယခု တတိယအကြိမ်မြောက် ယှဉ်ပြိုင် ရခြင်းနှင့် ပတ်သက်ပြီး ဒေ့ဗ်က Facebook စာမျက်နှာ၌ ''မြန်မာ့ရိုးရာ လက်ဝှေ့  ကမ္ဘာ့ ချန်ပီယံအနေနဲ့ ကျွန်တော်က စိန်ခေါ်မှုတွေ အားလုံးကို လက်ခံရမှာဖြစ်ပါတယ်။ တခြား ကိုယ်ခံပညာရပ်တွေနဲ့ နှိုင်းယှဉ်ပြီး လက်ဝှေ့ရဲ့ စွမ်းအား အစစ်အမှန်ကိုပြသဖို့  ကျွန်တော့် အနေနဲ့ နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင် လိုပါတယ်။ ဒါပေမဲ့ ထွန်းထွန်းမင်းက သုံးကြိမ် မြောက်ယှဉ်ပြိုင်ဖို့ ကျွန်တော့်ကို စိန်ခေါ်ခဲ့ ပါတယ်။ သူ့စိန်ခေါ် မှုကို ကျွန်တော်လက်ခံခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်'' ဟု ရေးသားခဲ့သည်။

ထွန်းထွန်းမင်းက အနားယူရန် စဉ်းစားခဲ့သေးသော်လည်း မြန်မာ့လက်ဝှေ့ချန်ပီယံ အဖြစ် နိုင်ငံခြားသားတစ်ဦး ခါးပတ် သိမ်းပိုက်ထားပြီး စိန်ခေါ်ယှဉ်ပြိုင်မည့် မြန်မာလက်ဝှေ့ သမားပြိုင်ဘက် မရှိဖြစ်နေခြင်းမှာ မဖြစ်သင့်သောကြောင့် ပြန်လည် ယှဉ်ပြိုင်ရခြင်းဖြစ် ကြောင်းနှင့် ပတ်သက်၍ ''ဒီပွဲက ကျွန်တော့် ဘဝအတွက် နောက်ဆုံးပွဲလည်း ဖြစ်လာဖို့ ရှိပါတယ်။  အဓိကက  ကျွန်တ်ာစိန်ခေါ် ယှဉ်ပြိုင်တာကတော့ ကျွန်တော်တို့ မြန်မာ့ ရိုးရာလက်ဝှေ့ ဂုဏ်သိက္ခာ အတွက်၊ ကျွန်တော့်ကို  အားပေးနေတဲ့  ပရိသတ် အစစ်အမှန်အတွက်၊  ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည်စိန်ခေါ် ထားတာပါ''ဟု ထွန်းထွန်းမင်းက Facebook စာမျက်နှာ၌ ရေးသားထားသည်။                   

အက်စ်တီ

Read 442 times Last modified on Wednesday, 17 October 2018 09:44