SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးမြင့်ဆွေ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

Saturday, 20 October 2018 09:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်     အောက်တိုဘာ      ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ   ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင်  နေပြည်တော်ရှိ   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတက ၂ဝ၁၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ  ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီးတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၇၅/၂ဝ၁၈ ဖြင့် ၂၁-၉-၂ဝ၁၈ ရက်တွင် လုပ်ငန်းတာဝန် (၄)ရပ်

ချမှတ်ကာ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းများကို စနစ်တကျ တာဝန်ခွဲဝေပြီး အောင်မြင်စွာစီမံ ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ ၁၁ ခုကိုလည်း ထပ်မံဖွဲ့စည်းထားပြီးဖြစ်ကြောင်း။   

ကထိန်သင်္ကန်းအလှူသည်  ဘုရားရှင်က ဝိနည်းသိက္ခာပုဒ်နှင့်   ဆက်စပ်ခွင့်ပြုထားသည့် သံဃိကအလှူဖြစ်သလို ကထိန်ကာလကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ ခွင့်ပြုထားသည်ကို မှတ်သားသိရှိရကြောင်း၊ ထို့ကြောင့် ကထိန်သင်္ကန်းအလှူသည် ''တစ်နှစ်မှာတစ်လ၊ တစ်လမှာတစ်ရက်၊ တစ်ရက်မှာတစ်ကျောင်း၊ တစ်ကျောင်းမှာလည်း တစ်ကြိမ်''သာ လှူဒါန်းခွင့်ရသည့် ကာလဒါန အလှူတော်ဖြစ်သည့် အတွက်မွန်မြတ်သည့် အလှူတော်ဖြစ်ကြောင်း။

ယခုကဲ့သို့ထူးခြားသည့် ကထိန်အလှူပွဲကြီးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရကကြီးမှူးပြီး  ၂ဝ၁၂ ခုနှစ်ကစ၍ ကျင်းပခဲ့ရာမှ  ယခုဆိုလျှင် သတ္တမအကြိမ်မြောက် ကျင်းပမည်ဖြစ်ကြောင်း၊ သီတင်းမကျွတ်မီ ဝါတွင်းကာလမှာပင်   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူပြီး   ကထိန်ဆိုင်ရာ ဝိနည်းတရားတော်နှင့် ညီညွတ်သော ကျောင်းတိုက်များကို   ညှိနှိုင်းရွေးချယ် သတ်မှတ်ကာ သက်ဆိုင်ရာ ကျောင်းတိုက် ဆရာတော်များကိုလည်း လျှောက်ထားပြီး ဖြစ်သည်ကို သိရှိရကြောင်း။

ယခုပြုလုပ်သည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက်  စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  သက်ဆိုင်ရာကော်မတီများ အားလုံးက ဝိုင်းဝန်းညှိနှိုင်း ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပနေသည့် အခမ်းအနားဖြစ်သည့်အတွက် သက်ဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်  ယခင်နှစ်များက အတွေ့အကြုံများကို အခြေခံ၍ တစ်နှစ်ထက်တစ်နှစ် အကောင်းဆုံးဖြစ်အောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူကြမည့် ဆရာတော်ကြီးများကို ကြိုဆိုပင့်ဆောင်ရေးနှင့် သွားလာမှု အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို   သေချာစွာကြိုတင်စီမံ ပြင်ဆင်ဆောင်ရွက်ရန်၊ တည်းခိုနေထိုင်မည့်ကျောင်းဆောင်များတွင်ရေ၊ မီး၊ သန့်ရှင်းမှု ကောင်းမွန်ရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်၊ ဆွမ်းနှင့်ဟင်းလျာများချက်ပြုတ်ရာတွင်   သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်   ညီညွတ်အောင် စစ်ဆေး ဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီး များအား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန်အတွက်ဆေးခန်းများ ဖွင့်လှစ်ပေးနိုင်ရေးနှင့် Medical Check Upဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

အခမ်းအနားကျင်းပမည့်    သာသနာ့ မဟာဗိမာန်တော်ကြီးအတွင်း  အခမ်းအနား ပြင်ဆင်မှုကို ထည်ဝါစွာ ဆောင်ရွက်သွားရန်၊ ကထိန်ပဒေသာပင်များကိုလည်း လှပတင့်တယ်အောင် ပြင်ဆင်ဆောင်ရွက်ရန်၊ ပဒေသာပင်များကို သတ်မှတ်နေရာများသို့ အချိန်မီရောက်ရှိရေးနှင့် အခမ်းအနားပြီး၍ ကျောင်းတိုက်များသို့ ပို့ဆောင်ရာမှာလည်း စနစ်တကျ ရှိစေရေး ကြိုတင်စီမံ ဆောင်ရွက်သွားရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးမှာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီးအနေဖြင့် မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို  ဆွေးနွေး တင်ပြပေးကြရန်နှင့်  လိုအပ်သည့် အကြံပြုချက်များ ရှိပါကလည်း   ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်    ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား  အောင်မြင်စွာ ကျင်းပရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   အမြဲတမ်းအတွင်းဝန်က  ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှုများ၊  သံဃာတော်များ ပင့်ဆောင်မည့် အစီအစဉ်၊   ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်မည့် အစီအစဉ်နှင့် အခြား ဝန်ကြီး ဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို    ရှင်းလင်း တင်ပြသည်။

ယင်းနောက် အခမ်းအနား ကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များ၊   လှူဖွယ်ပစ္စည်းပြင်ဆင်ရေးနှင့် ဆက်ကပ်ရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို  သာသနာရေးဦးစီးဌာန၊   ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက လည်းကောင်း၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များနှင့် သံဃာတော်များပင့်ဆောင်ရေးနှင့်  သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးမိုးဇော်ရွှေက လည်းကောင်း၊ ပဒေသာပင်များ စီစဉ်ရေး   ဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များကို နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း ကလည်းကောင်း၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီဆိုင်ရာ   ကိစ္စရပ်များကို အနုပညာဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က လည်းကောင်း၊သတင်းမှတ်တမ်း ထုတ်ပြန်ရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက လည်းကောင်း၊  ကျန်းမာရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို   ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် နေပြည်တော်ခုတင်-၁ဝဝဝ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ပပက လည်းကောင်း၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး   စိမ်းလန်းစိုပြည်ရေးနှင့်   သာသနာရေးဆိုင်ရာ အခင်းအကျင်း ပြင်ဆင်ရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင် အလှည့်ကျ သဘာပတိ ဦးထွန်းကြည် ကလည်းကောင်း၊  လုံခြုံရေး ဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များကို  အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်နှင့် ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ တို့ကလည်းကောင်း  ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသူများက အကြံပြုတင်ပြ ဆွေးနွေးချက်များအပေါ် ဒုတိယသမ္မတက   ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊  ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်   ဦးကြည်မင်း၊ ဦးသာဦး၊ ဒေါက်တာ ထွန်းနိုင်၊   ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

Read 117 times Last modified on Saturday, 20 October 2018 09:05