SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ရှိ တောင်တန်းဒေသ ကျောင်းသား၊ ကျောင်းသူများ ပြုစုစောင့်ရှောက်ရေး ဂေဟာနှင့် ပြန်လည် ထူထောင်ရေး စခန်းတို့သို့ သွားရောက်ကြည့်ရှု

Saturday, 20 October 2018 09:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တောင်တန်းဒေသ ကျောင်းသား၊ကျောင်းသူများ ပြုစုစောင့်ရှောက်ရေး ဂေဟာ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်း ထားသည့်  မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး စခန်းနှင့် ကယ်ဆယ်ရေးစခန်းတို့သို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ထောက်ပံ့ပေးအပ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင်  အထူး

လေယာဉ်ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက် အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တာဝန်ရှိသူများ က မြစ်ကြီးနားလေဆိပ်၌် ကြိုဆိုနှုတ်ဆက်ကြ သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ရှိ  ရွှေမိုးတောင်စေတီတော်သို့ သွားရောက်၍ ပန်း၊ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်ပြီး ဖူးမြော် ကြည်ညိုကာ စေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စေတီတော်ပရိဝုဏ်အတွင်းရှိ ဓမ္မာရုံ၌ ပြည်နယ် သံဃနာယကအဖွဲ့ဝင်  ဆရာတော် ဘဒ္ဒန္တခေမိန္ဒနှင့် ပြည်နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေတုမာလာတို့ အမှူးပြုသည့် ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည်မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ တောင်တန်းဒေသ ကျောင်းသား၊ ကျောင်းသူများ ပြုစုစောင့် ရှောက်ရေးဂေဟာ (လန်ဆယ်)၌ကျင်းပသည့် တောင်တန်းဒေသ ကျောင်းသား၊ ကျောင်းသူများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက  ''သူရဲကောင်း'' နှင့် ''ငြိမ်းချမ်းခြင်း ကို တည်ဆောက်စို့'' သီချင်းများဖြင့် သီဆို ဧည့်ခံဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဝါဒစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်တန်းဒေသ ကျောင်းသား၊ ကျောင်း သူများအတွက်  ငွေကျပ် ၈၆၆ဝဝဝ တန်ဖိုးရှိ ခြုံစောင် ၁ဝ၆ ထည်၊ မျက်နှာသုတ်ပဝါ ၁ဝ၆ထည်နှင့် ကျောင်းသုံးဗလာစာအုပ် ၁ဝ၆ ဒါဇင်ကို ထောက်ပံ့ပေးအပ်ရာ ဂေဟာတာဝန်ခံက လက်ခံရယူသည်။

ဆက်လက်၍    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တောင်တန်းဒေသ ကျောင်းသား၊ ကျောင်းသူများ ပြုစုစောင့်ရှောက်ရေး ဂေဟာအား  ပထမအဆင့် သတ်မှတ်၍ တည်ထောင်ခွင့်ပြုကြောင်း အသိအမှတ်ပြုလွှာနှင့် ငွေကျပ် ၄၈၆ဝဝဝဝ ကို လည်းကောင်း၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ငွေကျပ် ခုနစ်သိန်းတန်ဖိုးရှိ   ကွန်ပျူတာတစ်စုံနှင့် စာအုပ်စာတမ်းများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာခက်အောင်က ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၂ဝ ကို လည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လှူဒါန်းသောပညာသင်စရိတ်ထောက်ပံ့ငွေ ၁၄၃၂ဝဝဝ နှင့် ပြည်နယ်ပညာရေးမှူးရုံးမှ လှူဒါန်းသော ငွေကျပ်သုံးသိန်းတန်ဖိုးရှိ   စာရေးကိရိယာများနှင့် ကျောပိုးအိတ်များကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ဆော့လော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဂူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ရိုးရာဝတ်စုံ ကို လက်ဆောင်အဖြစ် ပေးအပ်ပြီး ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူများ ၏ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့် အတူ စိန်ဂျိုးဇက် ယာယီကယ်ဆယ်ရေးစခန်း၌ ကျင်းပသည့် နေရပ်စွန့်ခွာ ပြည်သူများ ယာယီ ကယ်ဆယ်ရေးစခန်းသို့  ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်ကြ၍ အားပေးစကား ပြောကြားသည်။

 ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က  ငွေကျပ်  ၁၁၉၅၂ဝဝဝ တန်ဖိုးရှိ  ဆန်၊ ဆီ၊ ဆားနှင့် ပဲတို့ကို  ထောက်ပံ့ပေးအပ်ရာ  ကယ်ဆယ်ရေးစခန်းမှ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက    အမျိုးသမီး ဦးဆောင် မိသားစုများ၊ ကိုယ်ဝန်ဆောင်မိခင် များ၊ ငါးနှစ်အောက် ကလေးများ၊ မသန်စွမ်းများနှင့် အသက် ၈၅ နှစ်အထက် အဘိုးအဘွားများ အတွက် ထောက်ပံ့ငွေကျပ် ၇၃၅ဝဝဝဝ ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က  ငွေကျပ်လေးသိန်းတန်ဖိုးရှိ စာရေးကိရိယာများနှင့်  ကျောပိုးအိတ်အလုံး ၃ဝဝ ကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြ သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယာယီကယ်ဆယ်ရေးစခန်း အတွင်းရှိ  ရက်ကန်းရုံတွင်  ရိုးရာအဝတ်အထည်များ ရက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်စကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် လုံဂါပါ စားသောက်ဆိုင်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် တောင်တန်းဒေသ ကျောင်းသား၊ ကျောင်းသူများ ပြုစုစောင့်ရှောက်ရေး ဂေဟာမှကျောင်းသား၊ ကျောင်းသူလေးများနှင့် နေ့လယ်စာကို အတူတကွသုံးဆောင်ပြီး မြစ်ကြီးနားမြို့ မနောကွင်းရှိ မနောတိုင်များရှေ့တွင် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ  လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေး စခန်းသို့  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်း ဆက်စကားပြောကြားသည်။

ထို့နောက်  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမိုးဇော်ဦးက အဆောက်အအုံ ဆောက်လုပ် လှူဒါန်းရခြင်းနှင့်  စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းထံ အဆောက်အအုံနှင့် ပတ်သက် သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။

ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး   H.E.Mr. Jaroslav Doleceထံ ကျေးဇူးတင်လွှာ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြောကြားပြီး မူးယစ်သံသရာ မလည်စေရန် ဆက်လက် ဆောင်ရွက်သွားမည့် စခန်းအခြေပြု လုပ်ငန်းစဉ် များနှင့်  ရပ်ရွာအခြေပြု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနှစ်ခြင်း အသင်းတော် နေရပ်စွန့်ခွာ ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်း၌ ကျင်းပသည့် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့  တက်ရောက်ကြသည်။

အင်ဂျန်ဒုံနှစ်ခြင်း အသင်းတော် ယာယီကယ်ဆယ်ရေးစခန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပြောကြားသည်။

ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က    ယာယီကယ်ဆယ်ရေးစခန်းမှ ကိုယ်စားလှယ်များထံ  ငွေကျပ်  ၃၈၇၇၇၅ဝ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားနှင့် ပဲတို့ကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က ငွေကျပ် ၁၅ဝဝဝဝဝ ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသမီး ဦးဆောင်မိသားစုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ငါးနှစ်အောက်ကလေးများ၊ မသန်စွမ်းများနှင့် အသက် ၈၅ နှစ်အထက် အဘိုးအဘွားများအတွက် ထောက်ပံ့ငွေကျပ်   ၁၈၅ဝဝဝဝ   ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က စာရေးကိရိယာများနှင့် ကျောပိုးအိတ်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံနှင့် ကျောင်းသား၊ ကျောင်းသူလေးများက လက်ခံရယူကြသည်။

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စခန်းအတွင်းရှိ လူနေဆောင်များနှင့် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုကြသည်။

ယာယီကယ်ဆယ်ရေးစခန်းများသို့ရောက် ရှိစဉ်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အားပေးစကား ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့်အဖွဲ့သည်  အထူးလေယာဉ်ဖြင့် မြစ်ကြီးနားမြို့မှ ထွက်ခွာလာရာ  ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။                             

 (၅ဝဝ)

Read 120 times Last modified on Saturday, 20 October 2018 09:17