SJ WorldNews - шаблон joomla Авто

ကျောက်ဆည်ရိုးရာ ဆင်ပွဲတော်နှင့် ဆင်အက အလှပြိုင်ပွဲဖွင့်ပွဲ ကျင်းပ ပြည်တွင်းပြည်ပ ဧည့်သည်များဖြင့် စည်ကား

Wednesday, 24 October 2018 08:47 font size decrease font size decrease font size increase font size increase font size

ကျောက်ဆည်   အောက်တိုဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင် (၄၁)ကြိမ်မြောက် ရိုးရာဆင်ပွဲတော်နှင့် ဆင်အက အလှပြိုင်ပွဲကို  ယနေ့ နံနက် ၉ နာရီတွင် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေရှိ ဆင်ပြိုင်ပွဲကွင်း၌ ကျင်းပ သည်။

ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင် ကျော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်  ဒေါက်တာတင်အောင်နှင့် ကျောက်ဆည် ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်တို့  တက်ရောက် အားပေးပြီး ရိုးရာဆင်ပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက်  ပြိုင်ပွဲဝင်ဆင်များက  မြင်စိုင်းရွှေပြည် ကိုးခရိုင်တည်သီချင်းဖြင့် ဆင်ပြိုင်ပွဲကွင်းမှ ပြန်လည်ထွက်ခွာပြီး ရတနာဦးနှင့်  မိုးဇော် ဧည့်ခံဆင်အဖွဲ့က ဆင်အကအလှ စွမ်းရည်ပြ ဖျော်ဖြေကပြသည်။

ယခုနှစ်ဆင်အကအလှပြိုင်ပွဲတွင် မျိုးချစ် ရင်သွေး၊ မင်းဇာနည်၊ မင်းကျန်စစ်၊ အေးချမ်း မြန်မာကလေး ဆင်အဖွဲ့ လေးဖွဲ့၊ ပဏ်၊ ဂရု ဏာရှင်၊  မင်းရွှေဆည်သဘာဝဆင်အဖွဲ့ သုံးဖွဲ့၊ ရွှေဇင်မောင်၊ ဧရာမိုး၊ ဇာတိမာန်၊ မင်း မြန်မာ ဘော်ကြယ်ဆင် အဖွဲ့လေးဖွဲ့နှင့် လှယဉ် ကျေး၊ ပိတောက်မြိုင်၊ မြင်စိုင်းဇာနည်၊ မင်းမင်းနိုင်၊ မြတ်ဂုဏ်ရောင်၊ လှရွှေဆည်၊ နောက်တိုး၊ ဇာနည်ဘွား၊ ရဲထက်အောင် ရိုးရာဆင်အဖွဲ့ ကိုးဖွဲ့ စုစုပေါင်း ဆင်အဖွဲ့ ၂ဝ  ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင်ဆင်များသည် ဘုရားဝတ္တကမြေဖြစ်သည့် ကျောက်ဆည်မြို့မ ဈေးကြီးကို သုံးပတ်ပြည့် အောင် ပတ်ရပြီး တစ်ပတ်ပတ်ပြီးတိုင်း ဈေးထိပ်တွင်ရှိသည့် ဘုရားကို ဦးတိုက်ရသည်။

ထို့နောက် ဈေးပတ်လည်နေရာ သတ်မှတ် ဒိုင်ခုံအသီးသီးဖြစ်သည့်  ရွှေသာလျောင်းတောင်ခြေ ဆင်ပြိုင်ကွင်း၊ ရန်ကုန်-မန္တလေးလမ်း လက်ပြတိုင် မီးပွိုင့်၊ လေးမျက်နှာပွဲခင်း အရှေ့ထိပ်တို့၌ ဝင်ရောက်ယှဉ်ပြိုင်ရကာ  တာဝန်ရှိဒိုင် အဖွဲ့ဝင်များက အကဲဖြတ်အမှတ် ပေးကြမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ဆင်အဖွဲ့များသည် ဒိုးပတ်၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါးလက် ခုပ်များတီး၍ ဆင်ကရာ၌ အခြေခံမူအရ ဘုရားကန်တော့၊ နတ်ပင့်(စာတော်တိုက် နတ်ဒိုး)၊ ဆင်ဖမ်းအက (ဆင်ကြိမ်း၊ မုဆိုးကြိမ်း၊  လေးကင်း)၊ အရိုင်အက၊ (ရိုးရာဗုံထောက်)စသည်ဖြင့် သမားစဉ်အတိုင်း ကပြ ပြိုင်ပွဲဝင် ရသည်။

ထို့ပြင် ဆင်ပွဲတော်ကြီးတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိဘဲ ဆင်ပွဲတော်လာ ဧည့်ပရိသတ်များကို နိုင်ငံကျော် အနုပညာ ရှင်များနှင့် တွဲဖက်၍ ကပြဧည့်ခံကြသည့် ဆင်အဖွဲ့များလည်း ပါဝင်ကြပြီး စုစုပေါင်းဆင်အဖွဲ့ ၆ဝ ခန့် ရှိကြောင်း သိရသည်။

ဆင်ပွဲတော်ဖြစ်ပေါ်လာရခြင်းမှာ ကျောက်ဆည်နယ်သူနယ်သားများကို သီတင်းကျွတ် လပြည့်နေ့တွင် အနော်ရထာ မင်းကြီး တည် ထားကိုးကွယ်တော်မူသည့် ရွှေသာလျောင်းစေတီတော်ကို ဆွမ်းတော်ကြီး ကပ်လှူ ပူဇော်စေပြီး အဓိဋ္ဌာန်ဖြင့် ဗုဒ္ဓမြတ်စွယ်တော် တင်ဆောင်ခဲ့သည့်  ဆင်မယဉ်သာကိုပါ အမှတ်တရ ရှိစေရန်အတွက် ဘုရားတွင် မုန့်

ဆင်ရုပ် လေးများပြုလုပ်ကာ လှူဒါန်းပူဇော် စေခဲ့ရာမှ အစပြု၍ လူထမ်းဆင်၊ မြေနင်းဆင် တို့မှသည် ယခုမျက်မှောက်မြင် တွေ့နေရ သည့် လက်ရာမြောက်လှသော ဘော်ကြယ် ဆင်များအထိ ပြောင်းလဲတိုးတက်ခဲ့ သည်။

 မြန်မာတစ်နိုင်ငံလုံးတွင် ကျောက်ဆည် မြို့ရှိ သီတင်းကျွတ်ရိုးရာဆင်ပွဲတော်သည် အထူးထင်ရှားကျော်ကြားပြီး  နှစ်စဉ် သီတင်း ကျွတ်လဆန်း ၁၄ ရက်နှင့် လပြည့်နေ့များတွင် ဆင်ပွဲတော် ကျင်းပမြဲဖြစ်သည်။ ဝါး၊ စက္ကူတို့ဖြင့် ချိုးထားသော ဆင်ရုပ်အတွင်း လူဝင်၍ အပြိုင်အဆိုင် တီးမှုတ်ကခုန်ကာ လှည့်လည်ကြသည့်   ပွဲတော်တစ်မျိုးဖြစ် သည်။

ကျောက်ဆည် ဆင်ပွဲတော်သည် ရိုးရာပွဲ တော်ဖြစ်၍ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားဧည့်သည်များ၊ အနယ်နယ် အရပ်ရပ်မှ ပြည်တွင်း ဧည့်သည်များ လာရောက်ကြည့်ရှု အားပေးကြရာ ကျောက်ဆည်မြို့လမ်းများ ပြည့်လျှံသည် အထိ အထူး စည်ကားများပြား လျက်ရှိကြောင်း သိရသည်။

အောင်လှိုင်ဝင်း

.................

Read 541 times Last modified on Wednesday, 24 October 2018 08:48