SJ WorldNews - шаблон joomla Авто

ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 16 December 2018 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာအုပ်စု၊   ငှက်တော်ဦးကျေးရွာနှင့် ပန်းတောင်းမြို့နယ်၊ သူရဲတန်း ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်း နှင့်  ကျေးရွာဘုန်းတော်ကြီး ကျောင်းတို့ ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၄၂ဝ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှု များဆောင်ရွက်ပေးပြီး   ဆေးရုံတက် ရောက် ကုသရန်လိုအပ်သော ဒေသခံပြည်သူခြောက် ဦးတို့ကို   ပြည်မြို့နှင့် ဥသျှစ်ပင်မြို့များရှိ တပ်မတော် ဆေးရုံ များသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ရွှေကျင်မြို့နယ်၊ ဘောကထ ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူ ၁၃၈ ဦးတို့ကို ယနေ့ နံနက်ပိုင်းတွင်  တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြော ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူများကို ရွှေကျင်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့များက ဒေသခံ ပြည်သူများအား ဆေးလိပ်၊ အရက်သောက် ခြင်း၊  ကွမ်းနှင့် ဟင်းချိုမှုန့် သုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သောဆိုးကျိုးများနှင့်  ယင်လုံအိမ်သာ စနစ်တကျ ဆောက်လုပ်သုံးစွဲရေးတို့ နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။      

.............

Read 340 times Last modified on Sunday, 16 December 2018 08:58