SJ WorldNews - шаблон joomla Авто

နိုင်ငံသူ၊ နိုင်ငံသားများ အတွက် ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု၊ နှလုံးစိတ်ဝမ်းအေးချမ်းမှုကို ပေးသည့် စီမံခန့်ခွဲသော အုပ်ချုပ်ရေး ယန္တရားဖြစ်စေလို

Sunday, 16 December 2018 10:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ   ၁၅

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးသန့်စင်မောင်၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊  တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁ဝ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့    ဇွဲကပင် ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)၊ ပြည်နယ် တရား လွှတ်တော်နှင့် ပြည်နယ်/ ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့    တက်ရောက်  လမ်းညွှန်အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားစီရင်ရေးနှင့် ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများနှင့်တွေ့ဆုံရသည်မှာ  မိမိတို့ကြိုးစားဆောင်ရွက်နေသည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး အရှိန်အဟုန် မြင့်မားစေရန်  အဓိကအကြောင်းရင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံတော်ကို  ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု  တည်ဆောက်ရန်  တာဝန်ရှိသူများအားလုံးက  သန္နိဋ္ဌာန်ချထားကြောင်း၊ မိမိတို့ဒီမို ကရေစီ နိုင်ငံ တော် တည်ဆောက်ရခြင်းမှာ နိုင်ငံသားတိုင်း လွတ်လပ်မှု၊ လုံခြုံမှု၊  ပျော်ရွှင်မှု၊ သာတူညီမျှမှုရရှိရန်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံလွတ်လပ်ရေး ရရှိပြီးပါက  ဒီမိုကရေစီဝါဒကျင့်သုံးရန်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်  အမျိုးသားအာဇာနည်ခေါင်းဆောင် တပ်မတော်၏ဖခင်   လွတ်လပ်ရေးဗိသုကာကြီး  ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန်ခဲ့ ကြောင်း။

ဒီမိုကရေစီစနစ်သည်  ဖက်ဒရယ်ပြည် ထောင်စုကိုခိုင်မြဲစေသလို   ဖက်ဒရယ်ပြည် ထောင်စုသည်လည်း ဒီမိုကရေစီ၏ ကျင့်စဉ် များကို အားကောင်းစေကြောင်း၊ ယင်းသို့တည်ဆောက်ရာတွင် မိမိတို့အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်မှ သာ အောင်မြင် မည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး (၃) ရပ်နှင့် ဌာနဆိုင်ရာအဖွဲ့ အစည်း အားလုံးက စိုးရိမ်ကြောင့်ကြနေစရာမလိုကြောင်း၊ ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ကူးပြောင်းရာတွင်

အချို့နေရာများ၌အခက်အခဲများရှိနိုင်ကြောင်း၊  ယင်းအခက်အခဲများ   ကြုံတွေ့လာပါက မိမိတို့အရည်အချင်းများကိုပြ သရန် အခွင့် ကောင်းဟု  ခံယူရမည်ဖြစ်ကြောင်း၊   ပြုပြင်ပြောင်းလဲမှုကို   တချို့ကစိတ်ပူပန်မှုများ၊ ဝန်လေးမှုများ၊ ငြင်းဆန် မှုများ၊ ခုခံမှုများ ရှိနိုင်ကြောင်း၊  ပြုပြင်ပြောင်းလဲမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  စိုးရိမ်စရာ၊ ငြင်း ဆန် ခုခံနေ ရမည့် အရာများမဟုတ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုခေတ်ရေစီးတွင် လိုက်ပါ ဆောင်ရွက်နိုင်မှသာ အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊   တိုင်းပြည်ကို  ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လိုလျှင် ပြုပြင်ပြောင်းလဲမှာကို ရှောင်လွှဲ၍ရမည် မဟုတ်ကြောင်း။

ယနေ့တွေ့ဆုံပွဲသို့  တက်ရောက်လာကြသူများအနေဖြင့်  မိမိတို့၏လက်အောက် ဝန်ထမ်းများကို စိတ်ဓာတ်ပြုပြင်ပြောင်း လဲအောင် တည့်မတ်ပေးရမည်ဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အားလုံးကပါဝင် နိုင်အောင် ကြပ်မတ် ပေး ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး  မိမိတို့ပြုပြင် ပြောင်းလဲလိုသည်မှာ  နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ လူမှုရေးမျှတမှုရှိ အောင်ဖော်ဆောင်စေလိုကြောင်း၊ ထို့အတူ အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်း ညီမျှမှု၊ တရားဥပဒေအရာတွင်   ညီမျှမှုရှိအောင် စီမံစေလိုကြောင်း၊  မိမိတို့ အုပ်ချုပ်ရေးသည် တရား ဥပဒေ စိုးမိုးမှုကို အထောက်အကူပြုသည့်   အုပ်ချုပ်ရေးဖြစ်ရန်လိုအပ်ကြောင်း၊

ထို့အတူ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု၊ နှလုံးစိတ်ဝမ်းအေးချမ်းမှုကိုပေးသည့်  စီမံခန့်ခွဲသော အုပ်ချုပ်ရေး ယန္တရားဖြစ်စေလိုကြောင်း၊ ပြည်သူကိုအလုပ် အကျွေးပြုပြီး ပြည်သူကပေးသည့်တာဝန်ကို ကျေပွန်သည့် ဝန်ဆောင်မှုဖြစ်စေ လိုကြောင်း၊  ပြည်သူကိုဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေး ယန္တရားမဖြစ်စေ လိုကြောင်း။

သို့ဖြစ်၍ မိမိတို့အနေဖြင့် အုပ်ချုပ်ရာတွင်  ဒီမိုကရေစီစံနှုန်းအတိုင်း  ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုသည်ကို ကောင်းစွာ လက်ခံ ထားကြောင်း၊   တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ စီမံခန့်ခွဲမှုညံ့ဖျင်းလျှင်၊ အုပ်ချုပ်မှု မှား ယွင်းလျှင်  ဒီမိုကရေစီ ကျဆုံးသွား နိုင်ကြောင်းကို သမိုင်းသာဓကများအရ သတိပြုရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မည်သို့ ပင်အုပ်ချုပ်ရေးပြောင်းလဲစေကာမူ  ဒီမိုကရေစီစံနှုန်းဖြင့်  ညီညွတ်သည့်ဥပဒေများကို မပြောင်းလဲနိုင်ပါက ဒီမိုကရေစီ ယန္တရားမဖြစ်ဘဲ ဗျူရိုကရေစီယန္တရားဖြစ်သွားနိုင်ကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်အခြေအနေဖြင့်  ညီညွတ်သည့် ဥပဒေများပြဋ္ဌာန်းရန်လိုအပ်ကြောင်း။

တရားစီရင်ရေးအပိုင်းတွင် မိမိတို့ရည်ရွယ် ထားသည့်တရားစီရင်ရေးမှာ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး ပင်ဖြစ်ကြောင်း၊ တရားမျှတမှုရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊    တရားဥပဒေ၏ ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရန်လိုအပ်ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့်

လည်း တရားရုံး များက မှန်မှန်ကန်ကန်ဆုံးဖြတ် နိုင်ရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများဘက်မှ ဥပဒေနှင့်အညီ  မှန်မှန်ကန်ကန် ရပ်တည်ပေး ရမည်ဖြစ်ကြောင်း။

မိမိအနေဖြင့်   နိုင်ငံတော်သမ္မတအဖြစ်  တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုပြီး ချိန်တွင် မိန့်ခွန်း တစ်ရပ်ပြောကြားခဲ့ကြောင်း၊ ယင်းမိန့်ခွန်း၏ အနှစ်သာရကို  ပြန်လည်ပြောကြားရပါက  ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများ၊   နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး၏   ပုံစံကျနေ သည့်အတွေးအခေါ်နှင့် ပုံသေကားချပ် အလေ့အထများကို ပြုပြင်ပြောင်း လဲကြရန် အထူး လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေသည့်   ဌာနဆိုင်ရာ အဖွဲ့အစည်းများကို  ကြပ်မတ်ရ မည်ဖြစ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်ကို တည့်မတ်ရမည်ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုကို ပိုမိုတိုက်ဖျက်ရ မည်ဖြစ် ကြောင်း၊ လူ့အခွင့်အရေး   ချိုးဖောက်ခံရခြင်းများကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကို   ပိုမိုနှိမ်နင်းရ မည်ဖြစ် ကြောင်း၊ ပြည်သူ့ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ ဥပဒေမဲ့သိမ်းဆည်း ခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေးနှင့်   နစ်နာကြေးရရှိရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့ကြောင်း။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော် ၏မူဝါဒများ၊ ညွှန်ကြားချက်များကို အကောင်အထည်ဖော်နိုင်ရ မည်ဖြစ် ကြောင်း၊   ထိုသို့ ဖော်ဆောင်ရာတွင် ကိုယ်လိုသလို ပုံမဖော်မိရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့၏ မူဝါဒများကို အကောင်အထည်ဖော်ရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် တာဝန်ရှိကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ အနေဖြင့်လည်း မိမိပြည်နယ်တွင်ရှိသည့် ဌာန ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို လက်တွေ့ ကျကျကြပ်မတ်ရန် လိုအပ်ကြောင်း၊   ထိုသို့ ကြပ်မတ်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာဆောင်ရွက် နိုင်ခြင်း ရှိ၊ မရှိစစ်ဆေးကြပ်မတ်နေရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်မှသာ အုပ်ချုပ်ရေးယန္တရား ပြုပြင် ပြောင်းလဲမှု အရှိန် အဟုန်ရလာမည်ဖြစ်ကြောင်း။

မူးယစ်ဆေးဝါးကိုလည်း ပိုမိုနှိမ်နင်းနိုင်အောင် နိုင်ငံတော်သမ္မတရုံးတွင် ဌာနတစ်ခုဖွဲ့စည်းပြီး    ဆောင်ရွက်လျက်ရှိ ကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်မှာ တိုင်းပြည်နှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးကိစ္စများတွင် ဝန်ထမ်းများပါဝင်နေပါကလည်း မျက်နှာကြီးငယ်မရွေး  ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတွင် အားလုံးပါဝင်စေလိုကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း များကို  ထိထိရောက်ရောက်လုပ်ဆောင်နေကြောင်း၊ အဂတိမှာ မိမိတို့နိုင်ငံ တွင် ဓလေ့ သဖွယ်စွဲကပ်နေကြောင်း၊  ယင်းကိုမကုစား နိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်မဟုတ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ အထိ  ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊

ဘဏ္ဍာငွေအပေါ်မူတည်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနအလိုက်  Corruption Prevention Units (CPU) များ ဖွဲ့စည်းပြီး ထိန်းကျောင်းရန်လည်း  စီစဉ် လျက် ရှိကြောင်း၊ အဂတိ လိုက်စားမှုတိုက် ဖျက်နိုင်မှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ  ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေ လိုကြောင်း၊ ဝန်ထမ်းများ၏ စားဝတ်နေရေး အခက်အခဲကိုလည်း နားလည်ကြောင်း၊ မိမိ၏  ယာယီ သက်သာမှုကိုကြည့်ပြီး မဆောင် ရွက်ကြ စေလိုဘဲ နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကိုကြည့်ပြီး  ဆောင်ရွက်ကြစေလိုကြောင်း။

ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲရာတွင်လည်း လေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စီမံကိန်း များကို မှန်မှန် ကန်ကန် တွက်ချက်ပြီး တင်ပြကြရန်နှင့် လုပ် ငန်းဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ  ဆောင်ရွက်ကြရန် လိုကြောင်း၊ မပြီးစီးသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး မှန်မှန်ကန်ကန်  တင်ပြကြရန်လိုကြောင်း၊ စီမံကိန်းပိုလျှံငွေ များကို ပြန်လည်အပ်နှံကြရန်လိုကြောင်း၊ ဥပဒေချုပ်နှင့်   စာရင်းစစ်ချုပ်တို့ ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို မှန်မှန်ကန်ကန် အကြံပြုကြ စေလိုကြောင်း။

လူ့အခွင့်အရေးအပိုင်းတွင်လည်း  လူ့အခွင့်အရေးကို အရှိန်အဟုန်ဖြင့် ပိုမိုမြှင့်တင် ကာကွယ်ရမည်ဖြစ်ကြောင်း၊ လူ့အခွင့် အရေးသည်   မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းတွင်အစော ဆုံး ပါဝင် လက်မှတ်ထိုး သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။

သမိုင်းအခြေအနေအရ မိမိပခုံးပေါ်သို့  ကျရောက်လာသည့် သမိုင်းပေးတာဝန်များကို မိမိဖြတ်သန်းသည့် ကာလ တစ်ခု တွင် မည်မျှ ကျေပွန်စွာလုပ်ဆောင်ခဲ့သည်ကို နောင်မျိုးဆက်သစ်များက တန်ဖိုးဖြတ်မည်ဖြစ်သည့် အတွက် အကောင်းဆုံး ဖြစ်အောင်  ဆောင်ရွက် သွားကြရန် လိုကြောင်း မှာကြားသည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်  ဒေါ်နန်းခင်ထွေးမြင့်က ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် နေမှုများကိုလည်းကောင်း၊ ကရင်ပြည်နယ်  လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က လွှတ် တော်ရေးရာလုပ်ငန်း ဆောင်ရွက်မှုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းက တရား လွှတ်တော် ရေးရာ လုပ်ငန်း ဆောင်ရွက်နေမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က  အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍတို့နှင့်စပ်လျဉ်း၍ အား နည်းချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားပြီး တရားစီရင်ရေးတွင် အမှုများကိုမှန်မှန်ကန်ကန်  မြန်မြန်ဆန်ဆန် စစ်ဆေးဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ပြည်သူများအတွက် ဥပဒေအရ  ပေးထားသည့်အခွင့် အရေးများကို ခွင့်ပြုပေး ရမည်ဖြစ်ကြောင်း၊   ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် သက်သေခံပစ္စည်းများကို  သက်ဆိုင်ရာဌာနသို့ နည်းမှန်လမ်းမှန်အပ်နှံပြီး  ဆောင်ရွက်ကြရန် လိုကြောင်း၊ ဥပဒေပြုလွှတ် တော်ကိုယ်စားလှယ်များ အနေဖြင့်   ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့၏မူဝါဒမှာ တိုင်းဒေသ ကြီးနှင့်ပြည် နယ်များကို ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်ရေးပင်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက် မှန်ကန်မှု နှင့်မြန်ဆန်မှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်အချိုးကျလျက်ရှိကြောင်း။

လယ်ယာမြေသိမ်းဆည်းခံရမှုများ ပြန်လည်ပေးအပ်ရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများ နှင့်အညီ  ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တိတိကျကျလုပ်ဆောင်ရန်လို ကြောင်း၊ နိုင်ငံတော်၏မူဝါဒများကို လိုအပ် သလို အဓိပ္ပာယ်ဖွင့်ဆိုခြင်းများဖြင့် မဆောင် ရွက်ကြစေလိုကြောင်း၊ စွန့်လွှတ်ပြီးမြေများကို မူလပိုင်ရှင် တောင်သူလယ် သမားများထံ  မြန်မြန်ဆန်ဆန်ပြန်လည်ရောက်ရှိပြီး တာဝန် ရှိသူများက တရားဝင်မှုရရှိအောင် ဆောင် ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ မြေယာကိစ္စ များတွင် တရားစီရင်ရေးအနေဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ရန်   အထူးအရေးကြီး ကြောင်း၊  ပြည်နယ်အတွက်  အစီရင်ခံစာ တင်ပြနိုင်ရေးဆောင်ရွက်ပေးကြရသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်နယ် အစိုးရအဖွဲ့အားအချက်အလက်များကို မှန်မှန်ကန်ကန်ပြုစုပေးရန်လိုကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ဆောင်ရွက် နေသည်မှာသန့်ရှင်း သောအစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်ရေးဖြစ်အောင် ဆောင်ရွက်နေကြောင်း၊ ထိုသို့

ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် ဖြစ်နိုင်ခြေများကို ကြိုတင်တွက်ဆကြ ရန်၊ ပွင့်လင်းမြင်သာရန်နှင့် ပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက်   နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည်  ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။  

 

 

 

Read 191 times Last modified on Sunday, 16 December 2018 10:31