SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၃)ကြိမ်မြောက် ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား

Sunday, 13 January 2019 08:03 font size decrease font size decrease font size increase font size increase font size

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ (၂၃)ကြိမ်မြောက် ပုံမှန် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ်  မင်းရဲကျော်စွာလမ်းရှိ   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး မူဘောင်ပါကိစ္စရပ်များကို   ပိုမိုထိရောက်စွာ  အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို အဖွဲ့ဝင် ၂ဝ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း။

 စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို သက်ဆိုင်သည့်   ပြည်ထောင်စု ဝန်ကြီး ဌာနများဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များဖြင့် လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ပေးနိုင်ရန်အတွက် လုပ်ငန်း ကော်မတီ(၅)ရပ်ဖြင့် ဖွဲ့စည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိရာ ယခု တွေ့ဆုံပွဲသည် (၂၃)ကြိမ်မြောက်ဖြစ်ကြောင်း။

စီးပွားရေး လုပ်ငန်းရှင်များနှင့်   (၂၂)ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲ အထိ လုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြု တင်ပြချက် အားလုံးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံသို့    အကြောင်းပြန်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း။

အဆိုပါ ပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်များရှိ သကဲ့သို့ အချို့အချက်များသည် အချိန်ယူ၍ ဆက်လက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ဥပမာ- ပြီးခဲ့သည့် (၂၂)ကြိမ်မြောက် အစည်းအဝေးတွင် အခက်အခဲ၊ အကြံပြုတင်ပြချက် ပေါင်း ၁၃ ချက်ကိုတင်ပြခဲ့ကြောင်း၊ ယင်း အချက်များ အနက်မှ  မြန်မာနိုင်ငံ အလှကုန်အသင်းက တင်ပြခဲ့သည့်   စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာအမှတ်(၁/၂ဝ၁၈)အရ ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်မှုပြုရာ၌ ကုန်စည်များတွင်  သုံးစွဲပုံနှင့် ပတ်သက်သော သတင်း အချက်အလက် သို့မဟုတ် ညွှန်ကြား ချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းကို   အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှ ခြောက်လ ပြည့်မြောက်သည့် နေ့တွင် အကျိုးသက်ရောက်မည့် ကိစ္စနှင့် စပ်လျဉ်း၍ အချိန်လုံလောက်မှု မရှိသောကြောင့် သင့်လျော်သော အချိန်ကာလတစ်ခုသို့ ရွှေ့ဆိုင်းပေးရန် တင်ပြခဲ့မှု အပေါ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ဖြေလျှော့ပေးနိုင် မည့် အခြေအနေများကို   အမြန်ဆုံး ပြန်လည် တင်ပြခဲ့ကြောင်း။

အဆိုပါကိစ္စတွင် ဆက်လက် ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်း ကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံ၍ ဆွေးနွေးပွဲ (Public-Private Dialogue) များ  ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်၍ အချိန်တစ်ခု ထိစောင့်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ချက်ချင်းမပြီးပြတ်ဘဲ အချိန်ယူ၍   ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံဒေသအသီးသီးမှ စိုက်ပျိုးထွက်ရှိသော ဖရဲ၊ သခွားမွှေးများအား နယ်စပ် ကျိန်စမ်းကျော့ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ရာတွင် ကျိန်စမ်းကျော့ ဂိတ်ပိတ်သွားသဖြင့် ယာဉ်ကြောများ ပိတ်ဆို့ လျက်ရှိရာ စီးပွားရေး လုပ်ငန်းရှင်များနှင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ နစ်နာဆုံးရှုံးမှုများ အထိုက်အလျောက်ရှိခဲ့ကြောင်း၊ ထိုအခြေအနေမျိုးတွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ခံဆောင်ရွက်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးက သံမှူးကြီးဦးဆောင်သည့်အဖွဲ့၊ ပတ်သက်ဆက်နွှယ်သည့်ဝန်ကြီးဌာနများနှင့် အစည်းအဝေးပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်

ခဲ့ရာ နောက်တစ်ရက်တွင် ကျိန်စမ်းကျော့ဂိတ်ကို ယာယီပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့ရာ ထိခိုက်ဆုံးရှုံးမှုများကို အထိုက်အလျောက်တားဆီးနိုင်ခဲ့ကြောင်း။

 နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်သည့် နေရာတွင် ကုန်သွယ်ရေး ကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင်တည်ရှိပြီး နှစ်စဉ် ကုန်သွယ်မှု ပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ

ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလအတွင်း   ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံကျော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် (ဒီဇင်ဘာလကုန်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၈ ဒသမ ၁၁၇ ဘီလီယံအထိရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ သုည ဒသမ ၄၄၉ ဘီလီယံပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကုန်သွယ်မှုတွင် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ဝ၉၄ ဘီလီယံ ပါဝင်သည့် အတွက် ၈၇ ရာခိုင်နှုန်းအထိ တိုးတက် ဆောင်ရွက် နိုင်သည်ကို တွေ့ရကြောင်း၊ ကုန်သွယ်မှုပမာဏများကိုကြည့်လျှင် သွင်းကုန်တန်ဖိုးသည် ပို့ကုန်တန်ဖိုးထက်များနေသည့်အတွက် ကုန်သွယ်မှုလိုငွေဖြစ်နေသဖြင့် Trade Balance ဖြစ်စေရေး အတွက် ပို့ကုန်ကို တိုးမြှင့် ဆောင်ရွက်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကိုတားဆီးထိန်းချုပ်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခု တွင် အထူးအဖွဲ့များဖွဲ့စည်း၍ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ရာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလထိ ဖမ်းဆီးအရေးယူမှု ၂၆၆ ကြိမ် ခန့်မှန်းတန်ဖိုးငွေကျပ်  ၅ ဒသမ ၉ဝ ဘီလီယံဖမ်းဆီးနိုင်ခဲ့ကြောင်း။

Ease   of   Doing  Business  အဆင့်တိုးတက်ရေး၌ အဓိကကျသည့်လုပ်ငန်းတစ်ခု စတင်ထူထောင်ခြင်း (Starting a Business) အပိုင်းတွင် ၂ဝ၁၈ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စနစ်ကို Online စနစ်နှင့် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ မှတ်ပုံတင်ကြေးပေးသွင်းသည့် အပိုင်းတွင် လည်း Online   Payment  စနစ်ဖြစ်သည့်အတွက်  အစိုးရက ဖော်ဆောင်နေသည့် e-governmentစနစ်၏ အရေးကြီးသည့် လုပ်ဆောင်နိုင်မှုပင်ဖြစ်ကြောင်း၊ ယခုဆိုလျှင် ကုမ္ပဏီ စတင် ထူထောင်သည်နှင့်  ကုမ္ပဏီပြန်လည် မှတ်ပုံတင်သည့် အခြေအနေကို ကြည့်မည်ဆိုလျှင် သြဂုတ် ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ ကုမ္ပဏီပေါင်း ၃၂၉၁၇ခုပြန်လည် မှတ်ပုံတင်နိုင်ခဲ့၍ ကုမ္ပဏီပေါင်း ၈၅၁၄ ခု အသစ် မှတ်ပုံတင် ခဲ့ကြောင်း၊ ထူးခြားမှုအနေဖြင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း ၃၇၅၈ ခုသာ  အသစ် မှတ်ပုံတင်ပေးခဲ့ပြီး  Online  မှတ်ပုံတင်စတင်ခဲ့သည့် ၂ဝ၁၈ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း ၈၅၁၄ ခု အသစ်မှတ်ပုံတင် နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ အရင်ကာလတူထက် နှစ်ဆကျော် အသစ် မှတ်ပုံတင်နိုင်ခဲ့ခြင်းသည် လုပ်ငန်း စတင်ခြင်းအပိုင်းတွင် ပိုမိုလွယ်ကူ ချောမွေ့မှုကို ပြသရာရောက်ကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုသိရှိပြီး ဆွဲဆောင် နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ်အတွင်း ကယားပြည်နယ်၊  မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် Investment Forum များ ကျင်းပနိုင်ခဲ့ကြောင်း၊ ပြည်တွင်း  ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် တိုင်းဒေသကြီး /ပြည်နယ်များမှ တာဝန်ရှိသူများ တိုက်ရိုက် ထိတွေ့ပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများရရှိခဲ့ကြောင်း၊ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရခိုင်ပြည်နယ်နှင့် မတ်လတွင်   ချင်းပြည်နယ်တို့၌   ပြည်တွင်း ပြည်ပမှ    ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ Investment Forum  များ ကျင်းပသွားရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း။

ယနေ့ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့် အသင်းအဖွဲ့များ အနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့် အတွက် မိမိတို့ အသင်းအဖွဲ့များ တွေ့ကြုံ နေရသော အခက်အခဲများကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြ ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ၊ ဘဏ်လုပ်ငန်းများနှင့် အာမခံ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍  ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက် လာစေရေး အတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ အဖွဲ့ ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက  Ease of Doing Business အဆင့် ပိုမို တိုးတက် ရရှိရေးအတွက် ရှေ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ   ဦးဇော်မင်းဝင်းက ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်လှဲလျန်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌ  ဒေါက်တာခင်လှိုင်၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုး၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က   သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။   

အကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးဝင်းမော်ထွန်း၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း၊မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။        

 (သတင်းစဉ်)

Read 26 times