SJ WorldNews - шаблон joomla Авто

ပြည်ထောင်စု အစိုးရ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အားလုံးဟန်ချက် ညီညီ ဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်နေ

Wednesday, 16 January 2019 08:09 font size decrease font size decrease font size increase font size increase font size

လွိုင်ကော် ဇန်နဝါရီ ၁၅

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုသည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊  ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ နိုင်သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာကြပြီး ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံကျောက်သားရင်ပြင်၌ ကျင်းပ သည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ် ဝန်ကြီးချုပ်၊  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊  လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားမျိုးနွယ်စု တိုင်းရင်းသား ခေါင်းဆောင် သဘာပတိအဖွဲ့ဝင်များက နေရာယူကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်း ဆောင် ကြီးများနှင့် ရဲဘော်အပေါင်း တို့အား အလေးပြုကြ သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတထံမှ၂ဝ၁၉ ခုနှစ် (၆၇)နှစ်မြောက် ကယားပြည် နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဖတ်ကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၆၇)နှစ်မြောက်ကယားပြည်နယ်နေ့ အထိမ်းအမှတ်နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၌ ယခုကဲ့သို့  ပြည်နယ်နေ့များကျင်းပနိုင်ခြင်းသည် ပြည်ထောင်စု၏ သင်္ကေတ ဖြစ်ကြောင်း၊ ယခု တက်ရောက်လာကြသည့် တိုင်းရင်းသားညီအစ် ကိုမောင်နှမများကို ကြည့်ပါက အသွေးအရောင် စုံလင်စွာ မျိုးနွယ်စုများ အလိုက် တက်ရောက်နိုင်ကြခြင်းသည် ပြည်ထောင်စုတစ်ခု၏ ပုံရိပ် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် သူ့အလှနှင့်သူ ကိုယ်စီရှိကြကြောင်း၊ ထို့အတူ  မိမိတို့၏ တိုင်းရင်းသား ညီအစ်ကို မောင်နှမ မိဘပြည်သူများတွင်လည်း မိမိတို့၏မျိုးနွယ်အလိုက်၊ လူမျိုးစုအလိုက် အလှကိုယ်စီ ရှိကြကြောင်း၊ မိမိ တို့တွင်ရှိပြီးသည့် အလှကိုယ်စီဖြင့် ပြည်ထောင်စုကြီးကို အလှတန်ဆာ ဆင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ပြည်ထောင်စုအစိုးရ အနေဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် မခွဲခြားဘဲ၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက် နေကြောင်း၊ ထို့အတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ခံစားသင့် ခံစားထိုက်သည့်၊ ရသင့်ရ ထိုက်သည့် အခွင့် အရေးများကိုလည်း မိမိတို့ဦးစားပေးပြီးပုံဖော်လျက်ရှိကြောင်း၊ ထို့ပြင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖွံ့ဖြိုးတိုးတက် တည်တံ့ခိုင်မြဲ စေရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် မြှင့်တင်နိုင်ရန် မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား ကိုယ်စီ ကိုယ်စီ ညီအစ်ကိုမောင်နှမများအားလုံး မိမိတို့၏ ယဉ်ကျေးမှုအလှ၊ မိမိတို့၏ ဘာသာ စကား၊  မိမိတို့၏ထုံးတမ်းစဉ်လာ တန်ဖိုးများ သည် ပြည်ထောင်စု၏ ပန်းဥယျာဉ်ထဲတွင် ရောင်စုံဖူးပွင့် ဝေဆာနေ သည့် အလှတရားများပင် ဖြစ်ကြောင်း၊

ယင်းအလှတရားများ တည်တံ့ခိုင်မြဲစေရန် မိမိတို့အနေဖြင့် ထပ်မံပြီး အလှပေါ်အယဉ်ဆင့်ဆိုသကဲ့သို့ မိမိတို့၏ ဖြူစင်သည့်စိတ်ထား၊ မှန်ကန်သည့်စေတနာ မနောအလှများဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝ ပြောစေရန်၊တစ်နည်း အားဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်ပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုး တက်စေရန်နှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး နှစ်လုံး စိတ်ဝမ်း အေးချမ်းပြီး နောင်မျိုးဆက်ကာလများ တိုင်အောင် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ ဖွံ့ဖြိုး တိုးတက်အောင် မိမိတို့ တိုင်းရင်းသား အားလုံး ဝိုင်းဝန်းတည်ဆောက်ပေးကြရန်  တိုက်တွန်းကြောင်း ပြောကြား သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များသည် ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊  တိုင်းရင်းသား ခေါင်းဆောင်များ၊ သဘာပတိ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ  ရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ကယားပြည်နယ်နေ့ပွဲတော်ကွင်း၌ကျင်းပပြုလုပ်သည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများနှင့် ရိုးရာအားကစားပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာသို့ ရောက်ရှိကြရာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဦးစောစိန်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများက  ကြိုဆိုနှုတ် ဆက်ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် ဒေသခံ ကယန်းတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး တိုင်းရင်းသား ရိုးရာဒေသ ထွက်ကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ရိုးရာယဉ်ကျေးမှု အကများအား လှည့်လည် ကြည့်ရှုပြီး  တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ငွေတောင်ဆည်သို့ရောက်ရှိကြပြီး ရှုရပ်မှနေ၍ ငွေတောင်ဆည် သဘာဝ ပတ်ဝန်းကျင်နှင့် ဆည်ရေ ထိန်းသိမ်းထားမှု အခြေအနေကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝေလွင်က ကယားပြည်နယ်အတွင်းရှိ ဆည်၊ ကန်၊ ရေလှောင်တမံများ အခြေအနေ၊ ငွေတောင်ရေလှောင်တမံ စီမံကိန်း ဆိုင်ရာအချက်အလက်များ၊ နှစ်အလိုက် သီးနှံစိုက်ပျိုးမှု အခြေအနေများနှင့် စပ်လျဉ်း၍  ရှင်းလင်း တင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏   လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးသည် အဓိကကျသဖြင့်ဒေသ၏စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်စေရန်

စိုက်ပျိုးရေ လိုအပ်ချိန်တွင် လုံလောက်မျှတစွာ ဖြန့်ဝေပေးနိုင်ရန်လိုအပ်ကြောင်း၊ ငွေတောင်ဆည်နှင့်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ရေးအတွက်လည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များ ရှိပါက လည်း ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် တက်ညီလက်ညီ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရန် လိုအပ်ကြောင်းမှာကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ဘီလူးချောင်း ဓာတ်အားပေး စက်ရုံများ နယ်မြေရှင်းလင်း ဆောင်သို့ ရောက်ရှိကြသည်။

ရှေးဦးစွာ နိုင်ငံတော်ဓာတ်အား စနစ်ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တမ်း ဗီဒီယိုကိုပြသပြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က လက်ရှိ နိုင်ငံတော်၏ တစ်နှစ်ထက်တစ်နှစ် ဓာတ်အား တိုးတက်ထုတ်လုပ် ဖြန့်ဖြူးနိုင်မှု အခြေအနေ၊ နိုင်ငံတော်၏ ဓာတ်အား လိုအပ်ချက်နှင့် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၅၅ ရာခိုင် နှုန်းရရှိရေး၊ ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် မီးလင်းရေး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေသော လျှပ်စစ်ဓာတ်အားထုပ်လုပ်မည့် စီမံကိန်းများအခြေ အနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဘီလူးချောင်း ရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံ အမှတ်(၁)၊ (၂)၊ (၃)နှင့် အထက်ဘီလူးချောင်း လျှပ်စစ်စစ်ဓာတ်အား စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေး ရည်မှန်းချက် များနှင့်အညီ ကြိုးပမ်း ဆောင်ရွက်ရန်၊ ဘီလူးချောင်းအမှတ်(၁)၊ (၂)၊ (၃) ဓာတ်အားပေး စက်ရုံများ တည်တံ့ခိုင်မြဲ ရေးအတွက် အဓိကအရေးကြီးသည့် အင်းလေးကန်ထိန်းသိမ်းရေးနှင့် မိုးဗြဲဆည်ရေရှည် တည်တံ့ ရေး အတွက် လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်  လိုအပ်ကြောင်း မှာ ကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စီမံကိန်း ရှုရပ်မှနေ၍ ဖိအားမြင့်ရေပိုက်လိုင်းနှင့် ဘီလူးချောင်းရေအား လျှပ်စစ် စက်ရုံများတည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ အမှတ်(၃)နှင့် အမှတ်(၂)တို့၏ ဓာတ်အား ထုတ်လုပ် နေမှုအခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၇)နှစ် မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲသည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး  ဧည့်ခံဖျော်ဖြေတင်ဆက်ကြသည့် တိုင်းရင်းသား ရိုးရာအကများအား ကြည့်ရှု၍ အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ကြောင်း သိရသည်။

 

.................

Read 305 times Last modified on Wednesday, 16 January 2019 08:26