ရန်ကုန် ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအ ကျော့ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၁၁)ကိုယနေ့နံနက်ပိုင်းမှ စတင်၍ အမျိုးသား အားကစား ပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ MIC ဖူဆယ်အသင်း ၁၁ ပွဲဆက် အနိုင်ရပြီး ရာသီဝက် ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ပွဲစဉ်(၁၁)တွင် MIC အသင်းက လက်ရှိချန်ပီယံ PU အသင်းကို ၁၅ ဂိုး ဂိုးမရှိ၊ VUC အသင်းက Comrade အသင်းကို ၂ဝ ဂိုး ၃ ဂိုး၊ AMM အသင်းက Titans XII အသင်းကို ၅ ဂိုး ၂ ဂိုး၊ GV Athletic အသင်းက UPT အသင်းကို ၆ ဂိုး ဂိုးမရှိ၊ ယူ-၁၉ အသင်းက White Colour အသင်းကို ၄ ဂိုး ၂ ဂိုး၊ မြို့မ အသင်းက ရွှေမြဝတီ အသင်းကို ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပထမ အကျော့အပြီးတွင် MIC အသင်းက ၃၃ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီး VUC အသင်းက ရမှတ် ၃ဝ ဖြင့် ဒုတိယ၊ GV Athletic အသင်းနှင့် မြို့မအသင်း က ၂၁ မှတ်စီ၊ UPT အသင်းနှင့် AMM အသင်းက၁၅ မှတ်စီ၊ ရွှေမြဝတီအသင်းနှင့် Comrade အသင်းက ၁၄ မှတ်စီ၊ PU အသင်းက ၁ဝ မှတ်၊ ယူ-၁၉ အသင်းက ကိုးမှတ်၊ Titans XII အသင်းက ရှစ်မှတ်၊ White Colour အသင်းက လေးမှတ် ရထားသည်။