SJ WorldNews - шаблон joomla Авто

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေး ကျင်းပ

Friday, 15 February 2019 08:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၄

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက်  ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးနှင့်ပြည်

နယ်ဝန်ကြီးချုပ်များ ဖြစ်ကြသော ဦးဝင်းသိန်း၊ ဒေါက်တာအေးဇံ၊ ဦးညီပု၊ ဦးဖြိုးမင်းသိန်းနှင့် ဦးလှမိုးအောင်၊   ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊   ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ စစ်ဦးစီးဗိုလ်မှူးချုပ်(ရေ)   ဗိုလ်မှူးကြီး ဇော်ဇော်လတ် ၊   အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အစည်းအဝေး၌ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏   ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံ၏ ကမ်းရိုး တန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်မှု လုပ်ငန်းများ  ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက်  နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီကို လုပ်ငန်းတာဝန်(၁ဝ)ချက် ချမှတ်ကာအဖွဲ့ဝင်၂ဝ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊  ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို   ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  လုပ်ငန်းကော်မတီနှင့် အကြံပေးကော်မတီတွင် လုပ်ငန်းအစုအဖွဲ့ သုံးဖွဲ့တို့ကိုဖွဲ့စည်းခဲ့ပြီး  ကမ်းရိုးတန်းဒေသတစ်လျှောက်   ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီခြောက်ခုနှင့် ခရိုင်အဆင့်ကော်မတီ ၁၃ ခုတို့ကို ဖွဲ့စည်းထားရှိကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း။

ကျင်းပပြီးစီးခဲ့သည့်   ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးမှ ပဉ္စမအကြိမ် အစည်းအဝေးအထိ အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း ၄ဝ ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး ၃၃ ချက်၊  ဆောင်ရွက်ဆဲ  ခုနစ်ချက်ရှိသည်ကို တွေ့ရကြောင်း၊ ဆောင်ရွက်ဆဲ ခုနစ်ချက်မှာ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည့်အတွက် အချိန်သတ်မှတ်ပြီး အမြန်ပြီးစီးအောင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ထင်ရှားသော အကောင်အထည်ဖော် ဆောင်ရွက်ချက်များ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနက ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးစနစ် တပ်ဆင်သော လုပ်ငန်းများ၊ တပ်မတော်(ရေ)နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း၍ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရန် စတင်ပြင်ဆင် ဆွေးနွေးမှုများ၊   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့်  ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်မြစ်ကြောင်းအတွင်း   ဆီယိုစိမ့်မှုမဖြစ်ပွားစေရေး စီမံချက်ကို  ညှိနှိုင်းရေးဆွဲ ဆောင်ရွက်မှုများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ကမ်းခြေသန့်ရှင်း သာယာလှပရေး၊ မြန်မာနိုင်ငံရှိကမ်းခြေများ အနေဖြင့် လက်ရှိကမ္ဘာအဆင့်နှင့်   ဒေသတွင်းအဆင့်များမှ ကျဆင်းမသွားစေရန်နှင့်   ကမ်းခြေဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  လိုက်နာ ဆောင်ရွက်ရမည့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ပြီး လုပ်ငန်းတိုးမြှင့် ဆောင်ရွက်လာခြင်းများ၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အနေဖြင့် ကမ်းရိုးတန်း သယံဇာတများဖြစ်သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်းနှင့် ကျွန်းဂေဟစနစ်များကို စနစ်တကျထိန်းသိမ်း ကာကွယ်နိုင်ရန် အတွက် စီမံချက်များ ချမှတ်ကာ  ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောနှင့် အဏ္ဏဝါသဘာဝ ထိန်းသိမ်းရေး နယ်မြေများကို  တိုးချဲ့ဖွဲ့စည်းနေမှုများ စသည့် လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် အကောင်အထည် ဖော်နေသည်ကို တွေ့ရှိရကြောင်း။

ယခုကဲ့သို့   ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ဘက်စုံတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ကဏ္ဍစုံပါဝင်သည့် စီမံအုပ်ချုပ်မှု၏ အဓိကအခြေခံ သဘောတရား တစ်ခုဖြစ်သည့် ''ဆက်စပ်ပတ်သက်သူများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် လာစေခြင်းဆိုသည့် '' Participation လုပ်ငန်းစဉ်''ကို   ရည်ရွယ်ချက်လေးချက် ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း။

ပထမရည်ရွယ်ချက်မှာ  ကဏ္ဍပေါင်းစုံ ပူးပေါင်းလာခြင်းအားဖြင့် သက်ဆိုင်ရာ ကဏ္ဍတစ်ခုချင်းအလိုက်  အသီးသီး ကျင့်သုံးနေသည့်  အတွေးအခေါ် အယူအဆသစ်များ၊ အသိပညာနှင့် အတွေ့အကြုံသစ်များကို  စီမံချက်များ ရေးဆွဲရာတွင်   ထည့်သွင်းစဉ်းစားအကောင်အထည်ဖော် ဆောင်ရွက်ရန်။

ဒုတိယရည်ရွယ်ချက်မှာ   ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဆက်စပ်သူအားလုံး၏ လိုအပ်ချက်များနှင့်   ဦးစားပေး အစီအမံများကိုပါ ထည့်သွင်း၍ ဆုံးဖြတ်ချက်များကို အတူတကွ ချမှတ်သွားရန်။

တတိယရည်ရွယ်ချက်မှာ ကဏ္ဍပေါင်းစုံ ပါဝင်ပြီး ချမှတ်ထားသည့် ဆုံးဖြတ်ချက်များ ဖြစ်သည့်အတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အာမခံချက် အခိုင်အမာရှိပြီး ပြည့်စုံသည့် အစီအမံများဖြစ်စေရန်။

စတုတ္ထရည်ရွယ်ချက်မှာ  ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိပြီး ရလဒ်ကောင်းများ ရရှိစေရန်တို့ဖြစ်ကြောင်း။

ကမ်းရိုးတန်းဒေသများကို   စီမံအုပ်ချုပ် လုပ်ကိုင်ရာတွင်  ကဏ္ဍစုံပါဝင်သည့် ပူးပေါင်း ဆောင်ရွက်မှုများသည် အထူးလိုအပ်ချက် တစ်ရပ်ဖြစ်ကြောင်း၊   ကဏ္ဍတစ်ခု၏ ဆုံးဖြတ်ချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု များသည် အခြားကဏ္ဍများအပေါ် ဆိုးကျိုးများ လွှမ်းမိုးမှုရှိနေသည်ကိုလည်း   တွေ့ရတတ်ကြောင်း၊ ဥပမာအားဖြင့်  ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး အခြားလုပ်ငန်း အသုံးပြုလိုက်ပါက   ငါး၊ ပုစွန် ထုတ်လုပ်နေသည့် ရေလုပ်ငန်းအပေါ် ထိခိုက်စေခြင်း၊  တရားမဝင် ငါးဖမ်းဆီးမှုများနှင့် တားမြစ်ငါးဖမ်းနည်းများကြောင့် ဒေသခံများ၏   တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းများ၊ အဏ္ဏဝါခရီးသွား လုပ်ငန်းများနှင့် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းများ အပေါ် ထိခိုက်စေမည်ဖြစ်ကြောင်း၊

ကမ်းလွန်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုများ၊ ပင်လယ်ပြင်သဲထုတ် လုပ်ငန်းများနှင့် ပင်လယ်ရေကြောင်း သွားလာမှုများကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှုများဖြစ်ပေါ်လာပြီး ငါး၊ ပုစွန်ထုတ်လုပ်မှုများအပေါ် ထိခိုက် လာမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကို   စနစ်တကျ စီမံချက် ရေးဆွဲခြင်း မပြုဘဲ အလွန်အကျွံ တိုးချဲ့ဆောင်ရွက်ပါက ဒေသခံပြည်သူများနှင့် ပဋိပက္ခများ ဖြစ်လာနိုင်ကြောင်း၊

ထို့ကြောင့် ကဏ္ဍတစ်ခု၏ လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ရာတွင် အခြားကဏ္ဍများအပေါ် ထိခိုက်နစ်နာမှုများ မရှိစေရန် အလေးထားကြပ်မတ် ဆောင်ရွက်စေလိုကြောင်း၊ ထို့ပြင်  ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်  စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများကို ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ဘက်စုံ၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများသည် အလွန်အရေးကြီးကြောင်း၊  ထင်ရှားသော ဥပမာတစ်ခုမှာ ကမ်းရိုးတန်းဒေသများ၌ လူဦးရေ တိုးပွားလာသည်နှင့်အမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသဖြင့် သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့ကြောင့် သဘာဝသယံဇာတများ လျော့နည်းပြုန်းတီးလာပြီး ဒေသခံပြည်သူများ၏ လူမှုဘဝများကို ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ထို့ကြောင့် ပေါင်းစပ် ညှိနှိုင်းပေးနိုင်မည့် ကော်မတီများကို ခရိုင်အဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းပေးထားပြီး   အဆိုပါ အဖွဲ့အစည်းများ အနေဖြင့်လည်း  တွေ့ကြုံရသည့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးကြရန်နှင့် ဒေသခံပြည်သူများ၏ မိရိုးဖလာ ထုံးတမ်းဓလေ့စရိုက်များကို သိရှိနားလည်ပြီး အလေးထားထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း။

ဒေသခံပြည်သူလူထုများကို အခြေပြုပြီး ဒေသခံများကိုယ်တိုင် ပါဝင်ပူးပေါင်း စီမံခန့်ခွဲသည့် လုပ်ငန်းများဖြစ်သည့်''ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း''၊   ''ဒေသခံများနှင့်   ပူးပေါင်း စီမံခန့်ခွဲသော အဏ္ဏဝါရေပြင် ဧရိယာ''နှင့် ''ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း'' စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် အလေးထားပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။

၎င်းအပြင် ဆက်စပ်ပတ်သက်သူများ အားလုံးပူးပေါင်း ပါဝင်စေမည့် အစီအမံများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေး အတွက် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေး လုပ်ငန်းများကို  တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် ယခင်ကျင်းပခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများနှင့်  ရှေ့ဆက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ အသိပညာပေးဗီဒီယို မှတ်တမ်းပြသမှုကို ကြည့်ရှုသည်။

ဆက်လက်၍   ဗဟိုကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်မှု အခြေအနေများ၊ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ငါးလုပ်ငန်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က  ရေသယံဇာတ ထိန်းသိမ်းရေးအတွက် အသိပညာပေး ဆောင်ရွက်နေမှုများနှင့် မြန်မာ့ပင်လယ်ပြင်အတွင်း

ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ရေယာဉ်များတွင် ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးစနစ်(VMS)တပ်ဆင် အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ငါးသယံဇာတများနှင့် ဂေဟစနစ်များကို သုတေသနပြုလုပ်နေမှု အခြေအနေ၊ တရားမဝင် ငါးဖမ်းဆီးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ကမ်းရိုးတန်းရေဝပ် ဒေသများနှင့်  အဏ္ဏဝါသဘာဝ ထိန်းသိမ်းရေး နယ်မြေများ ရေရှည်တည်တံ့နိုင်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် အကျိုးပြုနေမှု အခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်နယ်အတွင်း ရေသယံဇာတများနှင့် ကမ်းရိုးတန်းများကို ထိန်းသိမ်းထားရှိမှု အခြေအနေများကို လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရေတို/ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်  အပန်းဖြေကမ်းခြေသာယာ လှပရေးဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း၌ ရေသယံဇာတ ထိန်းသိမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးလှမိုးအောင်က ဒီရေတောများ ထိန်းသိမ်း ကာကွယ်ရေးနှင့် အပန်းဖြေကမ်းခြေများတွင် စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များကို   စနစ်တကျ စွန့်ပစ်နိုင်ရန် စီမံဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်တောများ ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် တရားမဝင် ရေသယံဇာတ ဖမ်းဆီးရရှိမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က  ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှုနှင့် ပတ်သက်သည့် ဥပဒေရေးရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အမြဲတမ်း အတွင်းဝန်များဖြစ်ကြသည့် ဒေါက်တာခင်ဇော်၊ ဦးဝင်းခန့်၊ ဦးတင်မောင်ဦးနှင့် ဦးထွန်းထွန်းနိုင်၊ စစ်ဦးစီး ဗိုလ်မှူးချုပ်(ရေ) ဗိုလ်မှူးကြီး ဇော်ဇော်လတ်နှင့် တာဝန်ရှိသူများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ   ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ကဏ္ဍအလိုက် စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ လျော့ပါးရေးအတွက် ဒီရေတောနှင့် ဓနိတောများ ထူထောင်သွားရေး၊ ပင်လယ်ပြင် ခရီးသွားလုပ်ငန်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ စည်းကမ်းမဲ့ ငါးဖမ်းခြင်း မပြုလုပ်စေရေး၊ကမ်းရိုးတန်း သယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက်   ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ   အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။                  

  (သတင်းစဉ်)

Read 257 times Last modified on Friday, 15 February 2019 08:46