SJ WorldNews - шаблон joomla Авто

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

Thursday, 14 March 2019 09:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၃

(၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်၌ ကျင်းပခဲ့ရာ   အာဆီယံခေါင်းဆောင်များက  သဘောတူညီခဲ့ကြသော ရခိုင်ပြည်နယ်အတွင်း မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့်   သဘာဝဘေး စီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူး ရုံး (AHA Centre)နှင့်  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သဘောတူညီချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည်  အာဆီယံ အတွင်းရေးမှူးချုပ်နှင့် သဘာဝဘေး စီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ   အာဆီယံ ညှိနှိုင်းရေးမှူးရုံးမှ အမှုဆောင် ညွှန်ကြားရေးမှူးတို့ ပါဝင်သည့် အဆင့်မြင့် အရာရှိကြီးများနှင့် ညှိနှိုင်းအစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် လိုအပ်ချက်များနှင့် အာဆီယံမှ ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် ကဏ္ဍရပ်များကို   ဆန်းစစ်ဖော်ထုတ်နိုင်ရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

လိုအပ်ချက်များကို လေ့လာဆန်းစစ်နိုင်ရေး အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်  ထိုင်းနိုင်ငံတို့မှ  ကိုယ်စားလှယ် စုစုပေါင်း ၁ဝ ဦးပါဝင်သည့် အာဆီယံ အရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေး အဖွဲ့(ERAT)သည် မတ် ၄  ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဆန်းစစ်လေ့လာမှု ဆောင်ရွက်ရာတွင် ASEAN  ERAT အဖွဲ့ဝင်များ၏ ဘေးကင်း လုံခြုံရေးအတွက် မတ် ၅ ရက်တွင်  သင်တန်းပို့ချပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

မတ် ၆ ရက်တွင် ASEAN  ERAT အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးအား တွေ့ဆုံသည်။ ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ UEHRD ကိုဖွဲ့စည်းကာ လုပ်ငန်းအဖွဲ့များဖြင့် စီမံကိန်းများ   အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြန်လည် ဝင်ရောက်လာသူများအတွက် လုံခြုံစိတ်ချပြီး လူ့ဂုဏ်သိက္ခာနှင့် အညီ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများ၊ အဆိုပါ အစီအစဉ်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြန်လည် ဝင်ရောက်လာမည့်သူများ သိရှိနိုင်စေရန် သတင်းပြန်ကြား ဆက်သွယ်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြန်လည် လက်ခံရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်  ပူးပေါင်း ဆောင်ရွက်ထားမှုများကို  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ASEAN  ERATအဖွဲ့သည် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍   ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍    သိရှိလိုသည်များအား    ဆွေးနွေး မေးမြန်းခဲ့ကြပြီး မတ် ၇ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်နယ်အဆင့် တာဝန်ရှိသူများအား  တွေ့ဆုံသည်။

ယင်းနောက်  ASEAN   ERAT အဖွဲ့သည်   အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၈ ရက်မှ ၁ဝရက်အထိ မောင်တောမြို့ လှဖိုးခေါင်ကြားစခန်း၊  ငါးခူရပြန်လည် လက်ခံရေးစခန်းနှင့် ပြန်လည်နေရာ ချထားပေးမည့် ကျေးရွာများတွင် ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာမှုများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းဆန်းစစ်သည့် ကာလအတွင်း ASEAN ERAT အဖွဲ့ဝင်များသည် ပြန်လည်ဝင်ရောက် လာသူများ ဆောင်ရွက်ရမည့်   လုပ်ငန်းစဉ် အဆင့်ဆင့်ကို လက်တွေ့စမ်းသပ် ဆောင်ရွက်ခြင်း၊ စခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းခြင်း၊ စခန်းအတွင်းရှိ အခြေခံအဆောက်အဦများ၊ လုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ စားသောက်နေထိုင်ရေး၊ နိုင်ငံသား စိစစ်ခံရမည့်သူများအတွက် သက်သေခံကတ်ပြား ထုတ်ပေးရေး၊ လူသားချင်း စာနာမှုအကူအညီများ ပေးအပ်ရေး၊ လူမှုသဟဇာတဖြစ်စေရေး အတွက် စီစဉ်ဆောင်ရွက်ထားမှုများနှင့်  သံတမန်ရေးရာ ကိစ္စရပ်များကို ဆန်းစစ်လေ့လာကြသည်။ ထို့ပြင် အဖွဲ့ဝင်များသည် မောင်တောခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး အစီအမံများကို  မေးမြန်း ဆွေးနွေးကြသည်။

ထို့နောက် ASEAN  ERAT အဖွဲ့ဝင်များသည် ပြန်လည်နေရာချထားပေးမည့် ကျေးရွာများသို့ သွားရောက်၍ ဒေသခံများနှင့်တွေ့ဆုံကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ပြန်လည်နေရာချထားမည့် ကျေးရွာများတွင် UEHRD နှင့် အလှူရှင်နိုင်ငံများ၏ အကူအညီများဖြင့် တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ နေအိမ်များကို သွားရောက် လေ့လာ ခဲ့ကြသည်။ မတ် ၁၁ ရက်တွင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား တွေ့ဆုံပြီး   ဆန်းစစ်တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြမှု အပေါ် ဝန်ကြီးချုပ်က ဒေသတွင်း  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ အာဆီယံမှ  ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

ထို့နောက် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများထံ ဆန်းစစ် တွေ့ရှိချက်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို  သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်တင်ပြကာ ဆက်လက်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။              

 (၅ဝဝ)

Read 505 times Last modified on Thursday, 14 March 2019 09:57