SJ WorldNews - шаблон joomla Авто

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်

Thursday, 14 March 2019 10:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၃

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မတ် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

(၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးအား မတ် ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပခဲ့ရာ အစည်းအဝေး၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်  ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဖန်ဘင်မင်းတို့က ပူးတွဲဥက္ကဋ္ဌများ အဖြစ် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေး ဖော်ဆောင်ရန် လက်တွေ့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးကိစ္စ၊ အထူးသဖြင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ ဥပဒေရေးရာ ပူးပေါင်း ဆောင်ရွက်ရေး၊ ပညာရေးနှင့် လေ့ကျင့် သင်ကြားရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ကဏ္ဍ၊ အလုပ်သမား၊ ကျန်းမာရေး၊ သဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားကဏ္ဍတို့တွင်  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စနှင့် ပြည်သူအချင်းချင်း အကြား အပြန်အလှန်ထိတွေ့ ဆက်ဆံမှုမြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာ-ဗီယက်နမ် သံတမန် ဆက်သွယ်မှု  (၄၅) နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးကိစ္စ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကဏ္ဍတွင်   ၂ဝ၁၉ ခုနှစ် ဧပြီလ၌ ကျင်းပမည့်  VietnamExpo နှင့် ၂ဝ၁၉ ခုနှစ်   နိုဝင်ဘာလတွင် ကျင်းပမည့်  ဗီယက်နမ် နိုင်ငံတကာ အစားအသောက်ပြပွဲ င်္ FoodExpo တို့တွင် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းများနှင့် ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့များ ပါဝင်ပြသရေးအတွက် အားပေး တိုက်တွန်းရေး ကိစ္စ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၊ အေဆမ်၊ မဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ စသည့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကူအညီပေးရေး ကိစ္စ၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရာတွင် နီးကပ်စွာညှိနှိုင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို  ဆွေးနွေးခဲ့သည်။ 

အစည်းအဝေးအပြီးတွင်    ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်နှစ်ဦးက   ပူးတွဲကော်မရှင် အစည်းအဝေး၏   သဘောတူ ဆွေးနွေးချက် မှတ်တမ်းအား လက်မှတ်ရေးထိုး ခဲ့ကြသည်။

အစည်းအဝေးသို့  ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ   ပါဝင်တက်ရောက် ခဲ့ကြသည်။

အဆိုပါ    ပူးတွဲကော်မရှင် အစည်းအဝေး မတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အား မတ် ၁၁ ရက်က ကျင်းပခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှ-တောင်အာရှ-တောင်ပစိဖိတ် ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ငုယင်သက်ထန်းတို့က ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့သည်။

မတ် ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဖန်ဘင်မင်းက မြန်မာကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော် ဧည့်ဂေဟာတွင် တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ညနေ ၅ နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီးသည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုအား ဝန်ကြီးချုပ်ရုံး၌ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏကို ၂ဝ၂ဝ ပြည့်နှစ် ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ကျော်လွန်လာစေရေး ကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန် အထောက်အကူပြုရေးနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်မှု ပိုမိုမြှင့်တင်ခြင်းဖြင့်   ချစ်ကြည်ရေး ပိုမိုကျစ်လျစ် ခိုင်မာစေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။        

(သတင်းစဉ်)

Read 470 times Last modified on Thursday, 14 March 2019 10:07