SJ WorldNews - шаблон joomla Авто

သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ သတ္တမ အစည်းအဝေး ပထမနေ့ ကျင်းပ

Friday, 15 March 2019 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်   ၁၄

သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည် ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိဆရာတော် အဖြစ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက  ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရက ဆောင်ရွက်တော်မူသည်။

ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက် အောင်မြင်ကြောင်း  ကြေညာသည်။

ယင်းနောက်     အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသည့် ဆရာတော်များက ''သာသနဿစလောကဿ ဝုဍ္ဎိဘဝတု သဗ္ဗဒါ'' အစချီသော (၂)ဂါထာကို သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်တော်မူကြသည်။

ထို့နောက်   အစည်းအဝေး ကျင်းပမည့် ၁၃၈ဝ ပြည့်နှစ် တပေါင်းလဆန်း (၉၊ ၁ဝ၊ ၁၁) ရက်၊ ၂ဝ၁၉ ခုနှစ် မတ်လ(၁၄၊ ၁၅၊ ၁၆)ရက် တို့အတွက်   အစည်းအဝေး အစီအစဉ်ကို လျှောက်ထားအတည်ပြုချက် ရယူပြီး နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒနာယူကြသည်။

ထို့နောက်    အစည်းအဝေး သဘာပတိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်က အစည်းအဝေးဖွင့် သာရဏီယသြဝါဒ ကထာကို မြွက်ကြားတော်မူသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက   သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။                 

ယင်းနောက် တစ်နှစ်တာ ကာလအတွင်း ပျံလွန်တော်မူသွားကြသည့် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ အတွက် သံဝေဂဉာဏ် ပွားတော်မူကြောင်း မှတ်တမ်းတင်ပြီး    အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို တင်သွင်း၍ အတည်ပြုချက် ရယူကာ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက တင်သွင်းလျှောက်ထားပြီး နံနက်ပိုင်း အစည်းအဝေးကို ခေတ္တရပ်နားသည်။

မွန်းလွဲ ၁  နာရီတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများထံ လှူဒါန်းမည့် ငွေကျပ်သိန်း ၆၄ဝ တန်ဖိုးရှိ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းစာအုပ် ၄ဝ၊ အဋ္ဌကထာကျမ်းစာအုပ် လေးအုပ် စုစုပေါင်း ၄၄ အုပ်လျှင် တစ်စုံ၊ အစုံ ၅ဝဝ ကျမ်းစာအုပ်များနှင့် ငွေကျပ်သိန်း ၁၂ဝဝ တန်ဖိုးရှိ ခေတ်မီစာပုံနှိပ်စက် တစ်လုံးကိုလှူဒါန်းရာ ဆရာတော်ကြီးများ၏ ဥပတ္ထမ္ဘကအဖြစ် ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကိုထံ  အလှူရှင် စည်သူဝဏ္ဏကျော်ထင် ဦးရန်ဝင်း-ဒေါ်လွင်လွင်ဝေ(အေဝမ်းဆောက်လုပ်ရေးကုမ္ပဏီ)၊ ဦးစိုးမြင့်ဆွေ-သုဓမ္မသိင်္ဂီ ဒေါ်ရည်ဝိုင်းဦးနှင့် သား မောင်ခန့်စည်သူ၊   ဦးအာကာကြိုင်-သုဓမ္မသိင်္ဂီ ဒေါ်သိင်္ဂီလင်းနှင့် သမီး မဂုဏ်ရှိန်မြင့်မိုရ်ကြိုင် သားသမီးမြေး တစ်စုတို့က ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက်    နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ  ဗန်းမော်ဆရာတော် ကြီးထံမှ  အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက်   ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။

ထို့နောက် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့၏ အစီရင်ခံစာ အကျယ်ကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဆရာတော်များက ဖတ်ကြားတင်သွင်းတော် မူကြပြီး အစီအစဉ်များအတိုင်းဆက်လက်ဆွေးနွေး တော်မူကြသည်။

ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များက တင်ပြလာကြသည့် အကြံဉာဏ်များကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များဖြစ်ကြသော အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရနှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒတို့က ရှင်းလင်းပြန်ကြား လျှောက်ထားကြပြီး ပထမနေ့ အစည်းအဝေးကို ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ်   ဦးသိန်းမောင်-ဒေါ်ပါးပါး    စန္ဒီပရဆေးမိသားစုက (၃၉)ကြိမ်မြောက်  ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

(၅ဝဝ)

Read 27 times Last modified on Friday, 15 March 2019 08:49