SJ WorldNews - шаблон joomla Авто

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင် ခံစာကို လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေး

Friday, 15 March 2019 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ  ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မန္တလေးမြို့၌ ပုဂ္ဂလိက ကုမ္ပဏီများကပြုလုပ်နေသည့် ကျောက်စိမ်းအရိုင်းပြပွဲများ၏ အခွန်ငွေ ပေးဆောင်မှု အခြေ အနေတိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏  လေ့လာတွေ့ရှိ ချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ အမှတ်(၅/၂ဝ၁၉)အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

၎င်းအစီရင်ခံစာကို လွှတ်တော်ကသဘောတူလက်ခံရန်  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးက     အဆို တင်သွင်းပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူသည်။

ဆက်လက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်  ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင် ခံစာကို  ယနေ့ကျင်းပသော  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမည်စာရင်း တင်သွင်း ထားကြပြီး ဆွေးနွေးရန် ကျန်ရှိသော လွှတ်တော် ကိုယ်စားလှယ်များက   ဆွေးနွေးကြရာ  တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသန်းဝင်းက ၂ဝ၁၉ ခုနှစ် မတ်    ရက်တွင် တင်သွင်းခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပိုဒ် ၄ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ် တာဝန်ပေးခြင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (ခ)၏ မူလပြဋ္ဌာန်းချက်မှာ   နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ်  ရွေးချယ်တာဝန် ပေးအပ်နိုင်ရန်ဆိုသည့် နေရာ တွင် ပြင်ဆင်ချက်အဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တာဝန်ပေးအပ်နိုင်ရန်၊ ပုဒ်မခွဲငယ်(၁)မူလပြဋ္ဌာန်းချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ်ထားသည့်  အရည် အချင်း များနှင့် ပြည့်စုံသော သင့်လျော်သည့်  လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်ဖြစ်ကြောင်း၊  ပြင်ဆင်ချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ် ထားသည့် အရည်အချင်းနှင့်ပြည်စုံသော  သင့်လျော်သည့် ကိုယ်စားလှယ်တစ်ဦးအား ''ဆန္ဒမဲ''ဖြင့် ရွေးချယ်ရမည်၊ ပုဒ်မခွဲငယ်(၂) မူလပြဋ္ဌာန်းချက် ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်း ဒေသကြီး   သို့မဟုတ်  ပြည်နယ် လွှတ်တော်သို့ ပေးပို့သဘောတူညီ ချက်ရယူရမည်ဖြစ်ကြောင်း၊ ပြင်ဆင်ချက်မှာ  ဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် ကိုယ်စားလှယ်၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု ဖော်ပြ ထားကြောင်း။

ယခုပြင်ဆင်မည့်   ပြင်ဆင်ချက်များမှ ယနေ့ လက်ရှိအစိုးရ ဖော်ဆောင်နေသည့် ''ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမည်'' ဟူသော ရည်မှန်းချက်အတိုင်း ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ ပေးသည့် အခြေအနေဖြစ်သည့်အပြင် ဖက်ဒရယ်စနစ်အား ပိုမိုပီပြင်စွာ အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ  တိုင်းဒေ သကြီး/ ပြည်နယ်များက ဒေသခံပြည်သူတို့ ရွေးချယ် ခန့်အပ်ထားသော ကိုယ်စားလှယ်များ အနေဖြင့်   မိမိတို့ တိုင်း ဒေသကြီး/ပြည်နယ်၊  လွှတ်တော်ကိုယ်စားလှယ်များထဲမှ  သင့်လျော်သူကို  ဆန္ဒမဲဖြင့် ရွေးချယ်ပေးခြင်းသည် ပိုမို သင့်လျော်ကောင်း မွန်မည်ဖြစ်သဖြင့် ပြင်ဆင်သင့်ကြောင်း။

ပုဒ်မခွဲ(ဂ)မူလပြဋ္ဌာန်းချက်မှာ နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘော တူညီချက် ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား  သက်ဆိုင်ရာတိုင်းဒေသကြီး   သို့မဟုတ်  ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန် ပေးရမည်၊ ပြင်ဆင်ချက်မှာ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က  ဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်အား  သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရမည်ဖြစ်၍ ပြင်ဆင်ချက်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်က ရွေးချယ်သည့်ကိုယ်စားလှယ်ကို နိုင်ငံတော်၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်သည့် နိုင်ငံတော်သမ္မတက အတည် ပြုခန့်အပ်ခြင်းဖြစ်၍ အပြန်အလှန်ထိန်းညှိ သည့်သဘော  တာဝန်ယူမှု၊ တာဝန်ခံမှုပြု သည့်သဘော ဖြစ်ကြောင်း။

ပုဒ်မခွဲ(ဃ)မူလပြဋ္ဌာန်းချက်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော  အရည် အချင်း များနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ် တော်သည် နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ်   ခန့်အပ် တာဝန်ပေးအပ်ရန် ငြင်းပယ်ခွင့် မရှိစေရ၊ ပြင်ဆင်ချက်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ဆန္ဒမဲဖြင့်  ရွေးချယ်ထားသောပုဂ္ဂိုလ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်၏ အရည်အချင်းများနှင့် ပြည့်စုံမှုမရှိကြောင်း ခိုင်လုံသည့်အချက် ပေါ်ပေါက်ပါက နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ်   ခန့်အပ်တာဝန် ပေးအပ်ရန် ငြင်းပယ်ခွင့် ရှိစေရမည်ဖြစ်၍ ပြင်ဆင် ချက်မှာ   ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်နှင့်  တိုင်းဒေသကြီး လွှတ်တော်တို့ အပြန်အလှန်  Check  and  Balance အား ပိုမိုပီပြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ ပြင်ဆင်သင့်ကြောင်း။

ပုဒ်မခွဲ(င) မူလပြဋ္ဌာန်းချက်မှာ  နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏  သဘောတူညီချက် မရသည့် ပုဂ္ဂိုလ်အစား  တိုင်းဒေ သကြီး  သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်း အသစ်ကို နိုင်ငံတော် သမ္မတထံ  ထပ်မံတင်သွင်းခွင့်ရှိ သည်ဖြစ်၍ ပြင်ဆင်ချက်မှာ ပိုမိုသင့်လျော်ပြီး ပုဒ်မခွဲ(ဃ)နှင့်လည်း ချိတ်ဆက်လိုက်ဖက်ပါသဖြင့် ပြင်ဆင်သင့်ကြောင်း။

လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းထားသော ပုဒ်မ ၂၆၁ နှင့် ပုဒ်မခွဲများအား တင်ပြထားသည့် ပြင်ဆင် ချက် များပါ အတိုင်း ပြင်ဆင်နိုင်မည်ဆိုပါက  ၂၁ ရာစုပင်လုံညီလာခံမှ   အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စု သဘော တူ စာချုပ် အစိတ်အပိုင်း (၁)တွင်ပါရှိသော အရေးကြီးဆုံးအချက်ဖြစ်သည့် ''နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသောပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမည်'' ဟူသောအချက်အား တိုက်ရိုက်ကူညီအားပေးရာ ရောက်ခြင်း၊ နိုင်ငံတော်၏   အုပ်ချုပ်ရေး အာဏာကို  ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည် ဟူ သည့် အခြေခံမူအား ပီပြင်စွာ အကောင်အထည်ဖော်ပေးခြင်း၊ ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ သီးသန့်အစည်း အဝေးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည့် မိန့်ခွန်းပါ   ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီး ချုပ်များ ရွေးချယ်ခြင်း၊  အုပ်ချုပ်ရေးမှူးများခန့်ထားခြင်းများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အနှစ်သာရ ကို မထိခိုက်စေဘဲ တိုင်းပြည်အတွက် ပြင်ဆင် သင့်သည်များအားပြင်ဆင်ရန်  ပြောကြားခဲ့ သောအချက်အတိုင်း ဆောင် ရွက်ခြင်း၊ ယနေ့ ပြည်သူများ လိုလားတောင်းဆိုနေကြသော ဖွဲ့စည်းပုံအခြေခံဥပဒေ   ပြင်ဆင်ခြင်းအား လက်တွေ့ ပြင်ဆင်ရာ ရောက်ခြင်း၊  အစိုးရ အဆက်ဆက်  မသိမသာခွဲခြားခံနေရသည်ဟူသော အတွေးများရှိနေကြသည့် တိုင်းရင်း သားများအတွက်  ယနေ့ဒီမိုကရေစီ အစိုးရ လက်ထက်တွင်  အားလုံးတန်းတူညီမျှရေး  ဆောင်ရွက်ပေး နေ သည့် ပုံရိပ်ကို လက်တွေ့သက်သေပြ နိုင်မည့်အတွက် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ကာ   ဒီမိုကရေစီ၏ တန်ဖိုးများကို  ပိုမိုတိုးမြှင့် ရယူနိုင်မည်ဖြစ်ကြောင်းနှင့် အရေးကြီးအဆိုအရ သီးခြား ဖွဲ့စည်းထားသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက် ရန်မသင့်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီသည် ဥပဒေနှင့် အညီသာ  ဆက်လက်ဆောင်ရွက်ရန် လိုပြီး သဘောသဘာဝ မတူသော ကော်မတီနှစ်ရပ်ကို ပေါင်းစပ်ပြီး      လုံးဝ မဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က မိမိအနေဖြင့် အစီရင်ခံစာတွင် ပါရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ နှင့်စပ်လျဉ်းသည့် ဥပဒေပြင်ဆင်ချက်အပိုင်းကို    ခြုံငုံသုံးသပ်  ဆွေးနွေးသွား မည်ဖြစ် ကြောင်း၊ ဦးသိန်းထွန်းနှင့် အဖွဲ့ လက်မှတ်ရေးထိုး တင်ပြလာသည့် ဥပဒေပြင်ဆင်ချက် (မူကြမ်း)ကို လေ့လာ ကြည့်ပါက ပုဒ်မ၂၆၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲငယ် (၁ ၊ ၂ )၊ ပုဒ်မခွဲ (ဂ)၊ (ဃ)၊ (င) တို့ကို ပြင်ဆင်ရန် တင်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၎င်းပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါရှိသည့် ပြဋ္ဌာန်းချက်များ နှင့် နှိုင်းယှဉ်ကြည့် ရမည်ဖြစ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)၏ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)တွင်'' နိုင်ငံတော်၏ အာဏာ သုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု များအား ခွဲဝေအပ်နှင်းသည်''ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် ပုဒ်မ၁၇(က)တွင်လည်း''နိုင်ငံတော် အုပ်ချုပ်ရေး အာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်''ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊  ထို့ကြောင့် နိုင်ငံတော်၏ အာဏာသုံးရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တတ်နိုင်သမျှခွဲဝေအပ်နှင်းခွင့်ရှိကြောင်း။

ဥပဒေပြင်ဆင်ချက်၏ အနှစ်သာရ (Essence of  Law)ကို လေ့လာကြည့်ရမည်ဖြစ်ပြီး  အဓိက အချက်နှစ်ချက် တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ ပထမအချက်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်းဖြင့် အစိုးရနှင့်လွှတ်တော် စောင့်ကြည့်ထိန်းညှိတဲ့ Check and Balance ပြုလုပ် နိုင်ခြင်း ဖြစ်ကြောင်း၊ ဤအရာသည် အကျိုးကျေးဇူးကြီးသည့်  ကိစ္စရပ်ဖြစ်ကြောင်း၊  ယခုအချိန်၌ တွေ့ရှိနေရ မှုများသည် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်သည့် ဝန်ကြီးချုပ် အချို့သည် ကိစ္စရပ်အချို့ကို သက်ဆိုင်ရာ လွှတ်တော်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မိမိ သဘောအတိုင်း ဇွတ်အတင်း ဆောင်ရွက် နေသည်ကို တွေ့ရှိရကြောင်း၊ ''ဝန်ကြီးချုပ်များကို ခန့်ထားသူဟာ နိုင်ငံတော်သမ္မတဖြစ်တယ်၊ လွှတ်တော်က ခန့်တာ မဟုတ်ဘူး''ဆိုပြီး မိမိ စိတ်တိုင်းကျထင်ရာ စိုင်းအနေအထားများကို ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု သုံးသပ် ရကြောင်း၊ ''ငါ့ကို ငါ့အထက် လူကြီးက ကြိုက်ရင်ပြီးရော၊   ငါ့ပါတီက  သဘောကျရင်ပြီးရော၊ လွှတ်တော်ကိုဂရုစိုက်စရာ မလိုဘူး'' ဆိုသည့် အနေအထားမျိုးဖြင့် ဆောင်ရွက်နေကြ၍ ဝန်ကြီးချုပ်နှင့် ဒေသခံမဲဆန္ဒရှင် ပြည်သူလူထုကို ကိုယ်စားပြုသည့် လွှတ်တော်၊ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုပိုင်းတို့ ပွတ်တိုက်မှုများ၊ ပြင်းပြင်းထန်ထန် ဖြစ်ကြမှုများ၊ အချိန်တန်ပါက လွှတ်တော်ပိုင်း ကပဲ  လက်မြှောက်အရှုံးပေးလိုက်ရမှုများသည် မမြင်ချင်၊ မကြားချင် အဆုံးဖြစ်နေမှုများကို အထင်အရှား တွေ့ရှိနေရခြင်းဖြစ်ကြောင်း။

ဒုတိယအချက်မှာ ယခုလိုဥပဒေပြင်ဆင်ခြင်းသည် ဗဟိုချုပ်ကိုင်မှု လျော့နည်းအောင် Decentralization    ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ထိုအရာသည် တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်၏ သဘောသဘာဝဖြစ်ကြောင်း၊ ဖက်ဒရယ်၏ သဘောသဘာဝအရ တိုင်းဒေသကြီးများနှင့်  ပြည်နယ်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာဏာကို တတ်နိုင် သမျှ ထိထိရောက်ရောက် ဖြန့်ခွဲ ပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊   သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဆုံးဖြတ် ပိုင်ခွင့်ကို ပိုမိုရရှိအောင် ပြုလုပ်နိုင်ခြင်းအား တိုင်းရင်းသားများ၏ လိုလားချက်ကို တတ်နိုင်သမျှ အမြန်ဆုံး အကောင် အထည်ဖော်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ငြိမ်းချမ်းရေး ရလဒ်ကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်ပေးနိုင်မည်ဖြစ်ကြောင်း။

ယခင် သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီ ပထမအစိုးရသက်တမ်းက စ၍ နိုင်ငံတော် တစ်ဝန်းလုံးတွင် ထာဝရငြိမ်း ချမ်းရေးရရှိအောင် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့ကာ ယခုလက်ရှိအစိုးရ လက်ထက်တွင် လည်း ငြိမ်းချမ်းရေး ပန်းတိုင်ဆီသို့ ဆက်လက် လျှောက်လှမ်းလျက်ရှိကြောင်း၊ ယခင်အစိုးရ လက်ထက်စတင်ခဲ့သည့်  ''ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ''ကို   လက်ရှိအစိုးရ လက်ထက်တွင်လည်း   ''၂၁ ရာစုပင်လုံ ညီလာခံ''အဖြစ် ဆက်လက် ကျင်းပ နေခြင်းဖြင့်  ငြိမ်းချမ်းရေးပန်းတိုင်ကို  ဆက်လက်လျှောက်လှမ်း နေကြကြောင်း၊ ထိုသို့ကြိုးပမ်း ဆောင်ရွက်ကြရာတွင် ၂ဝ၁၇ ခုနှစ် မေ ၂၉ရက်က  လက်မှတ်ရေးထိုးခဲ့ကြသည့်  ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်  အစိတ် အပိုင်း(၁)တွင် ''ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိုင်းဒေသကြီး/ ပြည်နယ်များဖြင့်   ဖွဲ့စည်း ရမည်'' ဟု သဘောတူညီချက်ရရှိထားပြီး ဖြစ်ကြောင်း၊ ဦးသိန်းထွန်း၏ ဥပဒေပြင်ဆင်ချက်သည်   တိုင်းရင်း သားများ လိုလားချက် ဆန္ဒကို ပိုမိုပီပြင်အောင်ဆောလျင်စွာ အကောင် အထည်ဖော်ပေးနိုင်ခြင်းဖြစ်သည့်အတွက် ထောက်ခံကြိုဆိုရမည့် ဥပဒေပြင်ဆင်ချက် ဖြစ်ကြောင်း။

ဦးသိန်းထွန်းနှင့်အဖွဲ့၏ ဥပဒေပြင်ဆင်ရန် တင်ပြချက်သည်   မည်သူ/မည်သည့်အဖွဲ့ အစည်းကိုမှ   ယှဉ်ပြိုင်လုပ်ဆောင် နေခြင်း မဟုတ်ဘဲ ဥပဒေနှင့်အညီဆောင်ရွက်ခြင်းနှင့် ဥပဒေနှင့်မညီဆောင်ရွက်ခြင်းတို့သာ ကွဲပြား ခြားနားကြခြင်း ဖြစ်ကြောင်း၊ လွှတ်တော်၏ အချိန်များကို ဖြုန်းတီးနေသည်ဟု ယူဆမှုသည် သိပ်အစွန်းရောက်လွန်းပြီး မတူကွဲပြားမှုကို လက်သင့်ခံနိုင်ခြင်းဖြစ်သည့်အတွက် ဒီမို ကရေစီ၏စံနှုန်းကို သေးသိမ်ယုတ်လျော့စေကြောင်း၊ လွှတ်တော်ဆိုသည်မှာ လည်း ထိုသို့ မတူညီမှုများ၊ ကွဲပြားခြားနားမှုများကို ညှိနှိုင်း ဆွေးနွေးသည့်နေရာ ဖြစ်ရုံသာမက လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တာဝန်ထဲတွင်လည်း ယခုလိုအချိန်ယူဆွေးနွေးကြသည်မှာ အဓိက လုပ်ငန်းတာဝန် တစ်ရပ်ပင် ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ(ပ)တွင်ဖော်ပြပါရှိသည့် နာယက ၏ လုပ်ပိုင်ခွင့် ဆိုသည်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိစ္စကိုဆောင်ရွက်ခြင်း နှင့်မသက်ဆိုင်ဘဲ လွှတ်တော် ဆိုင်ရာ အခြား ကိစ္စရပ်များဖြင့်သာ သက်ဆိုင်သည်ဆိုသည် ကို သေသေချာချာ ဖတ်ရှုလေ့လာ ထားသူတိုင်း နား လည်ကြ မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအတွက် နည်းဥပဒေ ၁၃၉ နှင့် အညီသာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း။

တိုင်းရင်းသားများ၏ လိုလားချက်များကို အကောင်အထည်ဖော်ပေးခြင်းကို မလိုလားသူ၊ ဆန့်ကျင်လိုသူ၊ နှောင့်နှေး ကြန့်ကြာ အောင် ကြိုးပမ်းနေသူများသည်  ငြိမ်းချမ်းရေးကို လူကြားကောင်းအောင် မြတ်နိုးပြနေသူများသာဖြစ်ပြီး အမှန် တကယ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏  အမှိုက်သရိုက်များသာဖြစ်ကြလိမ့်မည်ဖြစ်ကြောင်း၊   ဦးသိန်းထွန်း၏ ဥပဒေ ပြင်ဆင်ချက်များသည် ငြိမ်းချမ်းရေးခရီးတွင် တာသွားသည့် ခြေလှမ်းကျဲ တစ်လှမ်း ဖြစ်ရုံသာမက ဖက်ဒရယ်ဒီမိုက ရေစီ၏ သဘောကို ပီပြင်အောင် ပုံဖော်ခြင်း တစ်ရပ်လည်းဖြစ်သည့်အတွက် ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ ငယ် (၁ ၊ ၂ )၊ ပုဒ်မခွဲ (ဂ) (ဃ)နှင့် (င)တို့၏ ပြင်ဆင်ချက်များကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း၊ ဥပဒေ ပုဒ်မပြင်ဆင်သည့် လုပ်ငန်း စဉ်ကိုလည်း ၄၅ ဦးကော်မတီတွင် ထည့်သွင်း ဆောင်ရွက်ခြင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့်ကိုက်ညီခြင်းမရှိ သည့်အပြင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃၊ ၁၃၆ တို့နှင့်လည်း ညီညွတ်ခြင်း မရှိသည့်အတွက် ကော်မတီ၏အစီရင်ခံစာကို ကန့်ကွက်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေများအရသာ ဆက်လက် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ထွန်းမြတ်ရွှေက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး စိစစ်ရေးပူးပေါင်း ကော်မတီ အနေဖြင့် ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့် အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကို ကိုယ်စားလှယ် အများစုက ဥပဒေ၊ နည်းဥပဒေ အထောက်အထားများ နှင့်တကွ ဆွေးနွေး ခဲ့ကြပြီးဖြစ်ကြောင်း၊ အစီရင်ခံ စာသည် ဥပဒေ ကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဖြစ်ကြောင်း၊ ပူးပေါင်း ကော်မတီ၏ အခေါ်အဝေါ်နှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်မတူခြင်းကိုငြင်းလျှင် ၎င်းသည် ရိုးသားမှုပျောက်ဆုံးနေသည့် လုပ်ဆောင်ချက်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊ အစီရင်ခံစာ၏ စာပိုဒ် ၃ မှာ  လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီကို ပေးအပ် ထားသည့်တာဝန်၊ လုပ်ပိုင်ခွင့်နှင့်မသက်ဆိုင် သော ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းမှုကို ထည့်သွင်း ဖော်ပြထားခြင်းသည် ကော်မတီ ဝင်အားလုံး၏သဘောထားမဟုတ်သည့် စိစစ် တွေ့ရှိချက် စာပိုဒ် ၅ မှ ၁ဝ ထိကို ချိတ်ဆက် နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ အမှန်တကယ် ပူးပေါင်းကော် မတီအနေဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး နောက်ပိုင်း  ကော်မတီအစည်းအဝေး ဘယ်နှကြိမ် ကျင်းပ ဆွေးနွေးခဲ့သည်။ ကော်မတီဝင် ဘယ်နှယောက် တက်ရောက်ဆွေးနွေးသည်ကို ဖော်ပြသင့်ကြောင်း၊ စာပိုဒ် ၅ မှ ၁ဝ ထိ ကိုလေ့လာကြည့်လျှင် ပြင်ဆင်ရန် တင်သွင်း ထားသည့်ဥပဒေကြမ်းအပေါ်မှာ  ဦးတည် ဆွေးနွေး စိစစ်တာ မဟုတ်ဘဲ ပြင်ဆင်လိုသည့် ပုဒ်မ ၂၆၁ ကို အခြားပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ ပြင်ဆင်ရေးလုပ်ငန်းကို ထည့်သွင်း ဆောင်ရွက်ရန် အတွက် ဦးတည်ဖော်ပြ ထားသည်ကို တွေ့ရှိရကြောင်း။

လွှတ်တော်ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်း က   ဥပဒေနှင့်အညီ လက်မှတ်ရေးထိုး တင်သွင်းထားသည့် ဥပဒေမူကြမ်းကို လေ့လာကြည့်လျှင် ရည်ရွယ်ချက်၊ အကျိုးအကြောင်းဖော်ပြချက်နှင့် အစားထိုး ပြင်ဆင်လိုသည့် ပုဒ်မပါ ပြဋ္ဌာန်း ချက်များသည် လက်ရှိ အခြေအနေနှင့်ကိုက်ညီမှုရှိကြောင်း၊ ဥပဒေမူကြမ်းပါအစားထိုးပြင်ဆင်လိုသည့် ဥပဒေ ပုဒ်မသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ အုပ်ချုပ်ရေးခေါင်းစဉ်အောက်ရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်တာဝန် ပေးအပ်ခြင်း၊ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ (င)ကို  အစားထိုးပြင်ဆင်ရန် လေ့လာတွေ့ ရှိရ ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်သည်မှာ လက်ရှိပြဋ္ဌာန်း ထားသည့် ဥပဒေအရ သမ္မတက  ရွေးချယ်ခန့်အပ်ခြင်း အစား သက်ဆိုင်ရာ တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်လွှတ်တော် များက ရွေးချယ် ခန့်အပ် တာဝန် ပေးရန်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို လေ့လာ ကြည့်လျှင် ယခင် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော်မှာ  ပြင်ဆင်ရန် ဆွေးနွေးခဲ့ဖူး ကြောင်း၊ ပုဒ်မ ၂၆၁ကို ဘာဖြစ်လို့ပြင်ဆင် ချင်တာလဲဆိုတာ လေ့လာကြည့်လျှင်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက ရွေးချယ် ခန့်အပ် တာဝန်ပေးသည်၊ သမ္မတသည် လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရပါတီက ရွေးချယ်သည့် လူဖြစ် ကြောင်း၊ သမ္မတက ရွေးချယ်ခန့်အပ် တာဝန်ပေးသည့် ဝန်ကြီးချုပ်သည် သမ္မတနှင့် လွှတ်တော်ကိုယ် စားလှယ် အများစု အနိုင်ရ ပါတီကို တာဝန်ခံမှာ သေချာကြောင်း၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီး တို့တွင် ဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးချုပ်၊ အစိုးရနှင့် လွှတ်တော်၊ တိုင်းရင်းသား ပါတီ၊ ဒေသခံ တိုင်းရင်းသား ပြည်သူ လူထုကြား ပွတ်တိုက်မှု ပြဿနာများကို ကြည့်လျှင် သိနိုင်ကြောင်း။

အစီရင်ခံစာစာပိုဒ် ၅ ၊ ၆၊ ၇၊ ၈၊ ၉၊ ၁ဝ ကိုလေ့လာကြည့်လျှင်  အကြောင်းပြချက်များ ဆီလျော်မှုမရှိသည့်အပြင် ကော်မတီမှာ အင်အား အများဆုံး ပါဝင်သည့် အဖွဲ့အစည်းတစ်ခု၏ တစ်ဖက်သတ် ထင်မြင်ယူဆချက်ကို  စောင်းပေးပြီး လေ့လာ တွေ့ရှိချက်၊ ကော်မတီဝင် အများစုသဘောထားကဲ့သို့ ဖော်ပြထားသည် ကိုတွေ့ရှိကြောင်း၊ ကော်မတီ၏ အဖွဲ့ဝင် ပါဝင်မှု ကိုလေ့လာကြည့်လျှင် NLD က ၂၁ ဦးပါဝင်ပြီး USDP က နှစ်ဦး၊ တိုင်းရင်းသား ပါတီများက ငါးဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးပါဝင်သည်ကို တွေ့ရှိရသည့်အတွက် အများစုရဲ့သဘော ထားဆိုတာ ဘယ်အဖွဲ့ အစည်းကို ဆိုလိုခြင်း ပေါ်လွင်ကြောင်း။

ကော်မတီဖွဲ့စည်းမှုကိုကြည့်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီသည်  ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီမှာ တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည်ကိုတွေ့ရှိ ကြောင်း၊  ပူးပေါင်းကော်မတီဝင်အားလုံး  သည် အမိန့်ကြော်ငြာစာအမှတ်(၁၄/၂ဝ၁၉)ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်အပြင် ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆၊ ၁၃၇၊ ၁၃၈၊ ၁၃၉ အတိုင်း ဆက်လက်ဆောင်ရွက်ရမှာကို သိရှိပြီးသားဖြစ်ကြောင်း၊ ကော်မတီ၏ သဘော ထားမှတ်ချက်ကို သုံးသပ်ကြည့်လျှင် အပိုဒ် ၁၂ စာပိုဒ်တစ်ပိုဒ်ထဲတွင် ရောထွေးရေးသားပြီး  ရှင်းလင်းစွာ အစီရင်ခံစာ တင်ပြခြင်းမရှိသည်ကို  တွေ့ရှိရသည့်အတွက် ပူးပေါင်းကော် မတီဝင်များအနေဖြင့် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ တာဝန်ထမ်း ဆောင်နေသည့်အတွေ့အကြုံ၊ ဂုဏ်သိက္ခာနှင့် အညီ ရိုးသားစွာ ဆောင်ရွက်ကြရန် နာယကကြီးက တစ်ဆင့် တိုက်တွန်းလိုကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းလေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည့် နာယကကြီး အနေဖြင့်  ဥပဒေဘွဲ့ ရထား သူတစ်ဦးဖြစ်ပြီး ပထမအကြိမ် လွှတ်တော် သက် တမ်းတွင် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ ဖူးသူဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊

မိမိတို့သိရှိပြီးဖြစ်ကြောင်း၊ အစီရင်ခံစာကို စတင်မဆွေးနွေးမီ နာယကကြီး၏ရှင်းလင်း တင်ပြချက်ကိုလည်း   လေ့လာ ကြည့်လျှင် မေးခွန်းများစွာ ထွက်ပေါ်လာခြင်း ရှိကြောင်း၊ ပူးပေါင်းကော်မတီ အနေဖြင့် အစီရင်ခံစာတင်ပြ ရာတွင် ဥပဒေသမား များပီပီ အတတ်နိုင်ဆုံး ရိုးသားစွာ ဆောင်ရွက်ကြပါဟု နာယကကြီးက တစ်ဆင့် ထပ်မံ တိုက်တွန်း ကြောင်း၊ နာယကကြီးအနေဖြင့် ဥပဒေနှင့်အညီသာ ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ပါရန် သုံးသပ်တင်ပြဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ခင်မောင်သန့်က  ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင် ဆင်သည့် ဥပဒေကြမ်းလေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် အကြောင်း အရာများကို လေ့လာကြည့်လျှင် ပြင်ဆင်ရန်တင်ပြသည့် ဥပဒေကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ပြင်ဆင်ရန် ဆွေးနွေးမှုများ၊ သဘောထား မှတ်ချက်များကို တိတိကျကျ  ဖော်ပြမထားဘဲ ပုဒ်မ ၂၆၁ ကိုပြင်မည်ဆိုလျှင် ဆက်နွှယ် နေသည့် ပုဒ်မများကိုစိစစ်ရမည်၊ ၂၁ ရာစုပင်လုံညီလာခံက အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စု သဘောတူ စာချုပ်အစိတ် အပိုင်း(၁)နဲ့ ကိုက်ညီမှုရှိရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁)က စတင်ပြင်ဆင်ခြင်းဖြင့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်နှင့် ရှေ့နောက်ညီညွတ်မှုရှိမည်၊  ပုဒ်မတစ်ခုချင်းစီကို ပြင်လျှင်ပြင်ရမည့် ဥပဒေကြမ်းများအား လွှတ်တော် ကို အကြိမ်ကြိမ် တင်သွင်းရမည်ဆိုသည့် အကြောင်း ပြချက်အမျိုးမျိုးနှင့် ၄၅ ဦးကော်မတီဖြစ်သည့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်း ဥပဒေနှင့် မညီဘဲ  ဆွဲထည့်ရန် ဆောင်ရွက်ခြင်းကိုတွေ့ရကြောင်း၊ အဆိုပါပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်း လို့ မရကြောင်းကို လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလိုဆွဲထည့်လိုခြင်းသည် အစုအဖွဲ့တစ်ခု၏ ဆန္ဒအရ ဆောင်ရွက်ပေးခြင်း ဟုယူဆကြောင်း၊ ပြင်ဆင်ရေး ပူးပေါင်းကော် မတီသည် ကော်မတီအစီရင်ခံစာ အပိုဒ် ၃(င) မှာပါသည့် ဦးတည်ချက် အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်ကိုသာ ပြုစုရေးဆွဲ ရမည်ဖြစ်ကြောင်း။

၄၅ ဦးပါဝင်သည့် ပြင်ဆင်ရေးပူးပေါင်း ကော်မတီသည်  ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ ၁ဝ၅ (က)အရ ဖွဲ့စည်း ထားခြင်း ဖြစ်သည့်အတွက် ကော်မတီ၏အစီရင်ခံစာ တွင်ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ နည်းဥပဒေ ၁ဝ၅ (က)က ဖော်ပြချက်သည် လွှတ် တော်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသား လူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးများနှင့် အခြား ရေးရာကိစ္စများကို လေ့လာတင်ပြစေရန် လိုအပ်ပါက အခြားပူးပေါင်း ကော်မတီ များကို လွှတ်တော် ကိုယ်စားလှယ်များဖြင့်  ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားကြောင်း၊ နည်းဥပဒေ၏ ဆိုလိုရင်းမှာ လေ့လာ တင်ပြရန်ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင် ရေးအတွက် ကော်မတီဖွဲ့ခွင့်ပြု ထားခြင်းမရှိ ဟုတွေ့ ရကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်လာသည်ဟုယူဆလျှင် ပြင်ဆင်နိုင်သည့် အခွင့်အရေးများ၊ ဥပဒေ၊ နည်းဥပဒေများမှာ  ခွင့်ပြု ပေးထားပြီးဖြစ်ကြောင်း။

 ဦးသိန်းထွန်း အပါအဝင် ကိုယ်စားလှယ် ၂ဝရာခိုင်နှုန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြုစုရေးဆွဲပြီး တင်ပြလာခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၅ အရ လေ့လာစိစစ် ရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃ တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို  ပြင်ဆင်လိုပါက အောက်ဖော်ပြပါ သတ်မှတ်ထားသောနည်း လမ်းအတိုင်း ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည့်အတွက် ဥပဒေတစ်ရပ်ရပ်ကိုပြင်ရန် ဥပဒေနှင့် အညီ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေ၏နိဒါန်း ပုဒ်မ ၁ မှ ပုဒ်မ ၄၅၇အထိနှင့်   ဇယား(၁)မှ(၅)အထိပါရှိချက် တွေအားလုံး ကို ပြင်ဆင်တာ မဟုတ်ကြောင်း၊ ရှေ့ရောက်ပြီးဖြစ်နေသည့် ဥပဒေနှင့်ညီသည့်  တင်ပြချက်ကို မည်သည့်အတွက် ကြောင့် နှောင့် နှေးအောင်လုပ်ချင်နေရသလဲ၊ ဘာကြောင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့် မပေးလိုရသလဲ ဆိုတာကို မေးခွန်းထုတ် စရာ ဖြစ်နေကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိတိကျကျ ဖွင့်ဆိုပြဋ္ဌာန်းပြီး ဖြစ်ကြောင်း၊ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် လုပ်ငန်းစဉ် အဆင့်ဆင့်ကို တိကျစွာဖော်ပြထားပြီးဖြစ် ကြောင်း၊ ရှင်းရှင်းလင်းလင်းဖော်ပြထားသည့် ဥပဒေကို လမ်းလွှဲသွေဖည်ပြီး ငါတို့ပြောသလိုသာလုပ်၊ မလုပ်ရင်လည်း များရာဆန္ဒမဲနှင့် ဆုံးဖြတ်မည်ဆိုသည့်သဘောမျိုးသက်ရောက် နေသည်ဟု ယူဆကြောင်း၊ ပုဒ်မ ၂၆၁ ပြင်ဆင် ရေးနှင့်ပတ်သက်ပြီး  တိုင်းရင်းသားများက လိုလားကြမည်ဖြစ်ကြောင်း၊ ကိုယ့်ဒေသအကြီး အကဲဖြစ် သည့် ဝန်ကြီးချုပ်ကို ကိုယ့်ဒေသခံ၊ ကိုယ့်တိုင်းရင်းသားက ခန့်အပ်ခြင်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့သည့် သာဓကများကို ကိုယ် စားလှယ်များ သိရှိပြီးဖြစ်ကြောင်း၊ ပုဒ်မ ၂၆၁ ကိုပြင်ဆင်ခြင်းသည် ဒီမိုကရေစီ စံနှုန်းများနှင့် အညီ အခြေခံ ဥပဒေပုဒ်မ  ၁၁၊ ပုဒ်မခွဲ(ခ)တွင် ဖော်ပြထားသည့် နိုင်ငံတော်အာဏာ သုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ် များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်ဟုဆိုသည့်  Power Sharing ကို တိုင်းဒေသ ကြီး/ ပြည်နယ်များ ကို ပိုမိုခွဲဝေပေးရာ ရောက်မည်ဖြစ်ကြောင်း၊ ပုဒ်မ ၂၆၁ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ် လွှတ်တော်များ၊  တိုင်းရင်းသားများက မျှော်လင့် နေကြမည် ဖြစ်ကြောင်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီသည် အဆိုပါဥပဒေ ကြမ်းကို ဥပဒေ နှင့်အညီ လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားခြင်းမရှိသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့် သွင်းဆောင်ရွက်ရန် မသင့်ကြောင်း၊ အသွင်သဏ္ဌာန်နှင့်  လုပ်ငန်းစဉ်ချင်း မတူညီသည့် ကော်မတီနှစ်ရပ်ကို တစ်ပေါင်းတည်းဆောင် ရွက်ရန်မဖြစ်နိုင်ကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)  ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ထည့်သွင်းဆွေးနွေးသည့်  အစီအမံသည် ဥပဒေ ပြဋ္ဌာန်းချက်ကို  မျက်ကွယ်ပြုခြင်းဟု ယူဆမိသည့်အတွက် အဆိုပါအစီရင်ခံစာကို လုံးဝကန့်ကွက်ကြောင်းနှင့် ဥပဒေကိုလိုက်နာ ကြရမည့် ဥပဒေပြုလွှတ်တော်အနေဖြင့် ဥပဒေနှင့် အညီသာ ဆောင်ရွက်ကြရန် အကြံပြု တင်ပြ ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်က ယခုတင်ပြဆွေးနွေးခြင်းသည်  ဥပဒေနှင့် အညီဖြစ်မည့် အခြေအနေကို ညွှန်းဆိုခြင်းဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း၊ အဖွဲ့အစည်းကို လည်းကောင်း၊ စွပ်စွဲ ပုတ်ခတ်၊ ဂုဏ်သိက္ခာညှိုးနွမ်း စေခြင်းကို ညွှန်းဆိုခြင်းမဟုတ်ကြောင်းနှင့် အခြေအနေတစ်ရပ်၏ လာရာနှင့်လားရာကို  ရှေ့နောက်ညီညွတ်မှု ရှိ၊ မရှိ သုံးသပ်နိုင်ရန်  ဖော်ပြခြင်းကို ထပ်မံတင်ပြခြင်းဆိုသည့် သဘောမပါဝင်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် ဥပဒေပြုလွှတ်တော်ထဲတွင် ဥပဒေနှင့်ညီသည် မညီဘူး စိစစ်ပြီး  ဥပဒေနှင့် ညီရန် ဦးစားပေး ဆောင်ရွက်ခြင်းသည် ဥပဒေကို လေးစားလိုက်နာပြီး မှန်ကန်သည့်ဆင်ခြင်တုံ တရားဖြစ်ကြောင်း၊ လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီသည် တင်သွင်းလာသည့်   ပြင်ဆင်ရန်ဥပဒေမူကြမ်းကို နည်းဥပဒေ ၁၃၅ အရ အသေးစိတ် စိစစ် လေ့လာရမည်ဖြစ်ကြောင်း ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က လုပ်ဆောင်ခဲ့သည့် နမူနာများ ရှိပြီးဖြစ်ကြောင်း၊   ဥပဒေ မူကြမ်းတင်သွင်းသူသည်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၅ နှင့် ပြည်ထောင်စု လွှတ် တော် ဆိုင်ရာ နည်းဥပဒေ ၁၃၃ နှင့်အညီ ပြင်ဆင်ရန်တင်သွင်းခြင်းဖြစ်ကြောင်း၊ ၎င်းကို သဘောထား မှတ်ချက် အဖြစ် သတ်မှတ်လို့ မရနိုင်သည့်Issue နှစ်ခုကိုဖော်ပြထားပြီး ပြင်ဆင်ရေးပူးပေါင်းကော်မတီ (၄၅ ဦးကော်မတီ) လုပ်ငန်းစဉ်ကို ထည့်သွင်းရေး ဦးစားပေး ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ပါ ပြဋ္ဌာန်းချက်များနှင့်   ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေအခန်း ၁၈ပါ ပြဋ္ဌာန်းချက်များကို  အလေးအနက် မထားဘဲ ဆောင်ရွက် နေသည်ဟု ထင်မြင် ယူဆရကြောင်း။

လက်ရှိနိုင်ငံတော်၏ အဓိက Power  Sharing များသည်  ၂ဝဝ၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖြစ်တည် လာမှုများ ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ကိုက်ညီခြင်းကြောင့် မိမိတို့  ပြည်ထောင်စုလွှတ်တော်တွင်   ဆွေးနွေးဆုံးဖြတ် ဆောင်ရွက် နေနိုင်ခြင်းဖြစ်ကြောင်း၊ မှန်ကန်သည့်အညွှန်းအသား Reality  ဖြစ်ကြောင်း၊ Neglect လုပ်၍   မရနိုင် ကြောင်း၊ Reality နှင့်   ကိုက်ညီ အပ်စပ်သည့် လုပ်ဆောင်ချက်များ   အောင်မြင်စွာအကောင် အထည်ဖော်နိုင် မည်ဖြစ် ကြောင်း၊ အနီးစပ်ဆုံး ဥပမာအနေဖြင့် ပြီးခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ၁၃ ရက်မြောက် နေ့က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၁ နာရီကြာ လွှတ်တော်၏ စံချိန်တင် ရှင်းလင်း တင်ပြခဲ့ရသည့် အခြေအနေနှင့်   အစည်းအဝေး ၁၄ ရက်မြောက်နေ့က အစီအစဉ် ၁၆ပါ ဆွေးနွေးခဲ့ရမှုများသည်  တည်ဆဲမြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို လုပ်ငန်းနှင့် ပတ်သက်သည့် Stake Holder နှင့် Key Player များက အလေးအနက်မထား  Neglect လုပ် ထား ခြင်းကို အားလုံး သိပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာ ခဲ့ရမှုကို ဖော်ပြ ထားကြောင်း၊ လက်ရှိ နိုင်ငံတော်၏ ဖွဲ့စည်းပုံ တည်ဆောက်ထားမှုဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို Neglect လုပ် အလေးအနက် မထားဘူးဆိုရင်  မည်မျှဆိုးရွား ပြင်းထန်မှုများ၊ ဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ်လာမလဲ ဆိုသည်ကို    မိမိတို့မတွေး ဝံ့စရာဖြစ်ကြောင်း၊ မိမိတို့အားလုံး သတိကြီးစွာ ထားစေခြင်းနှင့် သဘောထား ကြီးမားစွာ ရှုကြည့်ဆင်ခြင် စေချင်ကြောင်း။

နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် သက်ဆိုင်ရာနိုင်ငံများ၏ သမိုင်းကြောင်း အရ တန်ဖိုးထားသည့်    စံနှုန်း များအရ ကွဲပြားစွာဖြစ်တည်နေကြခြင်းဖြစ်ကြောင်း၊ တချို့နိုင်ငံများတွင် တစ်ဦးချင်းလွတ်လပ်ခွင့် နှင့်ပတ်သက်ပြီး  ကန့်သတ်ရန် လိုအပ်ရင် ဥပဒေပြဋ္ဌာန်းနိုင်ခွင့်ကို   ခြွင်းချက်နှင့်ထည့်သွင်းပြဋ္ဌာန်းထားခြင်းများ ရှိကြောင်း၊ ၎င်းက သက်ဆိုင်ရာ စံနှုန်းဖြစ်ကြောင်း၊  အဓိကက  မိမိနိုင်ငံနှင့် ကိုက်ညီအပ်စပ်မှုရှိရန်   ရှေးရှုကြကြောင်း၊ ယခုပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေမူကြမ်းသည် တိုင်းရင်းသား အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြား စေ့ရေး လုပ်ငန်းများကို တိုးတက် အကောင် အထည်ဖော်နိုင်ရေး၊ ဒီမိုကရေစီအားကောင်း ခိုင်မာစေပြီး   တည်ငြိမ်မှုကို တိုးမြှင့်နိုင်ရေး လက်တွေ့ကျကျ လိုအပ်နေတာဖြစ်ခြင်းကြောင့် ပြည်ထောင်စု လွှတ်တော်က နှောင့်နှေးစေမှုကို ဖန်းတီးခြင်း မဖြစ်စေရန် အလေးအနက် ဂရုပြု ရမည်ဖြစ်ကြောင်း။

၄၅ ဦးကော်မတီ၏ လားရာသည် ကော်မတီဖြစ်တည်ရန် တင်သွင်းခဲ့သည့် အဆိုရှင် ကိုယ်တိုင်   ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း  ၁၂ပါ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အလေးအနက်ထား တင်သွင်းပြီး  အတည်ပြုခြင်းဖြစ်ကြောင်း၊   ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ Mandate၊ Process အားလုံးသိပြီး ဖြစ်ကြောင်း၊ လအတန်ကြာ နောက်ရောက်နေသည့် Process တစ်ခုတည်းမှာ လက်ရှိ ဥပဒေမူကြမ်း အဆင့် တင်သွင်း ရောက်ရှိနေသည့် Process တစ်ခုကို ရောနှောလိုက်ခြင်းသည်  Logically အရ  သင့်မြတ်မှုမရှိခြင်း တွေ့ရကြောင်း၊ ဥပဒေပြု လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်မှာ တရားဥပဒေ စိုးမိုးရေးကို ညွှန်ပြနိုင်မည့် Legally လိုက်ပါနိုင်ရန် လိုအပ်သည့် အဓိပ္ပာယ်ပြည့်ဝခိုင်မာ မှန်ကန်ရေးကို  ညွှန်ပြနိုင်မည့်Legally လိုက်ပါ နိုင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေး လုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂၊ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ အခန်း ၁၈ ပါအတိုင်း ဆောင်ရွက်ရန်သာ ရှိကြောင်း။    

လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာသည် ဥပဒေနှင့်အညီ ဖြစ်စေနိုင်မှုကို ထွေပြား ဝေဝါးစေသည့် ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်နှောင့်နှေးစေမှုကို  ဖန်တီးဖြစ်ခြင်းကြောင့် သင့်မြတ်မှုမရှိကြောင်း၊ထို့ကြောင့် တိုင်းရင်းသားအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအားကောင်း ခိုင်မာစေသည့် တည်ငြိမ်မှုကို တိုးမြှင့်နိုင်ရေး အတွက် လက်တွေ့ကျသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေး တင်သွင်းထား သည့် ဥပဒေ မူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နှင့်အညီ အလေး အနက်ထား ဂရုပြု ဆောင်ရွက်ရန်တိုက်တွန်းကြောင်း တင်ပြဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသန့်ဇင်က ဦးသိန်းထွန်းနှင့်အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ တို့အရ လက်မှတ်ရေးထိုး တင်ပြလာသော ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၆၁၊  ပုဒ်မခွဲ ခ၊ ဂ၊ ဃ နှင့် င တို့ကိုသာပြင်ဆင်ရန်  တင်ပြခဲ့ကြောင်း ကိုလေ့လာ တွေ့ရှိရကြောင်း၊ အဆိုပါဥပဒေမူကြမ်းကို    လေ့လာစိစစ်ရန် ''ဖွဲ့စည်းပုံအခြေခံဥပဒေကို  ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ''ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၅ နှင့်အညီ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ လေ့လာစိစစ်ရေးပူးပေါင်းကော် မတီသည် ဥပဒေမူကြမ်းပါ ပြဋ္ဌာန်းချက်များကို စိစစ်ခြင်းမပြုဘဲ ၄၅ ဦးပါဝင်သည့် ''ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ''၏ လုပ်ငန်းစဉ်များတွင် တစ်ပါတည်းထည့်သွင်း ဆောင်ရွက်သင့်သည်ကို သဘောထား မှတ်ချက်ပေးထားကြောင်း။

ဦးသိန်းထွန်းအပါအဝင်   ကိုယ်စားလှယ် ၁၄၃ ဦးက ဥပဒေနှင့်အညီ တင်ပြလာသော ဥပဒေကြမ်းတစ်ရပ်အပေါ်  ဖြေရှင်းနိုင်သည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ နည်းလမ်းနှင့် အခြေအနေများရှိပါလျက် ဆက်လက်အရေး ယူဆောင် ရွက်ခြင်း မပြုဘဲ  ၄၅ ဦးပါကော်မတီတွင် ထည့်သွင်းခြင်းက တည်ဆဲဥပဒေများကို မျက်ကွယ်ပြုရာရောက်မည်ဖြစ်၍   အစီရင် ခံစာကိုကန့်ကွက်ကြောင်း၊ ၄၅ ဦးပါပူးပေါင်း ကော်မတီအပေါ်ပေးအပ်ထားသည့် တာဝန်များအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိဒါန်း၊ ပုဒ်မ ၁ မှ ပုဒ်မ ၄၅၇ အထိနှင့် ဇယား (၁)မှ ဇယား(၅) အထိပါရှိသော ပြဋ္ဌာန်းချက်အားလုံးကို ပြင်ဆင်ရန်ဖြစ်ကြောင်း၊  ¤င်းကော်မတီတွင် ပေါင်း၍ပြင်ဆင်ပါက ဥပဒေမူကြမ်းပြင်ဆင်ရေး လုပ်ငန်းစဉ်များကြားတွင် အချိန်ကြာမြင့်ပြီး လွှတ်တော်၏ ဂုဏ်သိက္ခာအပေါ်၌လည်း ဒွိဟဖြစ်စရာ သံသယပွားစရာဖြစ်စေကြောင်း၊ ဦးသိန်းထွန်း တင်ပြခဲ့သော ဥပဒေမူကြမ်းသည် အချိန်တိုအတွင်း ဆက်လက်ဆွေးနွေးဆုံးဖြတ်အတည်ပြုရန်သာ ကျန်ရှိတော့ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း အခန်း(၁၂)၊ ပုဒ်မ ၄၃၃ တွင် ''ဤ ဖွဲ့စည်းပုံ  အခြေခံဥပဒေ ပါပြဋ္ဌာန်း ချက် တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက အောက်ဖော်ပြပါ သတ်မှတ်ထားသော နည်းလမ်းအတိုင်း ဆောင်ရွက်ရ မည်'' ဟု ပါရှိကြောင်း၊ ပုဒ်မ ၂၆၁ တစ်ခု တည်းကိုသာ ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်ခြင်းသည်လည်း ဥပဒေနှင့် ညီညွတ် မှုရှိသည်ကို တွေ့ရှိရကြောင်း၊ ၄၅ ဦးပါ ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင်လည်း ထည့်သွင်းရန် မလိုအပ်ဘဲ  သီးခြား ဆောင်ရွက်နိုင်ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို ဆောင်ရွက်မည်ဆိုပါက   ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း (၁၁) နှင့် နည်းဥပဒေအခန်း (၁၈)ပါ ပြဋ္ဌာန်းချက်များ အတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဤပြဋ္ဌာန်းချက်များမှ သွေဖည်ဆောင်ရွက်၍မရကြောင်း၊  ဥပဒေ မူကြမ်း  စတင်တင်သွင်းသည်မှစ၍  ဥပဒေ အဖြစ်ထုတ်ပြန်ခြင်းအထိ အသေးစိတ်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။

ဦးသိန်းထွန်းနှင့်အဖွဲ့ တင်သွင်းလာသည့် ဥပဒေမူကြမ်း၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီ စံနှုန်းများနှင့်အညီလွတ်လပ်၍ တရားမျှတရန်၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုအခွင့်အရေး ရရှိစေရန်၊ တိုင်းရင်းသားများ၏ လိုလားချက်ကို  အလေး ဂရုပြု ဖော်ဆောင်ပေးရန်ဆိုသည့်  ရည်ရွယ်ချက်ကောင်းများပါရှိကြောင်း၊  တိုင်းရင်းသား အများစုကလည်း   ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးခွင့်ရရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး တို့ကို မျှော်လင့် တောင့်တလျက်ရှိကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း အား ဥပဒေနှင့် အညီ လွှတ်တော်ကြီးက ဆက်လက်ဆောင်ရွက် သင့်ကြောင်း။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများကို တိုးတက်အကောင်အထည် ဖော်လျက်ရှိပြီး  တိုင်းရင်းသားအရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုအထူးအလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း(၁)နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက်အရ   ဖက်ဒရယ်ပြည် ထောင်စု မူတွင် ''နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသော ပြည်ထောင်စု အဖြစ် ဖွဲ့စည်း ရမည်။  ဒီမို ကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသော  ပြည်ထောင်စုကို  တိုင်းဒေသကြီး/ပြည်နယ်များဖြင့်  ဖွဲ့စည်းရမည်''  ဟု သဘောတူထားပြီးဖြစ်ကြောင်း၊ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပြဋ္ဌာန်းခြင်းသည်    ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို ပိုမိုအား ကောင်းလာစေရန်  ဦးတည် လုပ်ဆောင်သည့် အတွက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ   ဆက်လုပ်ဆောင်သင့်ကြောင်း။

အမျိုးသားညီလာခံအခြေခံမူ ၁ဝ၄ ချက်ပါ အုပ်ချုပ်ရေးနှင့်ပတ်သက်သည့်   အခြေခံမူများ ငါးချက်မှ တစ်ချက်ဖြစ်သည့် ''နိုင်ငံတော် အုပ်ချုပ်ရေးအာဏာကို   ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ခွဲဝေအပ်နှင်း သည်။ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ စီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ   သတ်မှတ်ပေးသည့် အတိုင်း ခွဲဝေအပ်နှင်းသည်'' ဟု  ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁) အခြေခံမူများ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းထား ရှိကြောင်း၊ အမျိုးသားညီလာခံ၏အခြေခံမူများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံမူများ အနှစ်သာရ များ အရ ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုက်ပါက ဒီမိုကရေစီ၏ စံနှုန်းများ၊ တိုင်းရင်းသားတို့၏ လိုလားချက်များကို  မြှင့်တင်နိုင် မည်ဖြစ်သဖြင့်  ဤဥပဒေကြမ်းကို အချိန်ကြန့်ကြာမှုမရှိဘဲ မလွဲမသွေ ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း။

အခြေခံဥပဒေပြင်ဆင်ရေးပြဋ္ဌာန်းချက်များနှင့် ပြည့်စုံစွာတင်ပြလာသော ဥပဒေမူကြမ်းတစ်ခုကို ဥပဒေနှင့်အညီ ပြင်ဆင်နိုင် ပါလျက် နှင့် ၄၅ ဦးပါ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်း ခြင်းသည်  သင့်၊ မသင့်  သတိပြုဆင်ခြင်သင့်ကြောင်း၊ ဥပဒေပြုမဏ္ဍိုင်၏ အမြင့်ဆုံးဖြစ်သည့် ပြည်ထောင်စု လွှတ်တော်ကြီး အနေဖြင့် ဥပဒေကို လေးစားလိုက်နာမှု၊ ဖြောင့်မတ်မှန် ကန်စွာရပ်တည်မှုတို့ကို   ဦးထိပ်ထားကာ  လွှတ်တော်ရေးရာ ကိစ္စရပ်များကို ဆောင်ရွက် သင့်ကြောင်း အကြံပြုဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်က ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ ရှိချက်နှင့်  သဘော ထားမှတ်ချက်အစီရင်ခံစာ၏ အပိုဒ်(၃)မှာပြင်ဆင်ရေးပူးပေါင်းကော်မတီအပေါ် ပေးအပ် ထားသည့် တာဝန်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ခုနှစ်)နိဒါန်း၊ ပုဒ်မ ၁ မှ ပုဒ်မ ၄၅၇  အထိနှင့် ဇယား (၁) မှ (၅)အထိ  ပါရှိသော  ပြဋ္ဌာန်းချက်များအားလုံးကို  သုံးသပ်ပြင်ဆင်နိုင်ရန်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဖော်ပြထားသည့် အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)  ပြင်ဆင်ရေး 

ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတင်ပြနိုင်ရန်  နှစ်နှင့်ချီပြီးကြာမြင့်နိုင်သည်ဟု မှန်းဆကြည့်နိုင်ကြောင်း၊ အဆိုပါ အစီရင်ခံ စာကို ပြည်ထောင်စု လွှတ်တော်မှာဆွေးနွေးခြင်း၊ အဆုံးအဖြတ်ရယူခြင်း၊  ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ဥပဒေ မူကြမ်း အပေါ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်းဖြင့် အခြေခံဥပဒေပြင်ဆင်ခြင်းသည် အချိန်များစွာ  ကြာမြင့် နိုင် ကြောင်း သုံးသပ် တွေ့ရှိရကြောင်း။

ဦးသိန်းထွန်း အပါအဝင်  ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက တင်သွင်းသည့် ဒုတိယအကြိမ် အခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်)ပြင်ဆင်ခြင်း ဥပဒေမူကြမ်းသည် ဥပဒေမူကြမ်းအဆင့် ရောက်ရှိနေပြီး   ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ  နည်းဥပဒေပုဒ်မ  ၁၃၅၊ ပူးပေါင်းကော်မတီဖွဲ့ပြီး   စိစစ်စေရမည်ဟု ဖော်ပြချက်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ နည်း ဥပဒေပုဒ်မ  ၁၃၆  မှ  ၁၄၃ ထိကို ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ   ဥပဒေကြမ်းအဆင့် ရောက်အောင်  အချိန် ကာလများစွာကြာမြင့်အောင် ဆောင်ရွက်ရမည့်  ၄၅ ဦး ပူးပေါင်းကော်မတီသို့ လွှဲပြောင်းပေးခြင်းသည် နည်းဥပဒေ နှင့်အညီ   ဆောင်ရွက်ခြင်း မဟုတ်ဘဲ တိုင်းရင်းသားများ အပါအဝင် ပြည်သူအများကို   များစွာ စိတ်ပျက် စေမည်ဖြစ် ကြောင်း၊ ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအပိုဒ်(၆)တွင် နိုင်ငံတော်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော   ပြည်ထောင်စု အဖြစ်ဖွဲ့စည်းရမည်ဟူသည့် အချက်နှင့် ကိုက်ညီမှုရှိစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူ များမှ   စတင်ပြင်ဆင်မှသာဟု   ဖော်ပြထားကြောင်း။

ဖက်ဒရယ်စနစ်မှာ အနည်းဆုံးအစိုးရနှစ်ရပ် ရှိရမည်ဟု  သတ်မှတ်ချက်ရှိကြောင်း၊ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ၁၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်းတစ်ခု၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခုများကို အစိုးရအဖြစ် ခန့်အပ်နိုင်ရန် ပြဋ္ဌာန်းပေးထားကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှာ သီးခြားအုပ်ချုပ်ရေးအဖွဲ့၊  ဥပဒေပြုအဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့ များ ဖွဲ့စည်းနိုင်ရန် ပြဋ္ဌာန်းထားသည့်အတွက်  ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ် ထင်ရှားသော ဝိသေသ များဖြင့် ဖွဲ့စည်း ထားမှုကို ရှင်းလင်းစွာတွေ့ရှိရမည်ဖြစ်ကြောင်း၊ ဦးသိန်းထွန်းအပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက ပြင်ဆင်ရန် တင်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်း တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ  ၂၆၁  ပုဒ်မခွဲ(၁)ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တာဝန်ပေးအပ်နိုင်ရန်ဟု လည်းကောင်း၊ ပုဒ်မခွဲ (ခ)၏  ပုဒ်မခွဲငယ်(၁)ကို  သက်ဆိုင်ရာတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များထဲမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်  ပြည့်စုံသောသင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား  ဆန္ဒမဲဖြင့် ရွေးချယ်ရမည်ဟုလည်းကောင်း၊ ပုဒ်မခွဲ(ခ)၏ ပုဒ်မခွဲငယ်(၂)ကို ဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် ကိုယ်စားလှယ်၏ အမည်စာရင်းကို နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်ဟု လည်းကောင်း၊

ပုဒ်မခွဲ(ဂ)ကို  နိုင်ငံတော်သမ္မတသည်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကဆန္ဒမဲဖြင့်ရွေးချယ်ထားသည့် လွှတ်တော်ကိုယ် စားလှယ်အား သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရ မည်ဟု လည်းကောင်း ပြင်ဆင်ထား ခြင်းဖြစ်သည့်အတွက် လက်ရှိအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(ခ)ပါ  နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ်   ခန့်အပ်ရန်ဟု  ပြဋ္ဌာန်းထား ခြင်းနှင့် နှိုင်းယှဉ်ပါက ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် ပိုမိုပီပြင် ထင်ရှားသောဝိသေသ လက္ခဏာကို ဖော်ဆောင်နိုင်ကြောင်း တွေ့ရှိရမှာ ဖြစ်ကြောင်း။

ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးသွားရာတွင် ဒီမိုကရေစီနည်းလမ်းတကျ များရာမဲနှင့် လွှတ်တော်ထဲမှာ   ဆုံးဖြတ် အတည်ပြု ရတာ လွှတ်တော်ရဲ့   အစဉ်အလာပဲဖြစ်ပါတယ်လို့ ဆွေးနွေးသွားသည်ကိုလက်ခံကြောင်း၊ အခု ပူးပေါင်း ကော်မတီ ၏ အစီရင်ခံစာတင်ပြခြင်းသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်း ဥပဒေပုဒ်မ ၁၃၆ နှင့်အညီ ပူးပေါင်း ကော်မတီ၏ ဥပဒေတစ်ပိုဒ်ချင်းစီ အလိုက် စိစစ်သုံးသပ် ထားသည့် ဥပဒေမူကြမ်း ကန့်လန့်ဖြတ်ဇယား နှင့်အတူ တင်ပြရမည့် အစား ဥပဒေမူကြမ်းအား ၄၅ ဦး ပူးပေါင်းကော်မတီသို့ လွှဲပြောင်းပေးရန်ဟု သုံးသပ်တင်ပြခြင်းသည် နည်းဥပဒေနှင့် မညီသည့်အတွက် အစီရင်ခံစာအား မဲခွဲဆုံးဖြတ် အတည်ပြုရမည်မဟုတ်ကြောင်းနှင့် မဲခွဲဆုံးဖြတ်ခဲ့သည့်  များရာ မဲအနိုင်ရခဲ့လျှင်လည်း ဥပဒေနှင့်မညီသည်ကို  ထောက်ပြ ဆွေးနွေးလိုကြောင်း၊ အဆိုပါ ကိုယ်စားလှယ်က ဆက်လက်ဆွေးနွေးရာတွင် ဥပဒေဆိုတာ အတိတ်ကာလက စီမံအုပ်ချုပ်ခဲ့ကြသည့် လောဘ၊ ဒေါသ၊ အတ္တ၊  မာန မကင်း သည့်  သာမန်ပုထုဇဉ်လူသားများကပဲ  ရေးဆွဲထားခြင်းဖြစ်လို့  ဘုရားဟောကျမ်းဂန်လို  အမှန် တရားများနှင့် ပြည့်စုံမှာ မဟုတ်ဘူးဟု ဆွေးနွေး ခဲ့ကြောင်း၊ ယခုဥပဒေပြင်ကြမည့်သူများတွင်   လောဘ၊ ဒေါသ၊ အတ္တ၊ မာနများ  ကင်းကြပြီ လားဟု မေးခွန်းထုတ်ချင်သော်လည်း မေးခွန်းမထုတ်တော့ကြောင်း သေချာတာက မိမိတို့ အားလုံးသည်   သာမန် ပုထုဇဉ်များဖြစ်ကြကြောင်း။

တစ်ချိန်က နိုင်ငံအကြီးအကဲတစ်ဦးပြောခဲ့သည့် လမ်းတွေ၊ တံတားတွေ တစ်ရက်စောပြီးရင် ပြည်သူလူထုအတွက် တစ်ရက်ပို အကျိုးပြုနိုင်သည်ဟု စကားအတိုင်း ပုဒ်မ ၂၆၁ ကို မြန်မြန်ပြင်နိုင်ရင် တိုင်းရင်းသားပြည်သူများအတွက် မြန်မြန် အကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သွားမည့်လမ်းတူပါလျက်နှင့် ဘယ်မောင်း၊ ညာမောင်း ငြင်းမနေကြဘဲ အမြန်ဆုံး ခရီးပေါက်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုကြောင်း၊ နိဂုံးချုပ် အနေဖြင့် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ကန့်ကွက်ကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ၄၅ဦး  ပူးပေါင်း ကော်မတီမှာ ထည့်သွင်း ဆွေးနွေးခြင်း မပြုဘဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၃၊၄၃၄၊ ၄၃၅၊ ၄၃၆ ပါ သတ်မှတ်ပြဋ္ဌာန်း ချက်များ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၃၃ မှ ၁၄၃ ထိပါ ပြဋ္ဌာန်းချက်များနှင့် အညီ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားပါဟု   တိုက်တွန်းကြောင်း တင်ပြဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ ဦးတင်အောင်ထွန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၅ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ တို့အရ လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ် ၂၆၁၊ ပုဒ်မခွဲ (ခ) (ဂ) (ဃ) နှင့် (င)တို့ကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း လာခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအပေါ် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ကျင်းပစဉ်က ပြင်ဆင်ရန် ဆောင်ရွက်ခဲ့သည့် လုပ်ငန်း စဉ်၊ တည်ဆဲ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်းချက်များဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

ကျွန်တော်တို့သည် တည်ဆဲဥပဒေနှင့် လိုက်နာဆောင်ရွက်ရန် လိုအပ်သလို လွှတ်တော်၏ ဆောင်ရွက်ခဲ့သည့်    အစဉ် အလာကိုလည်း  ထိန်းသိမ်းဖို့လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည် ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေအခန်း(၁၁)ပါ  ဥပဒေပုဒ်မ ၆၇၊ ၆၈၊ ၆၉၊ ၇ဝ ၊ ၇၁ ဆိုသည့်  ပုဒ်မငါးခုကို ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း၊ ယခု ပြည်ထောင်စုလွှတ်တော်တွင်  ပေါ်ပေါက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်

ပြင်ဆင်သည့် ဥပဒေမူကြမ်းသည် ပုဒ်မ ၆၇၊ ၆၈၊ ၆၉ ညီညွတ်ခဲ့ပါသလား၊ ညီညွတ်ခဲ့သည် ဆိုပါက ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၉ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များ၏ စုစုပေါင်း  ၂ဝ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးရမည်ဟုပါရှိကြောင်း၊ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ အခန်း(၁၈)တွင် နည်းဥပဒေအပိုဒ် ၁၃၃၊ ၁၃၄၊ ၁၃၅၊ ၁၃၆၊ ၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄ဝ၊ ၁၄၁၊ ၁၄၂၊ ၁၄၃ ဆိုပြီး  အပိုဒ် ၁၁ ပိုဒ် ရေးဆွဲ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။

နည်းဥပဒေ အပိုဒ် ၁၃၃ တွင်  ဖွဲ့စည်းပုံ အခြေခံဥပဒေပါ   ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်လိုကြောင်းအဆိုကို   ဥပဒေမူကြမ်း အဖြစ်ရေးသားပြီး လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက လက်မှတ်ရေး ထိုး၍ နာယကထံတင်ပြလာ ပါက လွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ဆိုသည့်အတွက် လွှတ်တော်က လက်ခံ ဆွေးနွေး ပေးရမည်ဖြစ်ကြောင်း၊ ပုဒ်မတစ်ခုတည်းကို အခြားကော်မတီတစ်ရပ်ရပ်က လေ့လာသုံးသပ်နိုင်မည့်   အခြေ အနေ ရှိ၍ဆိုသည့် ကန့်သတ်ချက်မျိုးသည် ဥပဒေနှင့်နည်းဥပဒေ များတွင်မပါရှိသည်ကို တွေ့ရှိရကြောင်း၊ အရေး ကြီးသည့် အချက်သည် ၂ဝရာခိုင်နှုန်းကျော် လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေအတိုင်းဆောင်ရွက်ပိုင်ခွင့် အခွင့်အရေးကို  ပိတ်ပင် တားဆီးလိုက်သလိုမျိုး မဖြစ်ရန် လိုအပ်ကြောင်း၊   နည်းဥပဒေ ၁၃၅ တွင် ဖွဲ့စည်းပုံအခြေခံ ဥပ ဒေကို ပြင်ဆင်ရန် ဥပဒေ မူကြမ်းနှင့်စပ်လျဉ်း၍   လွှတ်တော်အစည်းအဝေး၌   ဆွေးနွေးခြင်းမပြုမီ   အသေးစိတ်

လေ့လာ စိစစ်ရန်   နာယကသည်  ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီနှင့်  အမျိုး သားလွှတ်တော် ဥပဒေကြမ်း ကော်မတီ တို့ကို ကာလသတ်မှတ်၍     ပူးပေါင်းကော်မတီဖွဲ့စည်းပြီး လေ့လာစိစစ်စေရမည်ဟု ပြဋ္ဌာန်းထားကြောင်း။

ဥပဒေကြမ်းပူးပေါင်းကော်မတီလို့သာ ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အသေး စိတ်လေ့လာစိစစ်သည့်    လုပ်ငန်းလုပ်ရန် အတွက် သဘောတရားသာဖြစ်ကြောင်း၊ ယခု သည် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ရမည့် လုပ်ငန်းဖော်ပြချက်ကို ကော်မတီအမည်ပေး ထားသည်သာဖြစ်နေကြောင်း၊   နည်းဥပဒေ

ပုဒ်မ ၁၃၇ အရ ပြင်ဆင်သည့် ဥပဒေမူကြမ်း ကိုသာ ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ယခုကျွန်တော်တို့သည် အစီရင်ခံစာ အပေါ် ဆွေးနွေးနေရကြောင်း၊ နည်းဥပဒေ ၁၃၈ အရဆိုရင်လည်း ပြင်ဆင်သည့်ဥပဒေမူကြမ်းတွင် ပါရှိသည့်ပုဒ်မပါ ကိစ္စရပ် မဟုတ်သည်ကို ဆွေးနွေး နေရသည့် အခြေအနေကို ရောက်နေကြောင်း၊ ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၄၅၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရန်  ယခု လွှတ်တော်ကသာ ဆောင်ရွက်ခဲ့ကြောင်း၊ ပထမ အကြိမ်ဆောင်ရွက်စဉ်က လွှတ်တော် ကိုယ်စားလှယ် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းက လက်မှတ် ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်နာယက ထံ ပြင်ဆင်သည့် ဥပဒေမူကြမ်းတင်သွင်းခဲ့ သည်ဖြစ်ကြောင်း၊ ထိုအချိန်က ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေဖြင့်  လေ့လာ စိစစ်ပြီး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်နိုင်ရန်အတွက် သာ လေ့လာ သုံးသပ် အစီရင်ခံခဲ့ကြောင်း။

ကျွန်တော် ယခုဆွေးနွေး တင်ပြ နေမှုများသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင် ဆောင်ရွက် ခဲ့မှုသည် မှန်ကန်ကြောင်း၊ ဒုတိယအကြိမ်၌ ဆောင်ရွက် တာသည် မှားသည်ဟု ဆွေးနွေးနေခြင်း မဟုတ် သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ခြင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအတိုင်း    အလေးအနက်ထား ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးတင်ပြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်  (၁၁)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး  ၁၆ရက်မြောက်နေ့ကို မတ် ၁၅ ရက် တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။           

အောင်လင်းဦး(မြဝတီ)

 

Read 240 times Last modified on Friday, 15 March 2019 10:02